လယ်ဝေး မုန့်ဟင်းခါး အရည်ဖျော်နှင့် အသုပ်

ဒီတစ်ပတ် မှာလည်းပဲ အိမ်က သူတွေကို ဆက်ပြီး အလိုလိုက်ကာ သူတို့အကြိုက် မုန့်ဟင်းခါးကို
ချက်ဖြစ်ပါတယ်။ ဒါပေမဲ့ လယ်ဝေး မုန့်ဟင်းခါးပါ။

ဒီတစ်ပတ် နေပြည်တော်မှာ ပွဲစည်နေတဲ့ အကြောင်း စကား လက်ဆုံကျရင်း နေပြည်တော်
လယ်ဝေးက စားစရာကို အမှတ်တရ ထည့်ရေးချင် တာလည်း ပါတာပေါ့။

သူက မုန့်ဟင်းခါးဖတ်ကို ပျဉ်းမနား ပဲမှုန့် ကောင်းကောင်းလေးနဲ့ ကြက်သွန်နီ ဆီချက်နဲ့ သုပ်ထားတာပါ။

ဖြိုးတို့ အဘိုး နေမကောင်းစဉ်က သူ့ကိုပြုစုပေးဖို့ လယ်ဝေးမှာ ရက်ရှည် တစ်လသာသာ သွားနေခဲ့ဖူးတယ်။

ကိုယ်က အဘိုးကို လာပြုစုပေးတာဆိုတော့ အမျိုးတွေက အစားအသောက်အတွက် တာဝန်ယူပြီး မျိုးစုံစီစဉ်ပေးတာပေါ့။

အဒေါ်တွေက မုန့်ဟင်းခါးစားချင်လား။ ရန်ကုန်သူတွေ မုန့်ဟင်းခါး လွမ်းလောက်ပြီ ထင်တယ်ဆိုတော့ ကိုယ်ကလည်း လွမ်းနေတာနဲ့မို့ စားမယ်ပေါ့။

လယ်ဝေးကမုန့်ဟင်းခါး စီစဉ်ထားပေးမယ်ဆိုတော့ ကိုယ်ကလည်း အင်းပေါ့။

ဒါနဲ့ပဲ နောက်နေ့ မနက်စာ စားပွဲဝိုင်းလည်း ရောက်ရော.. သူတို့မုန့်ဟင်းခါးက မုန့်ဟင်းခါးသုပ်ကို ငါးအရည် ကြည်ပြုတ်ရည်လေးနဲ့ ဆမ်းပြီး စားရတာမျိုးဖြစ်နေပါလေရော... အင်တင်တင်နဲ့  စားကြည့်လိုက်တာ... လိုက်ပွဲတွေ ဘာတွေဆွဲတဲ့အထိ ဖြစ်သွားတယ်။

နောက်ပြီး မုန့်ဟင်းခါး သုပ်ကိုလည်း ဟိုလိုမသုပ်နဲ့၊ ဒီလိုမသုပ်နဲ့ဆိုပြီး ချေးများသွားတတ်တယ်။

တစ်ခါတလေ ရိုးရိုးလေးချက်ထားတဲ့ အစားအသောက်က ပိုပြီးခံတွင်းတွေ့စေတာ အမှန်ပါပဲ။

ဆစ်ဒ်နီမှာတုန်းက မုန့်ဟင်းခါးဖတ်ခြောက်တွေက ၀ယ်လို့ လွယ်တာရယ်၊ ပဲမှုန့်ကလည်း အဆင်သင့် အမြဲရှိတာရယ်၊ မုန့်ဟင်းခါးကို ဟုတ်တိပတ်တိ မချက်တတ်သေးတာရယ်နဲ့ အလွယ်ကူဆုံး လယ်ဝေး မုန့်ဟင်းခါးကိုပဲ လုပ်စားဖြစ်တယ်။

ကိုယ်က အာသာပြေ မုန့်ဖတ်လေးကို သုပ်စားတာ။ ဂျွန်က လာမြည်းကြည့်ပြီး ပန်းကန်ပြန်မပေးဘဲ အကုန်စားပစ်လိုက်တယ်။

ပြီးတော့ အဲဒါ ဘာခေါက်ဆွဲလဲတဲ့။ ကဲကောင်းရော.. စားလို့ကုန်မှ။ ဒါနဲ့ပဲ ဆွေစဉ်မျိုးဆက်  ဆင်းသက်ရာ.. လယ်ဝေး၊ အေလာ၊ ပျဉ်းမနားစပြီး ဇာတ်စုံ ရှင်းပြရတာပေါ့။

ဟိုတစ်ပတ်က နေပြည်တော်ကို အလုပ်ကိစ္စနဲ့ သွားတော့ အဒေါ်တွေဆီက ချက်နည်းတွေကို မေးမြန်းပြုစုပြီး ခုမှ လယ်ဝေးမုန့်ဟင်းခါးစစ်စစ်ကို ချက်ရင်း တစ်ခါတည်း စာဖတ်ပရိသတ်တွေ အတွက်ပါ ဖြန့်ပေးလိုက်ပါ တယ် နော်...

ချက်နည်းကို ပြောပြပေးတဲ့ အန်တီကြူကိုလည်း ကျေးဇူးပါ။ ပျဉ်းမနားကို ပဲမှုန့်ကို သယ်လာပေးတဲ့ ညီမတော် ပြုံးကိုလည်း ကျေးဇူးပါ။

ဒီချက်နည်းမှာ ပဲမှုန့်အကျက်ကောင်းကောင်းရဖို့က အရေးကြီးတာမို့ ဒီတော့ ပျဉ်းမနားက နာမည်ကြီး ပဲမှုန့်ကို သယ်လာပေးမယ့်သူရှိရင် မိတ်ဆွေသာ ဖွဲ့ထားပါတော့နော်။

၆ (သို့) ၈ ယောက်စာ ဟင်းရည်အတွက်
ပါဝင်ပစ္စည်းများ

ငါးခူ သို့မဟုတ် ငါးကျည်း ၇၀၀ (သို့) ၈၀၀ ဂရမ်
ကြက်သွန်ဖြူ ၂ မြွှာ
ပါးပါးလှီးထားသော ချင်း ၂ ပြား
ဟင်းသီးဟင်းရွက်ဆီ စားပွဲဇွန်း ၂ ဇွန်း
နံနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁/၈ ဇွန်း
ငံပြာရည် လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ကိုင်ပြီးသား ငါးတွေကို အိုးတစ်လုံးထဲမှာ ငံပြာရည်နှင့် ချင်းတို့နဲ့ ရေ နှစ်လီတာခွဲ ထည့်ကာပြုတ်ပါ။

ငါးတွေကျက်ရင် အရိုးကိုထုတ်၊ အသားနွှင်ပြီး သတ်သတ်ထားပါ။

အရည်ကိုလည်း အရိုးတွေ မပါစေရန် စစ်ပြီး အိုးတစ်လုံးထဲမှာ သပ်သပ်ထည့်ထားပါ။

ဒယ်အိုးထဲမှာ ဆီထည့်ကာ ဆီပူအောင် တည်ပါ။

ဆီကျက်ရင် နံနွင်းမှုန့်ကို ထည့်မွှေကာ ဆီသတ်ပါ။

ချက်ချင်းဆိုသလို ကြက်သွန်ဖြူ (နုပ်နုပ်စဉ်း/ထောင်း) ထားတာကို ထည့်ကာ ဆီသတ်ပါ။

ကြက်သွန်ဖြူ အနံ့လေး သင်းပြီးထွက်လာပြီဆိုရင် ငါးအသားတွေကို ထည့်ကာ ဆီသတ်ပါ။

ငါးအသားနဲ့ ကြက်သွန်ဖြူတွေ လုံးပြီးနှံ့သွားပြီဆိုရင် နံနွင်းအရောင်လေးလည်း နှံ့သွားပြီဆိုရင် အိုးကိုချကာ ငါးကြော်ချက်ကို ငါးပြုတ်ရည်ထဲသို့ ထည့်ကာ အိုးကို ပွက်အောင်တည်ပါ။

ကြက်သွန်နီ အသေးလေးတွေကိုလည်း တစ်ခါတည်း ထည့်တည်ပါ။

အိုးပွက်ပြီးဆိုရင် မီးကို အဆုံးထိလျှော့ကာ မီးအေးအေးနဲ့ တည်ပါ။

ဟင်းအိုး မပွက်ပါစေနဲ့။

အပေါ့အငန်အတွက် ဆားကို သုံးပါ။

မိနစ် ၄၀ လောက်အကြာ ကြက်သွန်နီတွေ ပျော့ပြီးပျော်လာရင် စားသုံးရန် အဆင်သင့်ဖြစ်ပါပြီ။


အခြားပါဝင်ပစ္စည်းများ
မုန့်ဖတ် ၈၀၀ ဂရမ် (၅၀ ကျပ်သား)
ပဲမှုန့် ၁/၂ ခွက်
ငံပြာရည် ၁/၄ ခွက်
ကြက်သွန်နီဆီချက် ၁ ခွက်
ပါးပါးလှီးထားသော နံနံပင် သို့မဟုတ် ပဲသီး (မုန့်ဖတ်က သေးတာရယ်၊ အသုပ်က စေးတာရယ်မို့ နံနံပင်တို့၊ ပဲသီးတို့ကို ပါးပါး/နုပ်နုပ်လေးလှီးပြီး ထည့်စားရင် ပိုကောင်းပါတယ်။ အထူကြီး လှီးထားတာကို ထည့်စားရင် မုန့်အရသာပျက်သွားရော)

ပြင်ဆင်ပုံ

မုန့်ဟင်းခါးဖတ် လက်တစ်ဆုပ်ကို ပဲမှုန့် စားပွဲတင်ဇွန်းတစ်ဇွန်း၊ ငံပြာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ထည့်ပြီး အသာလေးနယ်ပါ။

နောက် ဆီချက် စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ ထည့်ကာနယ်ပါ။

အပေါ့အငန်အတွက် ငံပြာရည်ကို သုံးနိုင်ပါတယ်။

ပြီးရင် ဟင်းရည်ကိုထည့်ကာ စားသုံးနိုင်ပါတယ်။

အရည်လေး ရွှဲရွှဲဖြစ်ရုံပဲ ဆမ်းပါ။

နောက် ကြက်သွန်နီဆီချက်နဲ့ ကြက်သွန်နီကြော်လေး ကြိုက်သလောက် ဖြူးထည့်နိုင်ပါတယ်။

ဒေသအခေါ်ကတော့ အရည်ဖျော်တဲ့။

ဒါမှမဟုတ် မုန့်ဖတ်သုပ်လေးကို သပ်သပ်၊ အရည်ကို သပ်သပ်နှင့် စားလည်းရပါတယ်။

ဒါကတော့ အသုပ်ပေါ့။

နံနံပင်နဲ့ ပဲသီးကို ရန်ကုန်သူ ကျွန်မဖြိုးက ထည့်ပြီး စားလိုက်ရမှ မုန့်ဟင်းခါးမည်တာမို့ ထည့်စားတာပါ။

Myanmar Times
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...