ကလေးတွေ ငြိမ်ငြိမ် မနေနိုင်ကြတာ ဘာကြောင့်လဲ

By သမန်းကျား

ရုပ်သံ ဇာတ်လမ်းတွဲကို အရမ်း စိတ်ဝင်စားနေ တုန်း ဘေးကနေ လှုပ်ရွလှုပ်ရွ လုပ်နေတဲ့ ကလေး ကို စိတ်တိုဖူး ပါသလား။ ညအတူ အိပ်ရင် တဘုန်း ဘုန်း ကန်တတ်တဲ့ သား ငယ်လေးကြောင့် နှစ်ဦး ကြားမှာ ခေါင်းအုံးတွေ ခံထားရ ပါသလား။ ကလေးတွေ ဆော့လွန်းလို့ ဆိုပြီး မပြောကောင်း မဆိုကောင်း ရိုက်နှက်တာမျိုး လုပ်ဖူးပါသလား။

တစ်ချို့ မိဘတွေက ကလေးဆော့လွန်းလို့  စိတ်ညစ်ကြပါတယ်။ Attention Deficit Hyperactivity Disorder (ADHD) လို့ ခေါ်တဲ့ လှုပ်ရှားလွန်းပြီး အာရုံမစိုက်နိုင်တဲ့ ရောဂါ ဒါမှ မဟုတ် Attention Deficit Disorder (ADD) လို့ ခေါ်တဲ့ အာရုံစူးစိုက်နိုင်စွမ်း ကင်းမဲ့တဲ့ ရောဂါ ရနေပြီလားလို့ လည်း အချို့ မိဘများ အစိုးရိမ် ပိုတတ်ကြပါတယ်။

လွန်ခဲ့တဲ့ ၁၀-စုနှစ်အတွင်းမှာ ကမ္ဘာတ၀န်းက အဆော့သန်တဲ့ ကလေးတွေခမျာ မဟုတ်ပါဘဲနဲ့  ADHD, ADD အစရှိတဲ့ ရောဂါအမည်တွေ အတပ်ခံခဲ့ရပါတယ်။ အာရုံစူးစိုက်ဖို့ အရေး စိန်ခေါ်မှုတွေကြုံရပြီး အသက်အရွယ်နဲ့  မလိုက်အောင် စိတ်ကူးတည့်ရာ လျှောက်လုပ် တတ်တယ်ဆိုရင် ADHD လို့ ပြောလို့  ရနိုင်တဲ့ လက္ခဏာတွေဖြစ် ပေမယ့် နားလည် တတ်ကျွမ်းတဲ့ ဆရာဝန်က စစ်ဆေးပြီးမှ အတည်ပြုလို့  ရတာပါ။ စာသင်ခန်းထဲမှာ ငြိမ်ငြိမ်မထိုင် နိုင်ရုံ၊ စာကို စိတ်မ၀င်စားရုံနဲ့ တော့ ADD, ADHD ဆိုပြီး ရက်ရက်စက်စက် ရောဂါအမည် မတပ်သင့်ပါဘူးလို့  ကလေးစိတ်ပညာရှင်နဲ့  စိတ်ကျန်းမာရေး ဆရာဝန် ဒေါက်တာ ဇီရက်မာကာ ကပြောပါတယ်။

တစ်ကယ်တော့ အသက် (၇) နှစ်အောက် ကလေးအများစုဟာ ငယ်ရွယ်စဉ်ကလေးဘ၀ရဲ့  ခန္ဓာကိုယ် ဖွံ့ ဖြိုးမှု ဖြစ်စဉ်အရကို ငြိမ်ငြိမ်မနေနိုင်ကြပါဘူး။ ဥပမာအားဖြင့် ကလေးတွေမှာ ဆဲလ်အသစ်ဖြစ်ပွား မှုနှုန်းက ဆဲလ်အဟောင်း သေဆုံးမှုနှုန်းထက် ပိုများပါတယ်။ ဆဲလ်အသစ်တွေ က ဖြစ်၊ဖြစ်၊ဖြစ်၊ဖြစ်၊ဖြစ်နဲ့  ဖြစ်နေတဲ့အချိန်မှာ ဆဲလ်သေဆုံးမှု က ‘ပျက်’ ဆိုပြီး တစ်ချက်လောက်ပဲ ပျက်တာပါ။ ဒီမှာတင် ပရိုတိန်းကူးပွားမှုဖြစ်စဉ်က မြန်လွန်းတဲ့အတွက် ဖြစ်ပေါ် လာတဲ့ ကယ်လိုရီတွေကို ခန္ဓာကိုယ်က ဖြုန်းပေးဖို့  လိုအပ်လာပါတယ်။ ဒီတော့ မဖြစ်မနေကို လှုပ်ရတော့တာပါပဲ။ ဘယ်လိုပဲ လက်ပိုက်ခိုင်းထားထား၊ အဲဒီကလေးဟာ လှုပ်နေမှာပါ။ စာအုပ်၊ သင်ပုန်း အစရှိတာတွေကို အကြာကြီး ကြည့်မနေနိုင်ပါဘူး။ ရုပ်ပုံတစ်ခုကိုမြင်လိုက်ရင် သူ့ စိတ်ကူးလေးက ဆက်စပ်တွေးမိ တာလေးတွေကို ပုံဖော်ကြည့် ပြီး အော်ရယ်ချင်ရင် ရယ်နေမယ်၊ တစ်ခုခုပြောချင်ရင် ပြောနေမယ်၊ ဒါ သဘာဝပါ။

ဒီလိုကလေးတွေအတွက် အသုံး ပြုနေတဲ့ သင်ကြားမှုစနစ်ဟာ ကလေးတွေရဲ့  ခန္ဓာကိုယ်ဖွံ့ ဖြိုးမှုဖြစ်စဉ်ကို ထည့်သွင်းတွက်ချက် ချိန်ညှိမထားဘူးဆို ရင် ကလေးတွေရဲ့  အမူအကျင့်နဲ့ ဝိရောဓိဖြစ်သွားမှာပါ။ မှားယွင်းတဲ့ သင်ကြားမှု စနစ်ကြောင့် စိတ်ဆင်းရဲနေတဲ့ ကလေးကို ADD, ADHD ဆိုပြီး ရောဂါ နာမည် အတပ်မှားပြန်လေတော့ ကလေးမှာသူနဲ့ ဘာမှမဆိုင်တဲ့ ဆေးဝါးတွေ သောက် ရမယ်၊ ဘေးထွက် ဆိုးကျိုးတွေကို ခံစားရပါမယ် လို့  ကလေးစိတ်ပညာရှင် ဒေါက်တာရစ်ချတ်ဟောက်စ် ကပြောပါတယ်။

ကလေးတွေ အာရုံမစိုက်နိုင်ရတဲ့ အကြောင်းရင်း တစ်ခုပဲ ရှိပါတယ်။ သူတို့ လှုပ်ရှားသင့်သလောက် လှုပ်ရှားခွင့် မရကြလို့ ပါ။ ပညာရေး လိုအပ်ချက်တွေ မြင့်မားလာတာနဲ့ အမျှ ကစားဆင်းချိန်တွေကို လျော့ ပစ်ကြပါတယ်။ လမ်းပေါ်ကစားရင် အန္တရယ်ဖြစ်မှာစိုးလို့  မိဘတွေကလည်း ကလေးတွေကို ခြံဝိုင်းကျဉ်းထဲ မှာပဲ ဆော့ကစားစေ ပါတယ်။ အချိန်အမြဲလုနေရတဲ့ မိဘတွေအဖို့  ကိုယ့်ကိုယ်ကိုလိမ်နေတဲ့ အချက်တစ်ခု ကတော့ ကလေးတွေကို ကွန်ပျူတာ၊ ဗီဒီယိုဂိမ်းတွေ ကစားတာကို တားမြစ်ပေမယ့် iPad ကိုတော့ ပေး ထားတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။ iPad ပေါ်က ဂိမ်းတွေကစားရင်း ငြိမ်နေတဲ့ကလေးကြောင့် မိဘက အလုပ်ပိုလုပ်လို့ ရတယ်ဆိုပေမယ့် ကလေး ကိုယ်၌မှာတော့ ဆိုးကျိုးတွေ အများကြီး ခံစားရမှာပါ။ တစ်ကယ်တော့ ကလေးတွေဟာ သဘာဝလောကထဲမှ လွတ်လပ်ပေါ့ပါးစွာ ဆော့ကစားခွင့်ရဖို့  အရေးကြီး ပါတယ်လို့  ကလေးအထူးကုဆရာဝန်ကြီး အိန်ဂျလာဟန်စကွန်း က ပြောပါတယ်။

တစ်နေ့ တာ လုပ်စရာကိုင်စရာ ပြည့်ကြပ်နေတဲ့ ဒီဘက်ခေတ်ကြီးမှာ ကလေးတွေကို ကျောင်းစာသင်ခန်း ထဲ ပို့ ထား လိုက်တာကလွဲပြီး မိဘတွေ သိပ်များများစားစား မလုပ်ပေးနိုင်ကြပါဘူး။ ငယ်ရွယ်စဉ် ကလေး ဘ၀မှာ သဘာဝ လောကကြီးထဲကနေ လေ့လာသင်ယူစရာတွေ အများကြီးလုပ်ဖို့ လိုတဲ့ ကလေးတွေဟာ သဘာဝလောကကြီးနဲ့  ထိတွေ့ မှု နည်းသည်ထက်နည်းလာပြီး လွတ်လပ်စွာ စိတ်ကူးယဉ် တွေးတော ခွင့်တွေကိုလည်း ဆုံးရှုံးလာရပါတယ်။

ကွန်ပျူတာ၊ iPad နဲ့  ဆဲလ်ဖုန်းတွေဟာ သဘာဝလောကကြီးကို ဘယ်နည်းနဲ့ မှ အစားမထိုးနိုင်ပါဘူး။ အဲဒီ အီလက် ထရွန်းနစ် လျှပ်စစ်ပစ္စည်းတွေရဲ့  ဘက်ထရီ အားကုန်ခမ်းလာသလို ကလေးတွေရဲ့  စူးစမ်းလေ့လာ လိုအားလည်း ယုတ်လျော့လာပါတယ်။ ကလေးတွေကို သဘာဝလောကကြီးထဲ လွတ်လပ်စွာ ဆော့ကစား ခွင့်မပေးတာနဲ့ ကို အဲဒီ ကလေး လူညွှန့် တုံးအောင် လုပ်ပေးသလိုဖြစ်နေပါပြီ။

ဒီလိုကလေးတွေကို စာသင်ခန်း၊ စာဖတ်ခန်း၊ တီဗီခန်း၊ မှန်လုံပိတ် အဲယားကွန်း တပ်ထားတဲ့အခန်း တွေထဲ မှာပဲ ထားမယ်ဆိုရင် သူ့ ဆဲလ်အသစ်တွေဖြစ်ပေါ်လာတဲ့အခါ မငြိမ်မသက်ဖြစ်လာတဲ့ ပရိုတိန်းနဲ့  ကယ်လိုရီတွေကို ဖြုန်းပစ်ဖို့  အဲဒီကလေးဟာ အပြည့်အ၀ လှုပ်ရှားခွင့်မရတဲ့အတွက် အမြဲတစေ တလှုပ်လှုပ် တရွရွ ဖြစ်နေတာပါ။

ကလေးကို စာတော်အောင် သင်ပေးစေချင်တဲ့ မိဘနဲ့  ကလေးကို စာတတ်အောင် သင်ပေးစေချင်တဲ့ မိဘထဲမှာ စာဖတ်သူဟာ ဘယ်မိဘမျိုးလဲဆိုတာ ကျွန်တော်မသိပါဘူး။ သေချာတာကတော့ စာရေး၊ စာဖတ်၊သင်္ချာတွက်ရာမှာ အမှတ်အပြည့်ရစေအုံးတော့ အဲဒီကလေးဟာ ကလေးတစ်ယောက်လို ရှင်သန်ဖို့  လိုပါသေးတယ်။

ဘာသာတိုင်းမှာ အောင်မှတ်ထက် နဲနဲပဲပိုတယ် ထားအုံးတော့ ကလေးပီပီ လွတ်လပ်ပေါ့ပါးစွာ ကစားခွင့် ရနေတဲ့အတွက် ဘ၀ကို နဖူး တွေ့ ဒူးတွေ့  ရင်ဆိုင်ရတဲ့အချိန်မှာ အမှတ် ၁၀၀ ပြည့်ဖို့ အရေး ဖိအား အမြဲ အပေးခံခဲ့ရတဲ့ ကလေးတွေဟာ အလုပ် ပြီးမြောက်ဖို့ ကိုပဲ ကြိုးစားပြီး စီမံခန့် ခွဲမှုပိုင်းမှာ အားနဲ သူတွေ ဖြစ် လာကြတဲ့အတွက် ခေါင်းဆောင်မှုပိုင်းဆိုင်ရာ ရာထူးတွေကို မရကြပါဘူး။ စာမေးပွဲအောင်ပြီး အခြား ကဏ္ဍတွေမှာလည်း တက်ကြွလှုပ်ရှားခဲ့တဲ့ ကလေးတွေဟာ ကြီးလာတဲ့အခါမှာလည်း အလုပ်တစ်ခု ကို အောင်မြင်ပြီးစီးအောင် နည်းလမ်းမျိုးစုံနဲ့  ချဉ်းကပ်နိုင်ကြတဲ့အတွက် ထိပ်တန်း မန်နေဂျာတွေ ဖြစ်လာ ကြပါတယ်။

ဒီတော့ ‘ကလေးတွေ ဘာဖြစ်လို့  ငြိမ်ငြိမ်မနေနိုင်ကြတာလဲ’ လို့  စာဖတ်သူမေးမယ်ဆိုရင် ‘ဘာဖြစ်လို့ ’ ဆိုတာကို ဖြုတ်လိုက်ပြီး ‘ကလေးတွေ ငြိမ်ငြိမ် မနေနိုင်ကြပါဘူး’ လို့ ပဲ ပြန်ဖြေရမှာပါ။ ကလေးတစ်ယောက် ဟာ လှုပ်ရွလှုပ်ရွ လုပ်နေပြီဆိုရင် သူဟာ ကစားသင့်သလောက်၊ လှုပ်ရှားသင့်သလောက် လှုပ်ရှား၊ ကစားခွင့် မရဘူးဆိုတာကို ဖော် ပြနေတာ ဖြစ်ပါတယ်။

ကလေးတစ်ယောက် ငြိမ်သွားပြီဆိုရင်ကို စိတ်ပူရတာပါ။ သူ့ ဇီဝဖြစ်စဉ်မှာ အနှောက်အယှက် တွေ ရှိနေပြီလား၊ နေများ မကောင်းတာလား အစရှိသည်ဖြင့် တွေးပူရတော့မှာပါ။

ကလေးတွေဟာ တစ်နေ့ တာ နိုးကြားချိန်မှာ ကျောင်းမှာအနေအကြာဆုံးပါပဲ။ ညအိပ်ချိန်ကို နုတ်ပြီး တွက်ကြည့်မယ် ဆိုရင် ကျောင်းမှာအများဆုံးနေကြတာပါ။ ဒါဆိုရင် ကျောင်းတွေကနေ ဒီကလေးတွေကို ကိုင်တွယ်ပုံမှန်ကန်နေဖို့  သိပ်အရေးကြီးပါတယ်။ ခန္ဓာကိုယ်ထဲက ပိုလျံကယ်လိုရီတွေကို ဖြုန်းပစ်ဖို့  လုံလောက်တဲ့ ဆော့ကစားချိန်ရမှ စာသင်ခန်းထဲမှာ သွက်လက်မြူးကြွစွာနဲ့  စာသင်ယူနိုင်ကြမှာ ဖြစ်ပါ တယ်။

သဘာဝမြေ ကွက်လပ်တွေကို တစ်နေရာမချန် အဆောက်အဦးတွေ ဆောက်လုပ်နေတဲ့ ဒီဖက်ခေတ်ကြီး မှာ ကလေး တွေအတွက် သဘာဝ ကစားကွင်းတွေကို ကျောင်းတွေမှာပဲ မျှော်လင့်ရတာပါ။ ဒါပေမယ့် ကွန်ကရစ် အပြည့်ခင်းထားတဲ့ ကစားကွင်းတွေဟာ အမြင်အားဖြင့် ခေတ်မှီသန့် ရှင်းနေပေမယ့် ကလေးတွေရဲ့  သဘာဝနဲ့ ထိတွေ့ ခွင့်ကိုတော့ လုယူလိုက်သလိုပါပဲလို့  လေ့လာရေးသား တင်ပြအပ်ပါ တယ်။

Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...