ကျန်းမာရေးအတွက် စားသုံးသင့်သော အဆီလေးများ

Written by ပေါက်ပေါက်

အဆီစားလို့ အသားမဖြစ်၊ အဆီစားလို့ ဘေးဖြစ် ဟူသော ကျန်းမာရေး သတိပေး ဆောင်ပုဒ်လေးကို ကျန်းမာရေး လိုက်စားသူ အားလုံးသိနေ၊ နားရည် ဝနေကြမယ်လို့ ယုံကြည်ပါတယ်။ သို့သော် အောက် ဖော်ပြပါ အစားအစာ အဆီမျိုး ကတော့ ကျန်းမာရေးကို ကောင်းကျိုး ပြုပေးနိုင် တာကြောင့် စားသုံးသင့် ပါကြောင်း အကြံပြု တိုက်တွန်း လိုက်ပါရစေ။

(၁) ငါး

ဆယ်လ်မွန်၊ တူနာ၊ ငါးသေတ္တာငါးစတဲ့ ပင်လယ်ငါးများမှ ရရှိတဲ့ အိုမီဂါ-၃ ဖက်တီးစက်ဆစ်တွေက နှလုံး ကို ကောင်းကျိုးပြုတာကြောင့် ရက်သတ္တပတ် တစ်ပတ်လျှင် အနည်းဆုံးနှစ်ကြိမ် ငါးစားပေးရန် The American Heart Assocation (ခေါ်) အမေရိကန်နိုင်ငံရှိ နှလုံးရောဂါ စောင့်ရှောက်ရေးအဖွဲ့မှ အကြံ ပြု ထားပါတယ်။ ဒါ့ပြင် ထိုအဆီဓာတ်က ဦးနှောက်ကို အားဖြစ်စေလို့ သက်ကြီးရွယ်အို များအတွက် အထူး သင့်လျော်ပါတယ်။ (ငါးထဲမှာ ပါရှိတဲ့ အဆီဓာတ် အာနိသင် မပြယ်စေဖို့အတွက် ငါးကို ကြော်မ စားသင့်ပါ ဘူး။ ငါးပေါင်း၊ ငါးပြုတ်၊ ငါးကင်စားပေးပါ။ လိုအပ်ရင် ဆရာဝန်နှင့် တိုင်ပင်၍ ဖြည့်စွက်စာအ ဖြစ် ငါးကြင်း ဆီသောက်ပါ။)

(၂) ထောပတ်သီး

ထောပတ်သီးထဲမှာ ပါရှိတဲ့ အဆီဓာတ်က နှလုံးရောဂါနှင့် အရိုးအဆစ် ရောင်ရမ်းနာ ရောဂါများအတွက် လွန်စွာဆေးဖက် ဝင်ပါတယ်။ အကယ်၍ ထောပတ်သီးကို အခြားအစားအစာများနဲ့ တွဲစားခြင်း (သို့မ ဟုတ်) ထောပတ်သီး မစားခင်နှင့် ထောပတ်သီး စားပြီးနောက် အခြားအစားအစာများကို ချက်ချင်း ဆိုသလို စားသောက်မိတဲ့ အခါမှာလည်း ကျန်းမာရေးအတွက် ဘေးမဖြစ်စေဘဲ၊ ထိုထောပတ်သီးရဲ့ အစွမ်းကြောင့် ၎င်းနှင့် တွဲဖက်စားသောက်မိသော အစားအစာတွေမှာ ပါရှိတဲ့ အာဟာရများကို ခန္ဓာကိုယ် ကကောင်းစွာ စုပ်ယူနိုင်ပါတယ်။ ဒါကြောင့် ထမင်းစားပြီးပြီးချင်း အချိုပွဲအဖြစ် ထောပတ်သီးဖျော်ရည် သောက်ပေး သင့် ပါတယ်။

(၃) အဆန်အစေ့များ

နေကြာစေ့၊ ဖရုံစေ့၊ နှမ်းစေ့၊ သစ်ကြားသီး၊ ဗာဒံစေ့၊ မြေပဲ၊ သီဟိုဠ်စေ့ထဲမှာ ပါရှိတဲ့ သစ်ပင်မှ ရရှိသော သဘာဝ အဆီဓာတ်က ခန္ဓာကိုယ်ကိုဘေးဥပဒ် (မဖြစ်) စေတဲ့ ကိုယ်လက်စထရောများကို ပေးစွမ်းနိုင် ပါတယ်။ တိရစ္ဆာန်မှ ရရှိသော အဆီနှင့်နို့မလိုင်ပြည့် နွားနို့များဟာ ခန္ဓာကိုယ်ကိုဘေး(ဖြစ်)စေတဲ့ အဆီ များဖြစ်ကြပါတယ်။ ဒါကြောင့်အစားအစာနှင့် သရေစာမုန့်တွေ ဝယ်ယူတဲ့အခါ ၎င်းတို့ကို ထုပ်ပိုးထား သော Packing အိတ်ပေါ်မှာ ဖော်ပြထားတဲ့ ပါဝင်မှု ပစ္စည်းများဖြစ်ကြတဲ့ သုံးစွဲသော ဆီအမျိုးအစားနှင့် ဆီပါဝင်မှု ပမာဏတို့ကို သေသေချာချာ ဖတ်ရှုပြီးမှ ရွေးချယ် ဝယ်ယူသင့်ပါတယ်။

(၄) သံလွင်ဆီ

သံလွင်ဆီမှာ လူသားတို့ ဘက်စုံကျန်းမာရေးအတွက် ကောင်းကျိုးပြုစေတဲ့ အဆီဓာတ် အပြည့်အဝပါရှိပါ တယ်။ အချက်၊ အပြုတ်၊ အသုပ်၊ အကင်အားလုံးအတွက် သံလွင်ဆီက အရသာရော အာနိသင်ပါ မပြောင်း လဲစေပါဘူး။ ဒါကြောင့် ကျန်းမာရေးအတွက် အလေ့အကျင့်ကောင်း တစ်ခုအနေဖြင့် သံလွင်ဆီ စားသုံးပေး သင့်ပါတယ်။

(၅) ဟင်းသီး ဟင်းရွက်များ

အစိမ်းရောင်ရင့်ရင့် ဟင်းသီးဟင်းရွက်များဖြစ်ကြတဲ့ ဟင်းနုနယ်နှင့် ကိုက်လံတို့မှရရှိသော ဟင်းရွက် ဆီများဟာလည်း ပင်လယ်ငါးကြီးဆီတွေမှာသာ တွေ့မြင်ရတဲ့ အိုမီဂါ-၃ ဖက်တီးအက်စစ်တွေကဲ့သို့ အကျိုးအာနိသင် ဖြစ်စေပါတယ်။ ဒါကြောင့်နေ့စဉ်သုံး အစားအစာတွေထဲမှာ စိမ်းရောင်ခြယ် ဟင်းရွက် တစ်ခုခုကို ထည့်စားပေးသင့်ပါတယ်။

(၆) ကြက်ဥများ

လူသားတွေအတွက် မရှိမဖြစ် ပရိုတင်းဓာတ်ကို ကြက်ဥ (အနှစ်) စားခြင်းဖြင့် ရရှိနိုင်ပါတယ်။ အရည် အ သွေး ပြည့်မီပြီး အရွယ်အစား ကြီးမားတဲ့ ကြက်ဥအနှစ်ထဲမှာ အဆီဓာတ် ငါးဂရမ်ခန့်ပါရှိပြီး ၎င်းအဆီက အိုမီဂါ-၃ ဖက်တီးအက်စစ်ကဲ့သို့ အာနိသင်ဖြစ်စေနိုင်ပါတယ်။ သို့သော် မည်သည့်အစားအစာမဆို တန်လျှင်ဆေး၊ လွန်ရင်ဘေးဖြစ်တတ်သောကြောင့် အရွယ်ရောက်ပြီးသူ တစ်ယောက်အဖို့ အရွယ်အ စားကြီးမားတဲ့ ကြက်ဥကို တစ်နေ့ကို နှစ်လုံးထက် ပိုမစားသင့်ပါဘူး။

(၇) ဂုံလျှော်စေ့

အဝါရောင်ရောင် သမ်းနေတဲ့ ဂုံလျှော်စေ့ထဲမှာ အဆီဓာတ်နှင့် အမျှင်ဓာတ်နှစ်မျိုးစလုံး ပါရှိနေပါတယ်။ ဂုံလျှော်စေ့ထဲမှ ရရှိတဲ့ အဆီဓာတ်က အသားအရေကို ကောင်းကျိုးပြုပြီး၊ အမျှင်ဓာတ်ကတော့ ရောင်ရမ်း နာကျင်ခြင်းနှင့် အစာအိမ်နာ ရောဂါများအတွက် ကောင်းကျိုးပြုပါတယ်။

(၈) အဖြူရောင်ပဲစေ့များ

ပဲထောပတ်နှင့် ပဲပိစပ်တို့လို အဖြူရောင်ပဲစေ့တွေထဲမှာ ပါရှိတဲ့အဆီဓာတ်က အိုမီဂါ-၃ ဖက်တီးအက် စစ်ကဲ့သို့ အာနိသင် ထက်မြက်စေတာကြောင့် လူသားတို့အတွက် ရုပ်ပိုင်းဆိုင်ရာကို သာမက၊ စိတ်ပိုင်း ဆိုင်ရာကိုပါ အားဖြည့်ပေးနိုင်ပါတယ်။ အထူးသဖြင့် စိတ်ကျရောဂါဖြစ်တတ်သော သက်ကြီးရွယ်အို များနဲ့ စိတ်ဖိစီးမှုများနေသူတွေအဖို့ ၎င်းအဖြူရောင်ပဲနှင့် ပဲနို့ရည်တို့ကို များများစားသောက်ပေးသင့်ပါ တယ်။

ကြေးမုံသတင်းစာ
အောက်တိုဘာ (၁၉) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...