နာတာရှည် စိတ်ဝေဒနာရှင်များနှင့် ဘယ်လိုနေထိုင် ပြုစုစောင့်ရှောက်ကြမလဲ

Written by ခင်သက်မွန်

နာတာရှည် စိတ်ဝေဒနာ ရှင်များနှင့် ရှင်သန်နေထိုင် မှု အကြောင်းကို စိတ်ပိုင်းဆိုင်ရာ အထူးကု ဆရာဝန်ကြီး ဒေါက်တာ စိုးမင်းက ရှင်းပြခဲ့သည်။

စိတ်ဝေဒနာရှင်ကို လေးမျိုး ခွဲခြားနိုင်


“အကြမ်းအားဖြင့် စိတ်ကျန်းမာရေး အနေနဲ့ပြောမယ်ဆိုရင် စိတ်ကျန်းမာရေး ဝေဒနာခံစားခဲ့ရဖူးသူ၊ စိတ် ကျန်းမာရေးဝေဒနာခံစားနေရသူ၊ စိတ်ကျန်းမာရေးဝေဒနာ မခံစားရသေးတဲ့သူနဲ့ မိမိကိုယ်ကိုမိမိ စိတ်ကျန်းမာရေး ဝေဒနာ ခံစားနေရမှန်း မသိတဲ့သူ။ အဲဒီတော့ လူတစ်ယောက် စိတ်ကျန်းမာရေးဝေဒနာ မခံစားရဘူးဆိုတာ သေဆုံးသွားမှပဲ ရမယ်” ဟု စိတ်ပိုင်းဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာစိုးမင်း က စိတ်ကျန်းမာရေးနှင့် ပတ်သက်ပြီး အပိုင်းခွဲကာပြောသည်။

နာတာရှည် စိတ်ကျန်းမာရေး ဝေဒနာရှင်များကို တကယ်တမ်းပြုစုစောင့်ရှောက်မှုပေးမည် ဆိုပါက ကျန်းမာရေး ဝန်ထမ်းများအနေဖြင့်သာ ပြုလုပ်၍မရဘဲ အခြားသော ကဏ္ဍပေါင်းစုံ၊ ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံမှ အားလုံးပါဝင် ကူညီမှသာလျှင် အဆင်ပြေနိုင်မည်ဖြစ်ကြောင်း သိရသည်။

နာတာရှည် စိတ်ဝေဒနာရှင်များကို မိသားစုဝင်များ၊ ဆွေမျိုးသားချင်းများ၊ အိမ်နီးနားချင်းကောင်းများ၊ မိတ်ဆွေအပေါင်းအသင်းများ၊ လူမှုအဖွဲ့အစည်းများနှင့် စိတ်ကျန်းမာရေးစောင့်ရှောက်မှုပေးသူများက လည်း ပြုစုစောင့်ရှောက်ပေးနိုင်ကြောင်း သိရသည်။

“အဲလိုမျိုး စိတ်ကျန်းမာရေး ဝေဒနာရှင်တွေကို ပြုစုစောင့်ရှောက်မှုတွေ ပေးတဲ့နေရာမှာ အပြင်လူနာ အနေနဲ့ပေးမလား၊ အတွင်းလူနာ အနေနဲ့လား။ အဲဒါကတော့ အခြေအနေပေါ်မူတည်ပြီးတော့ ပေးရပါ တယ်။ နောက်တစ်ခုကတော့ ပြည်သူလူထု အခြေပြုအနေနဲ့လဲ နောက်ပိုင်းမှာ စတင်ပြီးတော့ လုပ်နေ တာတွေရှိပါတယ်” ဟုဆိုသည်။

နာတာရှည် စိတ်ဝေဒနာရှင်များ ကြုံတွေ့ရတတ်သည့် အခက်အခဲများ

နာတာရှည် စိတ်ဝေဒနာရှင်များ အနေဖြင့် ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ အနိုင်အထက်ပြုကျင့်ခံရမှု၊ ထိခိုက် နာကျင်အောင်ပြုမူခံရမှုများ၊ စွန့်ပယ်ခံထားရမှုများ၊ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ရောဂါဝေဒနာခံစား ရမှုများ၊ ကုသမှုခံယူခြင်းနှင့် ဆက်နွှယ်သော အခက်အခဲများ ရှိတတ်ကြောင်း သိရသည်။

ပြုစုစောင့်ရှောက်သူတို့ ကြုံတွေ့ရတတ်သော အခက်အခဲများ

ထိုသို့သော နာတာရှည် စိတ်ဝေဒနာရှင်များကို ပြုစုစောင့်ရှောက်ရသော သူများလည်း စိတ်ဖိစီးမှုများ ခြင်း၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ မရေရာ မသေချာမှုများခြင်း၊ ကုသမှုခံယူခြင်းနှင့် ဆက်နွှယ်သော အခက် အခဲများ၊ စိတ်ပိုင်းဆိုင်ရာများ၊ လူမှုရေးပိုင်း ဆိုင်ရာနှင့် ပြန်လည်ပြုစုပျိုးထောင်ရေး လုပ်ငန်းများ တွင် ပြုစုစောင့်ရှောက် သူများအနေနှင့် ကြုံတွေ့ရတတ်သော အခက်အခဲများဖြစ်တတ်ကြောင်း သိရသည်။

“တကယ်တမ်း နာတာရှည် စိတ်ကျန်းမာရေး ဝေဒနာရှင်တွေကို ပြုစုစောင့်ရှောက်မှု ပေးမယ်ဆိုရင် ကျွန်တော်တို့ စိတ်ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနေတဲ့ ဆရာဝန်တွေပဲ လုပ်လို့ အဆင်မပြေဘူး။ အခြားသော ကဏ္ဍပေါင်းစုံ ရှုထောင့်ပေါင်းစုံက ပါဝင်မှသာ အဆင်ပြေနိုင်မယ့် အလားအလာ ရှိပါတယ်” ဟု စိတ်ပိုင်းဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာစိုးမင်းက အကြံပြုပြောဆိုသည်။

ဘယ်လိုမျိုး ကုသပြုစုစောင့်ရှောက်မလဲ

နာတာရှည်ဝေဒနာရှင်များကို ကုသပြုစုစောင့်ရှောက် သူများအနေဖြင့် တတ်ကျွမ်းနားလည် သူများနှင့် ကုသမှု ခံယူတတ်ခြင်းနှင့် ရောဂါအခြေအနေ၊ ကုသမှု လိုအပ်သောဆေးဝါးများ၊ ယင်းဆေးဝါးများ၏ ဘေး ထွက် ဆိုးကျိုးများ၊ ပြုစုစောင့်ရှောက်သည့် နည်းလမ်းများကို တတ်ကျွမ်းနားလည် သူများထံမှ သေချာ စွာမေးမြန်းရန်လိုအပ်ကြောင်း သိရသည်။

“အဲဒီလိုဝေဒနာရှင်တွေကို ကုသပြုစုစောင့်ရှောက်သူတွေ အနေနဲ့ လုပ်သင့်တဲ့ အချက်တွေကတော့ ဝေဒနာ ရှင် ခံစားနေရသော ရောဂါလက္ခဏာတွေ အကြောင်းကို သိရှိအောင် လုပ်ဆောင်ဖို့ပါ။ ဥပမာအားဖြင့် အအိပ်အနေ ပုံစံပြောင်းလဲလာမယ်၊ မိသားစုလူမှု အသိုက်အဝန်းမှ ရှောင်ကြည်လာမယ်ဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ လိုအပ်သလို တိုင်ပင်ပါ” ဟု ယင်းကပင် ဆိုသည်။

အနီးကပ် ပြုစုစောင့်ရှောက်မှု ပေးသူများ သို့မဟုတ် မိသားစုဝင်များ ဖြစ်တတ်လေ့ရှိသည့် လက္ခဏာများ

အနီးကပ်ပြုစုစောင့်ရှောက်မှုပေးသူများ သို့မဟုတ် မိသားစုဝင်များအနေဖြင့် စိတ်တိုစိတ်ဆတ်လာ ခြင်း၊ အစူးစိုက်နိုင်စွမ်းနည်းပါးလာခြင်း၊ ဒွိဟစိတ်နှင့်ပဋိပက္ခများ၊ လူမှုအသိုက်အဝန်းမှ ရှောင်ဖယ်လာ တတ်ခြင်း၊ စီးပွားရေး၊ လူမှုရေး၊ လုပ်ငန်းခွင်အခက်အခဲများ၊ စိတ်ပန်း၊ ကိုယ်နွမ်းစွမ်းအင်ကုန်ခန်းလာ တတ်ခြင်းများ ကြုံတွေ့ရတတ်ကြောင်းလည်း သိရသည်။

“အဲဒီလိုကြုံတွေ့ရတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတွေအနေနဲ့ ဝေဒနာရှင်ရဲ့အခြေအနေကို စိတ်အ တွင်းက လက်သင့် မခံလိုတာမျိုး၊ လိုအပ်တာထက်ပိုမိုပြုစုစောင့်ရှောက်တာမျိုး၊ ကိုယ့်ကိုယ်ကိုယ်အ ပြစ်တင် လို စိတ်တွေ ဖြစ်ပေါ်လာတာတွေ ဖြစ်ပေါ်တတ်ပါတယ်” ဟုဆိုသည်။

ယင်းသို့ အနီးကပ်ပြုစုစောင့်ရှောက်သူများ၏ လိုအပ်ချက်များကို စာနာ နားလည်တတ်ရန် လိုအပ်ပြီး အနီးကပ်ပြုစုစောင့်ရှောက်မှုပေးနေ ကြရသူများကို ပြန်လည်စောင့်ရှောက်ပေးရန် အတွက်လည်း လို အပ်လာနိုင်ကြောင်း သိရသည်။

Democracy Today Daily
အောက်တိုဘာ (၁၈) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...