ကျိန်စာသင့် မျိုးဆက်အတွင်းမှ ညီအစ်မများ

ဧရာမ မြေငလျင်ကြီးက ဟေတီကို အိုးနင်း ခွက်နင်း ဖြစ်အောင် လှုပ်ခတ် သွားပြီးသည့် သုံးရက်မြောက်နေ့ တွင် အယ်လ်ဘာနာလည်း ကလေးနှစ်ယောက်နှင့် အတူ အိုးမဲ့အိမ်မဲ့ ဖြစ် သွားသည်။ သို့သော် သူမ၏ အိပ်မက်ဆိုးက ယခုမှ စခြင်း ဖြစ်ပါသည်။

“လမ်းဘေးမှာ ကျွန်မ အိပ်နေတုန်းမှာ အုပ်စုဖွဲ့ မုဒိမ်းကျင့် စော်ကားခံရတယ်၊ ကျွန်မလည်း ကိုယ်ဝန် ရသွားတာပေါ့” ဟု ၎င်းက ဆိုပါသည်။ အယ်ဘာနာ သည် သူမကို အနိုင်ကျင့် စော်ကားသွားသူများအား သိပင်မသိပါ။ ဘာလုပ်လို့ လုပ်ရမှန်းလည်း မသိပေ။ ဒီလိုနဲ့ သူငယ်ချင်း တစ်ယောက်က နေရာတစ်ခုကို ညွှန်ပေးသည်။ ဆေးခန်းတစ်ခု ဖြစ်သည်။ KOFAVIV ဟုအမည်ရသည့် အဖွဲ့တစ်ဖွဲ့က ဦးဆောင် ဖွင့်ထားသည့် ဆေးခန်း ဖြစ်ပေသည်။ အဆိုပါ အဖွဲ့အမည်၏ အဓိပ္ပာယ်က အမျိုးသမီး သားကောင်များ အတွက် အမျိုးသမီး သားကောင်များ၏ ကော်မရှင်ဟူ၍ ဖြစ်သည်။ “သူတို့ဆီကို ကျွန်မ ရောက်သွားတော့ ဗိုက်က တော်တော်လေး ပူနေပြီ။ ဒါပေမဲ့ ကျွန်မကို သေသေချာချာ ကို စောင့်ရှောက်ပေးကြတယ်” ဟု အယ်လ်ဘာနာက ပြောကြားသည်။

ထိုနေရာသည် ရက်စက်မှု အပေါင်းနှင့် ဖုံးလွှမ်းနေသည့် အယ်လ်ဘာနာ၏ ပတ်ဝန်းကျင်မှ အိုအေစစ်လေး သဖွယ် ဖြစ်ပေတော့သည်။ စားဖို့ စီစဉ်ပေးသည်။ သန့်ရှင်းသောရေ ရသည်။ နေစရာပေးသည်။ ဂရုစိုက်ပေး သည်။ ကလေးကို မွေးခဲ့ပါသည်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုက ရှိဆဲဖြစ်သည်။ ၂ နှစ်ကြာသည့် တိုင် ရှိနေဆဲပင်။

“ဒါက သိပ်ကို ဆိုးဝါးလွန်းပါတယ် ရှင်၊ ကျွန်မ သမီးလေးကို ကျွန်မချစ်တယ်။ ဒါပေမဲ့ ကျွန်မကိုယ်ကျွန်မ အမြဲတမ်း ပြန်တွေးဖြစ်တယ်လေ။ လူအုပ်စုလိုက် မုဒိမ်းကျင့်ခံရတဲ့ ရလဒ်ဖြစ်တဲ့ သမီးလေး ကျွန်မမှာ ရှိနေတယ်ပေါ့” ဟု အသက် ၃၃ နှစ် ရှိနေပြီ ဖြစ်သည့် အယ်ဘ်ဘာနာက ပြောပြသည်။

စိတ်မကောင်းစရာ ပိုကောင်းသည်က အထက်ပါ အမျိုးသမီး၏ ဇာတ်လမ်းက ဟေတီတွင် သိပ်မ ဆန်းခြင်း ဖြစ်သည်ဟု KOFAVIV အဖွဲ့ကို တည်ထောင်သူ မယ်ယာဗီလတ် အက်ပိုလွန်က ရှင်းပြသည်။
“ငလျင် ပြီးသွားတဲ့အခါ ဒီကအခြေအနေတွေက လူမဆန်လောက်အောင်ကို ဆိုးဝါး ယိုယွင်းခဲ့ပါတယ်။ ဒုက္ခသည်စခန်းတွေမှာ လုံခြုံရေးက လုံးဝမရှိဘူး။ အစားအသောက် မရှိ၊ အလုပ်ကလည်း မရှိပေါ့။ ပြဿနာတွေ က တောထ နေသလိုပါပဲ” ဟု မယ်ယာက ဆိုသည်။

မိသားစုကို ကာကွယ်ပေးနေသူများ ငလျင်အတွင်း ကွယ်လွန်သွားခြင်း၊ အိမ်မရှိတော့ခြင်း၊ ရှိသည့် အိမ်များ ကလည်း တံခါးမရှိ ဓားမရှိ မလုံခြုံတော့ခြင်း စသည်တို့ကြောင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ပိုမိုမြင့် တက်လာခြင်း ဖြစ်သည်။ တရားဥပဒေ မရှိတော့ခြင်းက ပိုဆိုးသည်။ ငလျင်လှုပ်ပြီး ၂ နှစ်အတွင်း ဟေတီ တွင် မုဒိမ်းမှုကြောင့် တရားစွဲဆို ထောင်ချခံရသူ လုံးဝမရှိကြောင်း UNHCR က အတည်ပြုထားပါသည်။
“အကြီးမားဆုံး ပြဿနာက တရားမျှတမှု ဆိုတာကို ဘယ်သွားရှာရမှန်းကို မသိတော့တာပါ” ဟု အသက် ၅၂ နှစ်အရွယ် မယ်ယာက ပြောကြားသည်။

ငလျင်မလှုပ်ခင် အချိန်များကပင် မုဒိမ်းမှု ဆိုသည်က ဟေတီတွင် အမျိုးသမီးများအတွက် တကယ့် ခြိမ်းခြောက်မှုကြီး ဖြစ်ပါသည်။ တကယ့်ကို ကွက်ပျောက်။ လူမှုရေး ပြဿနာများ၊ ကျူးလွန်သူများ၏ လက်စားချေမှုကို ကြောက်ရခြင်းများ၊ ဥပဒေလက်တံ တိုခြင်းများကြောင့် လူမသိသူမသိပင် ကြိတ်ခံစား ရသည်။ ထို့ကြောင့် ၂၀၀၄ ကတည်းက မယ်ယာဗီလတ် အက်ပိုလွန်နှင့် မာရီအီရာမီသီ ဒယ်လ်ဗာတို့က အထက်ပါ အဖွဲ့အစည်းကို စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ယင်းအချိန် ကတည်းက ယခုအထိ မုဒိမ်းမှု သားကောင် အမျိုးသမီး လေးထောင်ကျော်ကို လုံခြုံမှု၊ စိတ်ပိုင်းဆိုင်ရာ အားပေးနှစ်သိမ့်မှုနှင့် ဥပဒေရေးရာ အကူအညီများ ပေးခဲ့ပြီး ဖြစ်သည်။

“လူတွေကို တိတ်ဆိတ်မနေကြဖို့ ကျွန်မတို့က ပြောပါတယ်။ ကိုယ့်ကို ဒုက္ခပေးသွားတဲ့ ဟာကို ကြောက် ပြီးတော့ မပြောဘဲ မနေကြဖို့ ပြောပါတယ်” ဟု မယ်ယာက ဆိုသည်။ အဖွဲ့တည်ထောင်သူ မယ်ယာ ကိုယ်တိုင်ကိုက လိင်အကြမ်းဖက် ခံရလျှင် မည်သို့ ရှိမည် ဆိုသည်ကို ကောင်းကောင်းကြီး သိပါသည်။ သူမကိုယ်တိုင် နှစ်ကြိမ်တိုင်တိုင် လိင်အကြမ်းဖက် ခံရဖူးသည်။ သူမကို မုဒိမ်းသမားများ လက်ထဲမှ ကယ်တင်ရန် ကြိုးစားရင်း သူမခင်ပွန်းလည်း ရိုက်သတ် ခံလိုက်ရသည်။ ၂၀၁၀ တွင် သူမ၏ ၁၄ နှစ်အရွယ် သမီးလေးလည်း မုဒိမ်းကျင့်ခံ ရပြန်သည်။


“ဒီလို အမှုကိစ္စတွေ ကြားတဲ့အခါ ကျွန်မ ဘယ်လိုခံစားရတယ်ဆိုတာ ရှင်းပြလို့မရဘူး။ ကျွန်မပဲ သိတယ်လေ။ ဘယ်လို မျိုးဆက်မှာ အသက်ရှင် နေရ သလဲလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတယ်။ ကျွန်မတို့ ကျိန်စာများ သင့်နေသလားပေါ့” ဟု မယ်ယာက ဖွင့်ဟခဲ့သည်။

ရဲသွားတိုင်တော့လည်း စကားတွေသာ အများကြီး ပြောနေရသည်။ မိန်းကလေးတွေက အနေအထိုင် မတတ်တာဟု ရဲက ပြောတာ ခံရသေးသည်။ သို့သော် အပြောင်းအလဲ တစ်ခုခုဖြစ်မှ ရမည် ဆိုသည့် ခံယူချက်အတိုင်း အမျိုးသမီးများကို အကာအကွယ်ပေးသည့် အဖွဲ့အစည်း တည်ထောင်ခဲ့ပါသည်။ အများ က လေးစားရသည့် အဖွဲ့တစ်ဖွဲ့ အမှန်တကယ် ဖြစ်လာပါသည်။ ကုလသမဂ္ဂ လူ့အခွင့် အရေး ကောင်စီတွင် သွားရောက်ကာ ဒုက္ခသည် စခန်းများတွင် လုံခြုံရေး တိုးမြှင့်ပေးဖို့ ဆုံးဖြတ်ချက် ချသည့် ဖြစ်စဉ်များတွင် အမျိုးသမီး အဖွဲ့အစည်းများကို ထည့်သွင်းပေးဖို့ တောင်းဆိုနိုင်ခဲ့သည်။

“ကျွန်မ စော်ကားခံခဲ့ရတယ်။ ကျွန်မ တရားမျှတမှုကို မရှာဖွေနိုင်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်မသိသွားပြီလေ။ တခြားအမျိုးသမီးတွေ အတွက် တရားမျှတမှုကို ရှာပေးမယ်” ဟူ၍ သူမက ပြောကြားသည်။

ငလျင်က ဟေတီနိုင်ငံကို လှုပ်ခတ်သွားတော့ KOFAVIV ၏ ဆေးခန်းနှင့် ရုံးများလည်း ပြိုကျသွားသည်။ မယ်ယာလည်း ဒုက္ခသည် စခန်းများတွင် နှစ်ဝက်ခန့် နေထိုင်ရသည်။ ထိုနေရာများတွင် အခြေအနေက ပိုပြီးဆိုးနေကြောင်း မယ်ယာ တစ်ယောက် မြင်နေရသည်။

“ငလျင်ကြောင့် ထောင်တံခါးတွေ ပွင့်ကုန်တယ်လေ။ ထောင်သားတွေအားလုံး လွတ်ကုန်တယ်။ တော်တော် များများက လက်နက်တွေနဲ့ တကယ့် လူသတ်ကောင်တွေ” ဟု မယ်ယာက အခြေအနေကို ရှင်းပြသည်။ သူတောင်တစ်ကြိမ် သေနတ်ထောက်ကာ အလုခံ လိုက်ရသေးသည်။

“ဒီလို အဖြစ်ဆိုးတွေကို ခြောက်လလောက် တွေ့ခဲ့ရတယ်။ ကလေးလည်း အလွတ်မပေး၊ လူကြီးလည်း အလွတ်မပေး၊ အမေတွေ ညီမတွေလည်း မနေရတဲ့ အခြေအနေပါ” ဟု သူမက ဆိုသည်။

သို့နှင့် သူမတို့ အမျိုးသမီးအဖွဲ့က ဦးဆောင်ကာ ဒုက္ခသည် စခန်းများအတွက် စုပေါင်းလုံခြုံရေး လုပ်ကြ သည်။ ညဘက် ကင်းစောင့်သည့် အဖွဲ့များ ပြုလုပ်သည်။ အမျိုးသမီးများကို လက်နှိပ်ဓာတ်မီးနှင့် ဝီဇယ် များ ပေးထားသည်။ တစ်ခုခုဆို အသံပြု၍ရအောင် ဖြစ်ပါသည်။ ယခုဆိုလျှင် သူမတို့ အဖွဲ့တွင် အမျိုးသမီး တစ်ထောင်ကျော် ရှိပါသည်။ လိင်မှု အကြမ်းဖက်ခြင်းကြောင့် စိတ်ဒဏ်ရာ ရုပ်ဒဏ်ရာ ရသူများကို သွားရောက် စကားပြောပေးခြင်း၊ စောင့်ရှောက်ခြင်း၊ ဥပဒေအရ အကူအညီ ပေးခြင်းတို့ လုပ်ပေးကြ သည်။ ဆေးရုံနှင့် ချိတ်ထားကာ မုဒိမ်းကျင့်ခံရသူ ရှိတိုင်းချက်ချင်း ဆေးစာမှတ်တမ်းယူပြီး အရေးယူ အပြစ်ပေးနိုင်အောင် ရှေ့နေရှေ့ရပ် ငှားပြီးစီစဉ်သည်။ ဥပဒေကြောင်း ကုန်ကျစရိတ်များကို မယ်ယာတို့ အဖွဲ့က ပေးလှူသည်။

“ကျွန်မ အိပ်မက်ကတော့ မုဒိမ်းမှုတွေကို ထိုင်ရေတွက်နေရတာ ချုပ်ငြိမ်းသွားတဲ့ နေရာတစ်ခု ဖြစ်စေချင် တယ်။ ဟေတီက လူတွေဟာ သူတစ်ပါးကို အကြမ်းဖက်ကြတယ်လို့ မပြောရတော့ဘဲ တစ်နေ့မှာ တစ်ယောက်ကို တစ်ယောက်လေးစားကြတဲ့ တိုင်းပြည်အဖြစ် မြင်စေရမယ်” ဟု မယ်ယာက ပြောပါသည်။

သန့်ဇင်စိုး
The Voice Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...