ယောက်ျားလေးများ လှစေဖို့  အလှအပ ထိန်းသိမ်းကြစို့ 

ယောက်ျားလေးတွေဟာ မိန်းကလေးတွေလို မိတ်ကပ် လိမ်းပြီး အလှပြင်ဖို့ မလို အပ်ပေမယ့် အလှအပ ဆိုင်ရာ ပြုပြင်ထိန်းသိမ်း သင့်တဲ့ အချက်တွေရှိ ပါတယ်။

တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် ဆောင်ရွက်တာ၊ အသားအရေ ထိန်းသိမ်း စောင့်ရှောက်တာ၊ ဆံပင်ကို ပြုပြင်ထိန်းသိမ်းတာ စတာတွေကိုတော့ မိန်းကလေးတွေ တင်မက ယောက်ျားလေးတွေ လည်း လုပ်ဆောင် သင့်ပါတယ်။

ဒါကြောင့် ယောက်ျားလေးတွေရဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးနဲ့ အလှအပအတွက် လုပ်ဆောင်သင့်တဲ့ အခြေခံ အချက်တွေကို ဖော်ပြလိုက်ပါတယ်။

အသားအရေ ထိန်းသိမ်းစောင့်ရှောက်ခြင်း
ဆယ်ကျော်သက် ယောက်ျားလေးဘဝမှာ အရေပြားပြဿနာတွေကို အများဆုံး ကြုံတွေ့ ရနိုင်ပါတယ်။ ဒီအရွယ် မှာ ဟော်မုန်းပြောင်းလဲတာ၊ အဆီထုတ်လုပ်မှုများတာ၊ ချွေးထွက် များတာနဲ့၊ လေနဲ့ရေ ညစ်ညမ်း မှုတွေကြောင့် ဝက်ခြံတွေ အများအပြား ပေါက်တတ် ပါတယ်။

ဝက်ခြံတွေက မျက်နှာမှာသာမက နောက်ကျော၊ ပခုံးနဲ့ ရင်ဘတ်တွေ မှာလည်း ပေါက်တတ်ပါတယ်။ ဒါကြောင့် အသားအရေ ထိန်းသိမ်းစောင့်ရှောက်မှု အတွက် မှန်ကန်တဲ့ ပစ္စည်းတွေကို လိုအပ်သလို သုံးဖို့ အရေးကြီးပါတယ်။ သင့်အသားအရေ အမျိုးအစား အလိုက် ခြောက်သွေ့တာ၊ အဆီပြန်တာ၊ ထိခိုက် လွယ်တာ စတဲ့ အချက်ပေါ်မူတည်ပြီး သင့်လျော်တဲ့ မျက်နှာသစ်ဆပ်ပြာနဲ့ ကိုယ်တိုက်ဆပ်ပြာကို သုံးပါ။ သင့်အသားအရေကို တင်းတင်းရင်းရင်း ဖြစ်စေဖို့ အတွက် Toner သုံးပါ။

အစိုဓာတ်ထိန်းဆေး (Moisturizer) ကတော့ သင့်မျက်နှာကို ချောမွေ့နူးညံ့စေပါတယ်။ မုတ်ဆိတ်ရိတ်တဲ့ အခါ အရေပြားပေါ်မှာ မုတ်ဆိတ်ရိတ်ဓားကို ချောချောမွေ့မွေ့သုံးနိုင်စေဖို့အတွက် မုတ်ဆိတ်ရိတ်ဂျဲလ် (Shaving Gel) ကို သုံးပါ။ သင့်အရေပြားမှာ မပျောက်နိုင်တဲ့ ဝက်ခြံ ဒါမှမဟုတ် တခြားအဖုအပိမ့်နဲ့ အနာ၊ ဒဏ်ရာတွေရှိရင် အရေပြား အထူးကု ဆရာဝန်ကို ပြပါ။ နေ့စဉ်နေရောင်ကာ လိမ်းဆေး၊ လိမ်းပြီးမှ အပြင် ထွက်ပါ။

သွားကို ဂရုစိုက်သန့်ရှင်းခြင်း
ကောင်းမွန်တဲ့ ခံတွင်း သန့်ရှင်းရေးဟာ အလှအပတင်မက ကိုယ်ရည်ကိုယ်သွေး အတွက်ပါ အရေးကြီး ပါတယ်။ ညစ်ပတ်ပြီးမည်းနေတဲ့ သွားတွေ၊ ရောင်နေတဲ့ သွားဖုံးတွေနဲ့ ခံတွင်းနံ့ ဆိုးတွေက သင့်ရဲ့ ကိုယ်ရည် ကိုယ်သွေး ကိုပါ ထိခိုက်စေနိုင်ပါတယ်။ သင့်ပါးစပ်နဲ့ အဆင်ပြေပြီး နူးညံ့တဲ့ အမျှင်တွေပါတဲ့ သွားတိုက်တံကို ဝယ်ပါ။

ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးနဲ့ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သွားတိုက်ပေးပါ။ သွားမှန်မှန် တိုက်ပေမယ့် လည်း သွားတိုက်တံအမျှင်တွေ မရောက်နိုင်တဲ့ နေရာမှာ စားကြွင်း စားကျန်တွေ ခိုအောင်းနေနိုင်ပါသေး တယ်။ ဒါကြောင့် တစ်နေ့တစ်ကြိမ် သွားကြားပွတ်ကြိုး သုံးဖို့လည်း လိုအပ်ပါတယ်။ သင့်သွားတွေကို သွားဆရာဝန်ဆီမှာ ပုံမှန်စစ်ဆေးပြီး သန့်ရှင်းရေး လုပ်ပေးပါ။

ဆံပင်ကို ပြုပြင်ထိန်းသိမ်းခြင်း
ယောက်ျားလေး တစ်ယောက်ရဲ့ အလှအပနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် ဆံပင်ကို ပြုပြင် ထိန်းသိမ်းမှု ကလည်း အရေးကြီးပါတယ်။ သင့်မျက်နှာပုံစံနဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံ ညှပ်ပါ။ သင့်ဆံပင်သား အမျိုးအစား အလိုက်ပါးတာ၊ ထူတာ၊ အရောင်ဆိုးထားတာ၊ ခြောက်သွေ့တာ၊ အဆီပြန်တာ စတဲ့အချက်တွေပေါ် မူတည်ပြီး သင့်လျော်တဲ့ ခေါင်းလျှော်ရည် သုံးပါ။ သင့်ဆံပင်ကို ကျန်းမာတောက်ပြောင်ပြီး ချောမွေ့စေဖို့ အတွက် Conditioner သုံးပေးပါ။ ဆံပင်ပုံကျသပ်ရပ်ဖို့ ပုံမှန်ခေါင်း ဖြီးပေးပါ။ သင့်ဆံပင်စတိုင်ပေါ် မူတည်ပြီး လိုအပ်မယ့် ဂျဲလ်ဒါမှမဟုတ် တခြားပစ္စည်းတွေကို သုံးပါ။

အခြားအချက်များ
မနက်ခင်းတိုင်း ချွေးနံ့ထိန်း ချိုင်းလိမ်းတောင့် (Deodorant) လိမ်းပေးပါ။ သင့်မျက်ခုံး နှစ်ခုကြားထဲ က နေရာလွဲနေတဲ့ အမွေးတွေကို နုတ်ပစ်ပါ။ သင့်နှုတ်ခမ်းတွေ ခြောက်သွေ့ ကွဲအက်နေရင် အရောင် မပါတဲ့ နှုတ်ခမ်းအဆီ (Lip Balm) လိမ်းပေးပါ။

Health
Mg Mandalay
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...