Helen Adams Keller (June 27, 1880 – June 1, 1968)

Helen Keller ဟာ အလင်းမမြင်၊ အသံမကြားတဲ့ အမှောင်လောက မှာသာ စမ်းတဝါးဝါး ရှင်သန်ခဲ့ ရသူဖြစ် တယ်။ ဒါပေမယ့် သူ့ရဲ့ မဆုတ်မနစ် ဇွဲလုံ့လနဲ့ အရှုံးမပေးတဲ့ စိတ်ဓာတ်က ထူးဆန်း အံ့သြမှုတွေကို ဖန်ဆင်းပေးခဲ့ ပါတယ်။

၁၉၆၈ ခုနှစ် ဇွန်လ ၁ရက်နေ့ ညနေမှာ Helen Keller ဟာ အိပ်စက်ရင်းနဲ့ ကွယ်လွန် သွားခဲ့တယ်။ သူကွယ်လွန်ချိန် အသက် ၈၇နှစ်ဖြစ်ပါတယ်။ Kellerဟာ မွေးဖွားပြီး ၁၉လသား အရွယ်တည်းက မျက်မမြင်၊ ဆွံ့အနားမကြား သူဖြစ်ခဲ့တယ်။ ဒါတောင် သူတစ်သက်ကို ထူးခြား ဆန်းကြယ်မှု အပြည့်နဲ့ ဖြတ်သန်း ခဲ့ပါတယ်။

Helen Kellerကို ၁၈၈ဝခုနှစ် အမေရိကန်နိုင်ငံ Alabamaပြည်နယ်မြောက်ပိုင်းက Tuscumbia ဆိုတဲ့မြို့ မှာ မွေးဖွားခဲ့တယ်။ သူတစ်နှစ်ခွဲသားအရွယ်မှာ အပြင်းဖျားနာခဲ့လို့ မျက်မမြင်၊ နားမကြားသူဖြစ်ခဲ့ရတယ်။ တစ်ဆက်တည်းမှာပဲ စကားပြောနိုင်တဲ့စွမ်းရည်လည်း ဆုံးရှုံးခဲ့တယ်။ အဲဒီလို အမှောင်ဘဝ အထီးကျန် ကမ္ဘာထဲမှာ ဖြတ်သန်းရင်း စာဖတ်၊ စကားပြောတဲ့အလုပ်ကို သူသင်ယူတတ်မြောက်ခဲ့တယ်။ အဲဒီနောက် ထူးကဲတဲ့အဆင့်နဲ့ Radcliffe Collegeကနေ ဘွဲ့ရခဲ့တယ်။ သူဟာ စာပေကျမ်းဂန်နှံ့စပ်သူဖြစ်တဲ့အပြင် အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမဏီ၊ လက်တင်၊ ဂရိစတဲ့ ဘာသာစကား၅မျိုးတတ်တဲ့ နာမည်ကြီးစာရေးဆရာ၊ ပညာရေးပညာရှင်ဖြစ်ခဲ့တယ်။ အမေရိကန်နိုင်ငံနဲ့ ကမ္ဘာ့အရပ်ရပ်ကို သူလှည့်လည်ပြီး မျက်မမြင် ကျောင်းတွေ အတွက် ရန်ပုံငွေရှာခဲ့တယ်။ သူ့တစ်ဘဝလုံးကိုလည်း မျက်မမြင်သူတွေအတွက် လူမှုဖူလုံရေးအထောက်အပံ့နဲ့ ပညာရေးမှာ ပေးဆပ်ခဲ့တယ်။ နိုင်ငံတကာက ပြည်သူလူထုရဲ့ အားပေးထောက်ခံမှုကို သူရခဲ့သလို နိုင်ငံတော်တော်များများက ဆုပေးချီးမြှင့်ခြင်းကိုလည်း ခံခဲ့ရတယ်။

ဆွံ့အနားမကြားသူတစ်ယောက်အတွက် အမှောင်လောကကိုဖယ်ရှားပြီး အလင်းဆီရောက်နိုင်ဖို့ အရေးကြီး ဆုံးအချက်က စာတတ်ဖို့ပဲဖြစ်တယ်။ စာတတ်ရာကနေ စာဖတ်တတ်ဖို့အထိ သာမန်လူထက် အင်အား ပိုစိုက်ထုတ်ရမယ်ဆိုတာကို Kellerသိခဲ့တယ်။ သူဟာ လက်ညိုးကိုအသုံးပြုပြီး ဆရာမAnne Sullivan ရဲ့နှုတ်ခမ်းကိုထိပြီး လည်ချောင်းရဲ့တုန်ခါမှု၊ နှုတ်ခမ်းရဲ့လှုပ်ရှားမှုနဲ့ မျက်နှာအမူအရာကို သင်ယူခဲ့တယ်။ ဒါပေမယ့် ဒါတွေဟာ အတိအကျမဖြစ်ခဲ့ပါဘူး။ စကားလုံးတစ်ခု ဒါမှမဟုတ် စကားတစ်ခွန်း ကို ကောင်းစွာ အသံထွက်နိုင်ဖို့ Keller အကြိမ်ကြိမ်လေ့ကျင့်ခဲ့တယ်။ အရှုံးရှေ့မှာ သူဒူးမထောက်ခဲ့ပါဘူး။

၇နှစ် ကျောင်းစနေတဲ့အရွယ်ကနေ Radcliffe Collegeမှာ ကျောင်းပြီးတဲ့အထိ ၁၄နှစ်အတွင်း Keller ဟာ ဆွေမျိုးသားချင်း၊ မိတ်ဆွေ အပေါင်းအသင်းနဲ့ ကျောင်းနေဖက်သူတွေဆီ စာတွေအမြဲရေးပို့ ခဲ့တယ်။ ရေးတဲ့စာတွေထဲမှာ သူကြားရတဲ့အရာတွေ ဒါမှမဟုတ် သူ့ခံစားချက်တွေ ဒါမှမဟုတ် သူနားထောင်ရတဲ့ ပုံပြင်တွေကို စိတ်ဝင်တစား ရေးသားထားပါတယ်။

သူကောလိပ်တက်စက ပြဌာန်းစာအုပ် တော်တော် များများမှာ မျက်မမြင်စာအုပ် မရှိခဲ့ပါဘူး။ တစ်ယောက်ယောက်က စာအုပ်ပါ အကြောင်းအရာကို သူ့လက်ပေါ် ချရေးပေးခဲ့ ရပါတယ်။ ဒါကြောင့် ပညာသင်ယူဖို့ တခြားကျောင်းသားတွေထက် သူအချိန်တွေ ပိုပေးခဲ့ရတယ်။ တခြားကျောင်းသားတွေ ကျောင်းဝင်းပြင်ပမှာ ကစားပျော်ပါးနေချိန် သူက စာသင်ခန်းထဲမှာပဲ စာတွေကို ကြိုးစားသင်ယူနေခဲ့ရပါတယ်။

အမှောင်ထဲကနေ Kellerလျှောက်လှမ်းထွက်ပြီး ပညာရေးမှာ ထူးချွန်ထက်မြက်သူဖြစ်ခဲ့တာက သူကိုယ်တိုင် ကြိုးစားမှုအပြင် ဆရာမSullivanရဲ့သင်ပြမှုကြောင့်လည်း ပါပါတယ်။ Keller က “ကျွန်မတို့ အိမ်ကို ဆရာမSullivanရောက်လာတဲ့နေ့ဟာ ကျွန်မတစ်သက်တာရဲ့ အရေးပါဆုံးနေ့တစ်နေ့ပါပဲ။ သူ့ကြောင့် ကျွန်မရဲ့စိတ်ဓာတ်ခွန်အားတွေ တိုးမြင့်ခဲ့ပါတယ်” လို့ပြောခဲ့ပါတယ်။ ဆရာမ Sullivanက Kellerကို စာတတ်အောင် သင်ပေးခဲ့တယ်။ အရာဝတ္ထုတိုင်းရဲ့အမည်ကို သိစေခဲ့ တယ်။ ပြီးတော့ “မေတ္တာတရား”ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကိုလည်း သိအောင် သင်ပေးခဲ့ပါတယ်။

Kellerဟာ ငယ်ငယ်က အပြင်းအထန်ဖျားနာပြီးနောက် မှုန်တေတေ၊ ရိုင်းစိုင်းစိုင်းနေတတ်သူဖြစ်တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ပညာတတ်ယဉ်ကျေးသူတစ်ဦးဖြစ်ခဲ့တယ်။ ဒီလိုထူးခြား ဆန်းကြယ်မှုထဲမှာ သူ့ကို သင်ပြတဲ့ ဆရာမရဲ့အားထုတ်မှု၊ ပေးဆပ်မှုတွေလည်း ပါပါတယ်။ ဆရာမSullivanဟာ Kellerကို ဘာပဲသင်ပေးသင်ပေး ကောင်းတဲ့ပုံပြင်နဲ့ ဥပမာပေးသင်ကြားသလို ကဗျာတစ်ပုဒ်နဲ့လည်း ရှင်းပြတတ် တယ်။ သူဟာ အတွေ့အကြုံပြည့်ဝတဲ့ ဆရာမတစ်ဦးဖြစ်တာကြောင့် Kellerကို အခန်းထဲပိတ်လှောင် ထားတာမျိုး၊ ကြက်တူရွေးနှုတ်တိုက်ရွတ်သလိုမျိုး သင်မပေးခဲ့ပါဘူး။

Kellerဟာ ခိုင်မြဲတဲ့ဇွဲနဲ့ ကိုယ့်ရဲ့ခန္ဓာကိုယ် ချွတ်ယွင်းမှု၊ စိတ်ဓာတ် ချွတ်ယွင်းမှုကို အံတုခဲ့တယ်။ မြင်း စီး၊ နှင်းလွှာလျောစီး၊ စစ်တုရင်ထိုးတာတွေ သင်ယူပြီး ဘဝကိုကျေကျေနပ်နပ် ဖြတ်သန်းခဲ့ တယ်။ ပြဇာတ်တွေကို သူခုံမင်ခဲ့တယ်။ ရှေးဟောင်းပြတိုက်တွေ လှည့်လည် ကြည့်ရှုရတာကို သူနှစ်သက် ခဲ့တယ်။ အဲဒီထဲကနေ သင်ယူနိုင်တာတွေကို သူသင်ယူခဲ့တယ်။ Kellerဟာ အသက် ၂၁နှစ်အရွယ်မှာ ဆရာမနဲ့ပူးပေါင်းပြီး သူ့ရဲ့ပထမဆုံးစာအုပ်ဖြစ်တဲ့ “The Story of My Life” စာအုပ်ကို ထုတ်ဝေခဲ့ တယ်။ နှစ်ပေါင်း၆ဝကျော်အတွင်းမှာ စာအုပ်ပေါင်း ၁၄အုပ်ကို သူရေးသားထုတ်ဝေနိုင်ခဲ့တယ်။

Kellerဟာ ဘဝရဲ့စိန်ခေါ်မှုကို ရင်ဆိုင်ခဲ့ရတယ်။ ချစ်ခြင်းမေတ္တာနဲ့ လောကကြီးကို သူပွေ့ဖက်ခဲ့တယ်။ လူတကာအံ့သြရလောက်တဲ့ စိတ်ဓာတ်ခွန်အားနဲ့ အခက်အခဲတွေကို သူတွန်းလှန်နိုင်ခဲ့တယ်။ အမှောင် ထဲကနေ လူ့ဘဝရဲ့အလင်းကို သူရှာဖွေတွေ့ရှိခဲ့တယ်။ အဲဒီနောက် ကြင်နာတဲ့လက်အစုံကို ကမ္ဘာတစ်ခွင် ဆီ သူဆန့်ထုတ်ခဲ့ပါတယ်။

စိတ်ကူးအိပ်မက်မရှိသူက ဘဝဟာ ဆင်းရဲပင်ပန်းလွန်းတယ်၊ လျှောက်လှမ်းစရာ လမ်းမရှိဘူးလို့ ထင်တတ်ကြတယ်။ စိတ်ကူးအိပ်မက်ရှိသူက ကမ္ဘာကုန်ကျယ်သရွေ့ စိတ်ကူးအိပ်မက်ကို ဖြန့်ကျက်တယ်။ နည်းလမ်းတချို့၊ လမ်းကြောင်းတချို့နဲ့ ကိုယ့်ကြိုးစားအားထုတ်မှုကို အရင်းစိုက်ပြီး အကောင်အထည်ဖော် တယ်။ စိတ်ကူးအိပ်မက်ရဲ့ အလေးနက်ဆုံးအဓိပ္ပာယ်က လူတွေကို ဦးတည်ရာတစ်ခုရှိစေတယ်၊ ပစ်မှတ် တစ်ခုရှိစေတယ်။ ဘဝလမ်းကြောင်းပေါ်မှာ လူတွေကို မရေမရာ ဝေဝေဝါးဝါးမဖြစ်စေဘူး။ စိတ်ကူး အိပ်မက်က လူကိုကြီးကျယ်မြင့်မြတ်စေတယ်။ လူတွေ ကြီးကျယ်မြင့်မြတ်ရခြင်းကလည်း စိတ်ကူး အိပ်မက် ကို လက်တွေ့ကျကျ မဖြစ်မနေ အကောင်အထည်ဖော်လို့ပဲဖြစ်တယ်။

ထင်ရှားသူတို့၏ ဘဝပုံပြင်စာအုပ်မှ

နိုင်းနိုင်းစနေ
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...