ကလေးငယ်များ ရေနှစ်ခြင်းကြောင့် အများဆုံးသေဆုံးနေ

သမန်းကျား

ကလေးတွေဟာ အကြောင်း အမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာ ရတတ်ကြသလို လုံးဝထင် မထားတဲ့ မတော် တဆမှု ကြောင့်လည်း အသက် ဆုံးရှုံးနိုင်ပါ တယ်။ ကမ္ဘာတ၀န်းမှာ ကလေး သူငယ်တွေ အများဆုံး ထိခိုက် ဒဏ်ရာ ရကြတဲ့ အကြောင်းရင်း (၉)မျိုးရှိပြီး သေဆုံးမှု အများဆုံး အကြောင်းရင်း ကတော့ ရေနစ်ကြောင့် ပဲ ဖြစ်ပါတယ်။

အသက် (၅)နှစ်အောက် ကလေးတွေ ရေနစ်လို့ သေဆုံးတဲ့ ဦးရေဟာ ယာဉ်မတော်ဆမှုတွေကြောင့် သေ ဆုံးတဲ့ ဦးရေထက်ကို ပိုများနေတာပါ။ ၂၀၁၀ တစ်နှစ် အတွင်းမှာ အသက် (၅)နှစ်အောက် အရွယ် ကလေးငယ် အယောက် (၁)သိန်းမှာ (၃)ဦးနှုန်း ရေနှစ်သေဆုံး ခဲ့ပါတယ်။

အသက် (၄)နှစ်အောက် မိန်းကလေးတွေဟာ မတော်တဆ ထိခိုက်မှုကြောင့် အများဆုံး သေဆုံးရလေ့ ရှိပြီး ရေနှစ် သေဆုံးခြင်းက ဒုတိယလိုက်နေပေမယ့် ယောက်ျားလေးတွေ မှာတော့ ၂၀၀၅ ခုနှစ်နောက်ပိုင်း မှာ ရေနှစ်သေဆုံးမှု နှုန်းက အများဆုံးဖြစ်နေပြီး ယာဉ်မတော်တဆမှုနဲ့  ထိခိုက်မှုတွေကြောင့် သေဆုံးရ မှုနှုန်းထက်ကို မြင့်လာတာပါ။

ထူးခြားတာက ဒီကလေးတွေ ရေနှစ်သေဆုံး ခဲ့တာဟာ တောထဲတောင်ထဲက ရေချောင်းတွေမှာ မဟုတ် ဘဲ မြို့ ပေါ်က ရေကူးကန်တွေမှာ ဖြစ်ပါတယ်။ အိမ်မှာရှိတဲ့ ရေချိုးကန်ထဲတင် ရေနှစ်သေဆုံးတဲ့ ကလေး ဦးရေဟာ မနဲလှပါဘူး။ ဒါ့အပြင် စနေ၊ တနင်္ဂနွေ ရုံး၊ ကျောင်း ပိတ်ရက်တွေမှာ ကလေးတွေရေနှစ်သေဆုံး တဲ့နှုန်းက ပိုပါတယ်။ စစ်တမ်းတွေ အရ ရုံး၊ ကျောင်းဖွင့်ရက်တွေမှာ ရေနှစ်သေဆုံးတဲ့ ကလေးဦးရေ (၉)ဦး သာရှိခဲ့ပေမယ့် စနေ၊ တနင်္ဂနွေတွေ မှာတော့ (၁၄) ဦး ရှိခဲ့ပါတယ်။

မြို့ ပေါ်ကရေကူးကန်တွေမှာ ကလေးတွေ မတော်တဆ ပြုတ်မကျအောင် အရံအတား မလုပ်ထားလို့  ရေ ထဲပြုတ်ကျ သေဆုံးတဲ့ ကလေးတွေရှိသလို ရေကူးမကျွမ်းကျင်ပဲ ရေဆင်း ကူးရာကနေ ရေနှစ်သေဆုံးရ သူတွေလည်း ရှိပါတယ်။ တစ်ကမ္ဘာလုံးမှာ မတော်တဆ မှုကြောင့် သေဆုံးခဲ့ရ တဲ့ဖြစ်စဉ်တွေထဲမှာ ကလေးတွေ ရေနှစ်သေဆုံးတာ အများဆုံး ဖြစ်နေတယ်လို့  ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ က ကြေငြာချက် ထုတ်ပြန် ထားပါတယ်။

တစ်ခါ ရေနှစ်နေတဲ့ကလေးကို အချိန်မှီဆယ်ယူနိုင်ပေမယ့် ရှေးဦးသူနာပြုစုနည်း မတတ်ကျွမ်းတဲ့ အတွက် လည်း ကလေးတွေ မသေသင့်ပဲ သေဆုံးရတဲ့အတွက် ဖြစ်နိုင်ရင် ကလေးတွေကို ရေကူးသင်ပေးဖို့ ၊ ရေကူး ကန်တွေမှာ အရံအတားတွေထားဖို့ ၊ လှေစီးတဲ့အခါမျိုးတွေမှာ ကလေးတွေကို အသက်ကယ် အင်္ကျီဝတ် ထားပေးဖို့ ၊ ရှေးဦး သူနာပြုစုနည်းတွေ သင်ယူထားဖို့  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က အကြံပြုထားပါတယ်။

ဒါ့အပြင် မထင်တဲ့အချိန်မှာ မထင်တာကို လုပ်တတ်တဲ့ ကလေးတွေဟာ ဒဏ်ရာအမျိုးမျိုး ရနိုင်ပါသေးတယ်။ ကျွန်တော်တို့ နေထိုင်တဲ့ကမ္ဘာကြီးကို လူကြီးတွေအဆင်ပြေအောင် တည်ဆောက် ထားပါတယ်။ ထမင်းစား စားပွဲနဲ့  ထိုင်ခုံကအစ၊ မော်တော်ကားတွေအဆုံးပေါ့။ ဒီတော့ ကလေးလေးတွေအတွက် အရာရာတိုင်းဟာ ခက်ခဲနေတတ် ပါတယ်။ လက်ရှိဈေးခြင်းတောင်းထက် (၅)ဆလောက်ပိုကြီးတဲ့ ဈေးဝယ်ခြင်းနဲ့ ဈေးသွားရရင် သင်ကိုယ်တိုင်လည်း အတော်လေးအခက်တွေ့ မှာပါပဲ။ ဒီတော့ ကလေးတွေအခက်တွေ့ ပြီး ဒဏ်ရာအနာ တရဖြစ်စေနိုင်တဲ့ အကြောင်း ရင်း လေးတွေကို လေ့လာကြည့်၇အောင်ပါ။

ပျော့ပျော့အိအိကစားကွင်း။ အမေရိကန်ပြည်ထောင်စုမှာ ၁၉၉၀ ကနေ ၂၀၁၀ အတွင်း ပျော့ပျော့အိအိ ကစားကွင်း ကနေ ဒဏ်ရာရလာတဲ့ကလေး ၆၅၀၀၀ ဦး ရှိခဲ့ပါတယ်။ အဲဒီကလေးတွေထဲက ထက်ဝက်လောက်ဟာ အသက် ၆ နှစ်ကနေ ၁၂ ကြားအရွယ်တွေပါ။ အသက် (၅)နှစ်အောက် အရွယ်က သုံးပုံတစ်ပုံလောက် ရှိပါတယ်။ ပျော့ပျော့အိအိ ကစားကွင်းပေါ်မှာ အားပါးတရ ခုန်ကြရာကနေ ပြုတ်ကျပြီး အရိုးတွေကျိုးအက် ကုန်ကြတာပါ။ အရွယ်မတူတဲ့ ကလေးတွေ ပြိုင်တူဆော့ကစား တဲ့အခါမှာ အငယ်လေးတွေက ဒဏ်ရာ ရရတတ်ပါတယ်။ ဒါကြောင့် ပျော့ပျော့အိအိ ကစားကွင်းတွေမှာ အရွယ်မတူ၊ ကိုယ်လုံး အရွယ်အစားမတူတဲ့ ကလေးတွေကို ပြိုင်တူပေးမကစား သင့်ပါဘူး။

ကြယ်သီးပုံဓါတ်ခဲများ။ ရုပ်သံကွန်ထရိုး၊ နာရီ၊ ကင်မရာတွေမှာ တဖြည်းဖြည်း အသုံးများလာတဲ့ ကြယ်သီးပုံ ဓါတ်ခဲ တွေကို ကလေးတွေကို အလွန်ဆွဲဆောင်နိုင်ပါတယ်။ ဒီလိုဓါတ်ခဲတွေကို အမှတ်တမဲ့ ထားရာကနေ ကလေးတွေ ယူကိုင်ကြည့်ပြီး ပါးစပ်ထဲထည့် မြိုချကြလို့  ဆေးရုံရောက်ခဲ့တဲ့ ဦးရေဟာ ၁၉၉၀ ကနေ ၂၀၀၉ ခုနှစ်အတွင်းမှာ ဆေးရုံတက်ပြီး ကုသမှု ခံယူခဲ့ရတဲ့ ကလေး စုစုပေါင်းရဲ့  ၈၄ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။
လစ်သီယမ် ဓါတ်ခဲလိုမျိုးကို မြိုချမိရင် နှစ်နာရီအတွင်း အစာလမ်းကြောင်းထဲမှာ အပေါက်ကြီးဖြစ် သွားနိုင်ပါ တယ်။ ဖြစ်နိုင်ရင် ဓါတ်ခဲထည့်ထားတဲ့ ကိရိယာတွေအားလုံးကနေ ကလေးတွေ ဓါတ်ခဲထုတ်ယူလို့  မရအောင် တိပ်ပတ် ထားသင့်ပါတယ်။

ကားကူရှင်ထိုင်ခုံတွေ။ ကားကူရှင်တွေဟာ ပူလာတာနဲ့ အမျှ မျက်နှာပြင်ချွေးပြန်လာပြီး နိုင်လွန်နဲ့ တူတဲ့ ကားထိုင်ခုံ အခင်းတွေက ကလေးရဲ့ နှုးညံ့တဲ့ အရေပြားကို အကြီးအကျယ် ယားယံနာကျင်စေပါတယ်။ ကားထိုင်ခုံပေါ် ချလိုက် တာနဲ့  ကလေးရဲ့ နောက်ကျော၊ တံတောင်၊ ဦးခေါင်း၊ ဒူးခေါက်ကွေး တွေမှာ အရေပြား ယားယံနီရဲလာတာမျိုး ဖြစ်နိုင်ပါတယ်။ ကလေးနုနု ငယ်ငယ်လေးတွေကို ကားထိုင်ခုံပေါ် မချခင် အကာအကွယ်ပေးနိုင်တဲ့ ချည်သားအစ သန့် သန့် လေးခင်းထားပြီး ကာကွယ်နိုင်ပါတယ်။

သင့်ဆံပင်ကို သတိထားပါ။ ကလေးလေးတွေရဲ့ လက်ချောင်း ၊ခြေချောင်းကလေးတွေကို မိဘတွေက ကိုင်တွယ် ပွတ်သပ် နမ်းရှုပ်ကြသလို တစ်၊နှစ်၊သုံး၊လေး ရေတွက်တာကိုလည်း တပျော်တပါးလုပ်တတ် ကြပါတယ်။ ဒါပေမယ့် အမေ့ဆံပင် တစ်မျှင်လောက်က ကလေးရဲ့ လက်ချောင်း ၊ခြေချောင်းတွေ ကြားထဲ ညှိပါသွားမယ်ဆိုရင် တဖြည်းဖြည်း ထုံးသွားပြီး သွေးလည်ပတ်မှုကို ပိတ်ဆို့ စေနိုင်ပါတယ်။ ကလေးရဲ့  လက်ချောင်း၊ခြေချောင်း၊ငယ်ပါတို့  ယောင်ယမ်း လာတယ်ဆိုရင် ဆံပင်၊ ပလတ်စတစ်မျှင်၊ကြိုးတစ်မျိုးမျိုး ရစ်ပတ်နေခြင်းရှိ၊မရှိ ဂရုတစိုက် စစ်ဆေးသင့်ပါတယ်။

ဆပ်ပြာခဲတွေ။ တောက်ပတဲ့ အရောင်အမျိုးမျိုးနဲ့ လာတဲ့ ဆပ်ပြာခဲ၊ဆပ်ပြာတောင့်တွေကို ကလေးတွေက မုန့် လို ထင်မှတ်မှားပြီး ပါးစပ်ထဲ ထည့်လိုက်တတ်ကြပါတယ်။ ဒါဟာ အကြီးအကျယ် အဆိပ်သင့်စေမှာပါ။ ဆပ်ပြာကို များများ စားမိတဲ့ကလေးတွေဆိုရင် ကိုးမားဖြစ်တဲ့ အဆင့်ထိကို ရောက်သွားနိုင်ပါတယ်။ သင့်ကလေး ရေချိုးခန်း ထဲကနေ ထွက်လာပြီး အော့အန်နေမယ်၊ ချောင်းဆိုးနေမယ်၊ နင်သလိုဖြစ်နေမယ်၊ ငိုက်မျဉ်းလာမယ်ဆိုရင် ဆပ်ပြာ စားလိုက်မိတာ ဖြစ်နိုင်တဲ့အတွက် ပေါ့ပေါ့မနေသင့်ပါဘူး။

သံလိုက်။ အလုပ်စားပွဲမှာ သံလိုက်တင်ထားမယ်ဆိုရင် စိတ်ဖိစီးမှုကို လျော့နဲစေတယ်ဆိုတဲ့ အယူအဆ ကျယ်ပြန့်  လာတာနဲ့ အမျှ အိမ်၊ရုံးစားပွဲတွေမှာ သံလိုက်ကို ပုံစံအမျိုးမျိုးနဲ့  မြင်နေရပါတယ်။ ကလေးတွေ က ဆော့ရင်းနဲ့  ဒီသံလိုက်တုံးတွေကို မြိုချမိတတ်ပြီး အူလမ်းကြောင်းပိတ်ဆို့ နိုင်တဲ့အပြင် တစ်ရှုးပျက်စီး သွားပြီး သေဆုံးသွားနိုင် ပါတယ်။

ကစားကွင်းလျှောစီးခုံများ။ လျှောစီးတဲ့အခါ ကလေးတွေဟာ ခြေထောက် ညှပ်သွားပြီး အရိုးကျိုးသွားနိုင် ပါတယ်။ မသမာသူတွေက လျှောတွေပေါ်မှာ ကျောက်ခဲ၊ ဘလိပ်ဓါးတွေ ထားထားတတ်ကြတဲ့ အတွက် ကလေးငယ်တွေမှာ ဒဏ်ရာအပြင်းအထန် ရနိုင်ပါတယ်။ ကလေးတွေ လျှောမစီးခင် လျှောခုံကို သေချာစွာ စစ်ဆေးပါ။ လူကြီးက ကလေး ကိုပိုက်ပြီး လျှောစီးတာမျိုး လုံးဝမလုပ်သင့်ပါဘူး။ ကလေးအတွက်ပိုပြီးတော့ အန္တရယ်ရှိပါတယ်။ သူတစ်ယောက် တည်း စီးတာကို ဘေးကနေ လိုက်ထိန်းပေးတာ ပိုကောင်းပါတယ်။

ဒါ့အပြင် ဈေးဝယ် လက်တွန်းလှည်းတွေ၊ ရုပ်မြင်သံကြားစက်တွေနဲ့  အိမ်ထဲက ပရိဘောဂတွေဟာလည်း ကလေး တွေကို ဒဏ်ရာရစေနိုင်တဲ့အတွက် ကိုယ့်ရင်သွေးလေး ရေနှစ်တာမဖြစ်အောင်၊ အခြားဒဏ်ရာတွေ လည်းမရအောင် ပြုစုစောင့်ရှောက်တတ်စေဖို့  လေ့လာရေးသား တင်ပြလိုက် ရပါတယ်။

Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...