အနာနှင့်ဆေး တည့်သော အလုပ်လျှောက်ခြင်း

အလုပ် စတင်လုပ်လိုသူ၊ လုပ်ငန်းခွင် ဝင်လိုသူ လူငယ်များ အဖို့ အခြေခံ လုပ်ဆောင် ဖွယ်ရာ များတွင်ပင် လွဲချော်မှု၊ လိုအပ်ချက် ရှိနေမှုများ ရှိနေ သည်ကို တွေ့ရရာ ယင်းလိုအပ်ချက်များကို သတိပြု မိစေရန်၊ ပြုပြင်နိုင်ရန် လိုအပ်ပါသည်။ လိုအပ်သည် များကို ဖြည့်ဆည်း၍ လစ်လပ်နေသော လုပ်ငန်း ခွင် နေရာတွင် ဝင်နိုင်ရန် လိုသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း များနှင့် စီမံကိန်းများအတွက် လုပ်သားအင်အား သန်းနှင့်ချီ လိုအပ်နေချိန် အလုပ်လက်မဲ့ များနေခြင်း ၏ ပြဿနာကို ရှာဖွေရတော့မည်။

လက်ရှိအချိန်တွင် အကြောင်းရင်း အမျိုးမျိုးကြောင့် လူငယ်အများစုက ဝါသနာနှင့် အသက်မွေးဝမ်းကျောင်း မကိုက်ညီဘဲ အလွဲလွဲအချော်ချော်သာ အလုပ်လုပ်နေရသည်။ ယင်းကြောင့်ပင် အလုပ်အပေါ် တန်ဖိုး ထားမှုနှင့် စူးစမ်းလေ့လာမှုတို့ လျော့ကျကာ ကျွမ်းကျင်လုပ်သား ရှားပါးသထက် ရှားပါးလာကြောင်း ပညာရှင်များက သုံးသပ်ကြသည်။

အတိတ်က အုပ်ချုပ်ရေးစနစ် တစ်ခုကြောင့် မျိုးဆက် တစ်ဆက်စာနီးပါး ပျက်သုဉ်းခဲ့ရသော ပညာရေးကို အပြစ်ဖို့နေရုံနှင့် ပြဿနာအရင်းအမြစ် မရှာနိုင်တော့။ ပညာရေးစနစ်က မပေးနိုင်သော ပညာရပ်များကို ပြင်ပ လုပ်ငန်းတွင်သာ ရှာဖွေရန်သာ ရှိသည်။ ယင်းအတွက် အတတ်ပညာကျွမ်းကျင်မှုက အရေးကြီး ဆုံး ဖြစ်ပြန်သည်။

ကျွမ်းကျင်တတ်မြောက်မှု မရှိဘဲ အလုပ်တစ်ခု လျှောက်မည်ဆိုပါက မျက်မမြင်ပုဏ္ဏားခြောက်ဦး ပုံပြင် အတိုင်း ဝေဝေဝါးဝါး ရှာဖွေနေမည်ဆိုလျှင် အာမခံချက်ရှိသော အသက်မွေးဝမ်းကျောင်းများနှင့် အကြိမ်ကြိမ် လွဲနေပါဦးမည်။

“အခုက အလုပ်လုပ်ချင်သူတွေက ခါးပြတ်နေတာ။ အခုဖြစ်နေပုံက အထွေထွေလုပ်သားတွေက ပေါနေတာ။ ကျွမ်းကျင်လုပ်သားက ရှားပါးနေတာလေ။ ဒါတောင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ကောင်းကောင်း မဝင်သေး ဘူး” ဟု ပြည်တွင်းအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးမြတ်လွင်က ဆိုသည်။

သို့သော် လုပ်ငန်းအတွေ့အကြုံ မရှိသော လူငယ်များအတွက်မူ ကျွမ်းကျင်မှုဆိုသော ရွေးချယ်မှု အချက်ကြောင့် အလုပ်ကောင်းကောင်းလျှောက်ရန် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမဲ့လာကြောင်း အသက် ၂၃ နှစ်အရွယ် ကိုအောင်က ညည်းညူစွာ ဆိုလိုက်သည်။

လုပ်သားဈေးကွက် ဒိုင်းနမိုက်

ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များ၏ ဝန်ဆောင်မှုကဏ္ဍမျိုးစုံအတွက် အထွေထွေနှင့် ကျွမ်းကျင်လုပ်သား ဈေး ကွက်ကြီးက မကြာမီနှစ်များအတွင်း ဒိုင်းနမိုက်သဖွယ် ပေါက်ကွဲလာလိမ့်မည် ဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ထားသည်။

ယင်းအချိန်မရောက်မီ အလုပ်ကောင်းကောင်း လိုချင်သူများက ကျွမ်းကျင်မှုကိုယ်စီ ဖြည့်ဆည်းရန် လိုအပ်နေ ပါပြီ။ ဘာသာစကား၊ ကွန်ပျူတာနှင့် အတတ်ပညာတစ်ခုခု တတ်မြောက်ထားသူများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများက အသင့်ကြိုဆိုတော့ပေမည်။

“အလုပ်လျှောက်မယ့်သူတွေ အနေနဲ့ကတော့ တစ်ခုခုကို ပိုင်နိုင်ထားဖို့ လိုတယ်။ တကယ်ကျွမ်းကျွမ်း ကျင်ကျင် တတ်ထားရမှာပေါ့။ ဥပမာ- ကားမောင်းဆိုလည်း ကားမောင်းပေါ့။ ကွန်ပျူတာဆိုလည်း ကွန်ပျူတာ ကျွမ်းကျွမ်းကျင်ကျင် တတ်ဖို့လိုတယ်” ဟု ပြည်တွင်းအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်က တိုက်တွန်းပြောကြားသည်။

လက်ရှိ ပြည်တွင်းလုပ်သား ဈေးကွက်တွင် ဝန်ဆောင်မှုပိုင်း၌ ဟိုတယ်နှင့် ခရီးသွားလာရေးပိုင်းတွင် လုပ်သား လိုအပ်ချက် ရှိနေပြီး အထွေထွေ အလုပ်အကိုင်ပိုင်းတွင်မူ ယာဉ်မောင်းများ လိုအပ်ချက် အများ ဆုံးဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းပိုင်းကို ဂရုစိုက်တိုးမြှင့်ခဲ့ခြင်းကြောင့် ကမ္ဘာလှည့် ခရီးသွားများအတွက် Tourist Guide များလည်း လိုအပ်နေကြောင်း ပြည်တွင်းအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ လုပ်ငန်းရှင် အသင်းထံ စုံစမ်းသိရှိရသည်။

စံနှုန်းမမီသော CV ပြဿနာ


မိမိကိုယ်ရေးအကျဉ်း (CV) နှင့် အလုပ်ရှင်၏ ယုံကြည်စိတ်ချမှု အပြည့်ရအောင် လုပ်နိုင်သလိုလည်း လုပ်နိုင်သည်။ မြန်မာနိုင်ငံရှိ မိတ္တူဆိုင်များတွင် အရောင်းရဆုံး လျှောက်လွှာပုံစံက CV များ ဖြစ်နိုင် မလား မေးခွန်းထုတ်စရာ ကောင်းလှသည်။ အလုပ်ရှာဖွေပေးသော ပြည်တွင်းအေဂျင်စီများထံ အလုပ်လျှောက်လွှာ တင်မည်ဆိုပါက အနည်းဆုံး CV လေးစုံ၊ ထောက်ခံစာ မိတ္တူလေးစုံနှင့် အခြားစာရွက် စာတမ်း တစ်သီကြီး တင်ထားရသည်။

အလုပ်လျှောက်ထားသူများက မိတ္တူဆိုင်မှပေးသော အရည်အသွေး မမီသည့် CV အတိုင်း အလုပ်လျှောက်ခြင်းကို ရှောင်ရပါမည်။ CV/Resume ဆိုသည်က မိမိလျှောက်ထားလိုသော အလုပ် အမျိုး အစားအလိုက် မတူညီအောင် ရေးသားပေးရမည့် ကိုယ်ရေးအကျဉ်းချုပ်ဖောင်များ ဖြစ်သည်။ သာမန်ကာ လျှံကာ CV ပုံစံ တစ်ခုကြောင့် အလုပ်လျှောက်လွှာ တစ်စောင် ငြင်းပယ်ချခံရနှုန်း ပိုများနိုင်ကြောင်း ပြည် ပအကြံပေး Website များတွင် ဖော်ပြထားသည်။

အထူးသဖြင့် နိုင်ငံတကာကုမ္ပဏီများမှ အလုပ်ခေါ်စာများ လျှောက်ထားရာတွင် CV/Resume ကို လျှောက် ထားလိုသော ရာထူးအဆင့်ဆင့်အလိုက် ကိုက်ညီသော အချက်အလက် ထည့်ပြီးမှသာ လျှောက်သင့်သည်။ သပ်ရပ်သန့်ရှင်းရမည်၊ အလုပ်လုပ်လိုသူတစ်ဦး လုပ်ငန်းခွင် ဝင်တော့မည့်သူ တစ်ဦးနှင့် လိုက်လျောညီထွေ ရှိသည့် အဝတ်အစားမျိုး ဖြစ်ရမည်။

လုပ်ငန်းအတွေ့အကြုံ မရှိသေးသော သူများအတွက် CV/Resume ရေးရာတွင် အခက်အခဲ အနည်းငယ် ရှိနိုင်သောကြောင့် အလုပ်သင် အတွေ့အကြုံနှင့် အခြားလူမှုရေးလုပ်ငန်း အတွေ့အကြုံများကိုလည်း ထည့်သွင်းရေးသားပေးသင့်ကြောင်း Wikihow ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

အကောင်းဆုံးက CV/Resume ရေးပြီးတိုင်း လုပ်ငန်းအတွေ့အကြုံရှိသူ သို့တည်းမဟုတ် စာအရေး အသားကောင်းသူ တစ်ဦးဦးကို အလုပ်လျှောက်လွှာအား ပြန်စိစစ်ဖတ်ပေးရန် အကူအညီ တောင်း သင့်ကြောင်း ယင်းက တိုက်တွန်းသည်။

အမှတ်ပြည့်ယူရမည့် အင်တာဗျူး

အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများဘက်က လျှောက်ထားသူက အင်တာဗျူးရပြီ ဆိုသည်နှင့် ဈေးစကား စပြောတော့သည်။ အကြောင်းက အလုပ်အင်တာဗျူးက အလုပ်ရရှိရန် တစ်ဝက်သေချာသွား၍ ဖြစ်သည်။

အကောင်းဆုံးက အေဂျင်စီ အကူအညီမပါဘဲ ကိုယ်တိုင်လျှောက်ထားသော လျှောက်လွှာမှတစ်ဆင့် အင်တာဗျူးရသည် ဆိုလျှင် မိမိကို အမှန်တကယ် လိုအပ်၍ ခေါ်ခြင်းဖြစ်သောကြောင့် ကြိုတင်ပြင်ဆင်မှုများ စီစဉ်ထားသင့်ပါသည်။

“တောင်းမှာအကွပ် လူမှာအဝတ်” စကားပုံအတိုင်း အင်တာဗျူးသွားချိန်တွင် အဝတ်အစားကို တန်ဖိုး မကြီးလျှင်နေ သပ်သပ်ရပ်ရပ် ဝတ်စားသွားပါ။ အနေအထိုင် ကျဉ်းကျပ်စေသော အဝတ်အစားနှင့် သက်သောင့် သက်သာ မဖြစ်သော အဝတ်အစားမျိုးကို ရှောင်သင့်သည်။ အလားတူ အင်တာဗျူး မဖြေဆိုမီ မိမိလျှောက်ထားသော အလုပ်နှင့် ပတ်သက်၍ ကြိုတင်စုံစမ်းထားရန် လိုအပ်သည်။ အမှန်တကယ်လည်း စိတ်ဝင်စားထားရန် လိုသည်။

အရေးကြီးဆုံးက အင်တာဗျူး ဖြေဆိုချိန်တွင် လိမ်ညာပြောဆိုခြင်း လုံးဝမလုပ်ပါနှင့်။ မိမိနားမလည်သော အကြောင်းကို သိဟန်ဆောင်ဖြေကြားခြင်းကို ရှောင်ပါ။ အလုပ်ရှင်ထံမှ တောင်းဆိုလိုသော အချက်များကို အလုပ်အင်တာဗျူးတွင် တစ်ခါတည်းပြောပြပါ။ လစာနှင့် အခြားခံစားခွင့်များအကြောင်း ရှင်းရှင်း လင်းလင်း ဖြစ်စေရန် မေးမြန်းပါ။

“ဒီမှာက အလုပ်ရှာမယ်ဆိုရင် အဓိက ကျွမ်းကျင်မှု ရှိဖို့ပဲလိုတာ။ အင်တာဗျူးကတော့ အထွေထွေ ဗဟု သုတလောက် ရှိရင်ကိုပဲ ရတယ်” ဟု ပြည်တွင်းအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီလုပ်ငန်းများ အသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်က ရှင်းပြသည်။ သို့သော် လုပ်ငန်းအတွေ့အကြုံ၊ ပညာအရည်အချင်း ကန့်သတ်ချက်နှင့် ကျွမ်းကျင်မှုပေါ်လိုက်၍ စိတ်ဝင်စားသော အလုပ်ရရန် ခက်ခဲနေသေးကြောင်း အလုပ်လျှောက်ထားနေသူ လူငယ်အချို့က ဆိုသည်။

“ကိုယ့်လစာ ဘယ်လောက်ရမှ ဆိုရင် ကိုယ်တတ်ထားတဲ့ ပညာအရည်အချင်းနဲ့ သတ်မှတ်လာတော့မယ်။ အဲဒီအခါကျရင် အလုပ်ရှာရင် လုပ်သက် အရင်ယူရမှာလား၊ ပညာအရင်ယူရမှာလား မသိတော့ဘူး။ အသိ အမှတ်ပြုလက်မှတ်တွေပဲ အပြည့်ဖြစ်နေရင်လည်း သွားလျှောက်တော့ အသက်က ကန့်သတ်ထားပြန်ရော” ဟု ယင်းကဲ့သို့ အခက်အခဲများ ရှိနေသေးကြောင်း သာကေတမြို့နယ်နေ အသက် ၂၃ နှစ် အရွယ် ကိုအောင်အောင်က ဆိုသည်။

ရှာဖွေတတ်မည်ဆိုလျှင် အလုပ်အကိုင် အခွင့်အလမ်းက လက်တစ်ကမ်း အကွာသာ ရှိသည်။ အထူးသဖြင့် မြို့နှင့် အလှမ်းဝေးသော ဒေသများထက် မြို့ကြီးပြကြီးများတွင် အလုပ်အမျိုးအစား များစွာ ရွေးချယ်နိုင်သည်။

ယင်းကြောင့် မြို့ပြနေလူငယ်များတွင် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများစွာ လက်ဝယ်ပိုင်ဆိုင် ထားပြီး ဖြစ်၍ အနာသိဆေးရှိ ဆိုသလို အလုပ်လျှောက်နည်းအမှန်သာ သိလျှင် ရွေးချယ်စရာ ပိုများသွားနိုင် မည်။

ကြံရာမရသည့်အဆုံး အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီနှင့် ဆက်သွယ် မိသော်လည်း အာမခံနှင့် ရှာဖွေပေးခြင်း မဟုတ်သောကြောင့် စိတ်ပျက်ခဲ့ရကြောင်း ကိုအောင်အောင်က ယခုကဲ့သို့ ဆိုသည်။ “အလုပ်လျှောက်ဖို့ CV ဖောင် စုံရင်ရတယ်။ သူတို့ကတော့ ခွဲတမ်းရမှာပေါ့။ ကိုယ်တွေ ဘက်မှာသာ အလုပ်ရဖို့ အာမခံချက် မရှိတာ”

Ref: Wikihow

ထက်အောင်ဖြိုး၊
Written by : လဲ့ရည်မြင့်
The Voice Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...