၁၂ တန်းပညာရေးစနစ် အကူးအပြောင်းမှာ ကျောင်းသားတွေ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကို ဘယ်လို ဖြေရှင်းကြမလဲ

Written by အောင်သက်ကို

“၁၁ တန်းတိုးတိုး၊ ၁၂ တန်းတိုးတိုး မိဘတွေက ပိုက်ဆံ တစ်နှစ်ထပ်ပြီး ပိုကုန်မှာနဲ့ ကလေးတွေ ကျောင်းမှာ တစ်နှစ် ထပ်တိုးနေရမှာ အပြင် ဘာမှဖြစ်မလာနိုင်ဘူးလို့ ထင်တယ်။ ဖြစ်နေ တာက စနစ်ကိုကဖြစ်နေ တာ။ စနစ်ကိုမပြင်ဘဲ တိုးရင်အလကားပဲ” ဟု ၁၂ တန်းပညာရေးစနစ် စတင် မည်ဆိုပါ ကြုံတွေ့ရနိုင် ဖွယ်ရှိသည့် အကြောင်းခြင်းရာများနှင့် ပတ်သက်ပြီး ဒုတိယတန်း ကျောင်းသား တစ်ဦး၏ မိဘဖြစ်သူ ကိုသန်းနိုင် က ပြောသည်။

ယင်းကဲ့သို့ ကိုသန်းနိုင်ပြောရခြင်းမှာ ၁၂ တန်းပညာရေးစနစ်ကို ၂၀၀၉-၂၀၂၀ ပညာသင်နှစ်ခန့်တွင် အထက်တန်းအဆင့် တစ်တန်းထပ်မံတိုး၍ ၁၂ တန်းပညာရေးစနစ်ကို အကောင်အထည်ဖော်ရန် ပညာ ရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသောကြောင့်ဖြစ်သည်။

၁၂ တန်းပညာရေးဆိုသည်မှာ KG တန်း (မူကြိုတန်း) ပါထည့်တွက်ရမည်ဖြစ်ပြီး ဒွါဒသမတန်း (စုစု ပေါင်း ၁၂ တန်း) အထိ တိုးမြှင့်လိုက်ခြင်းကို ဆိုလိုသည်။

လာမည့်နှစ်တွင် ၁၂ တန်းပညာရေးစနစ်အကောင်အထည်ဖော်ရာမှာ တစ်ခုအပါအဝင်ဖြစ်သည့် (KG) တန်းကို စတင်အသက်သွင်းနိုင်ရန်အတွက် အခြေခံပညာကျောင်း အခြေပြုကျောင်းပေါင်းနှစ်သောင်းကို လာမည့်ငါးနှစ်အတွင်း ဖွင့်လှစ်နိုင်ရန်လည်း စီစဉ်လျက်ရှိသည်။

ယင်းသို့ ၁၂ တန်းပညာရေးစနစ် စတင်မည်ဆိုပါက အခြေခံပညာရေး၏ ပညာသင်နှစ်မှာ စုစုပေါင်း ၁၃ နှစ် ရှိလာမည်ဖြစ်ရာ ၁၂ တန်းတက်ရောက်ပြီးစီးသော ကျောင်းသား/ကျောင်းသူများသည် ရင့်ကျက် သော အသက်အရွယ်တွင် အဆင့်မြင့်တက္ကသိုလ်များသို့ တက်ရောက်နိုင်ပြီး နိုင်ငံတကာစံနှုန်းများဖြင့် လည်း ကိုက်ညီ မည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစန်းလွင်က ယမန်နှစ်က အမျိုး သား လွှတ်တော် ပုံမှန်အစည်းအဝေးတစ်ခုတွင် ထည့်သွင်းပြောကြားခဲ့ဖူးသည်။

လက်ရှိအခြေခံ ပညာရေးဖွဲ့စည်းမှုပုံစံမှာ အခြေခံပညာသင်နှစ် ၁၁ နှစ်ဖြစ်ပြီး၊ ပညာရေး ကဏ္ဍတစ်ခု လုံးကိုနိုင်ငံတကာ အဆင့်မီစေရန် ရည်ရွယ်၍ အာဆီယံနိုင်ငံများနှင့် နိုင်ငံတကာတွင် ကျင့်သုံးနေသော အခြေခံပညာရေးစနစ်နှင့် တူညီစေရန်အတွက် အဆိုပါ ၁၂ တန်းပညာရေးစနစ်သို့ ကူးပြောင်းနိုင်ရန် လုပ်ဆောင်ခြင်းဖြစ်ကာ ယင်းနှင့်ပတ်သက်၍လည်း အမျိုးသား ပညာရေးဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်း ထားကြောင်း သိရသည်။

ယင်းအတွက် ၁၂ တန်းပညာရေးစနစ် စတင်မည်ဆိုပါက စတင်ပြောင်းလဲမည့်နှစ်တွင် စမ်းသပ်ခံရမည့် သူများမှာ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများဖြစ်ကြောင်း ပညာရေးကျွမ်းကျင်သူများက သုံးသပ်ကြ သည်။

“၁၂ တန်းတိုးမယ်ဆိုရင် မိဘတွေရောကျောင်းသားတွေပါ ဝန်ပိမယ်။ စာမေးပွဲစနစ်က လိုအပ်ချက် တွေရှိနေ တဲ့ အတွက် ကျောင်းသားတွေက စာမေးပွဲအောင်ဖို့ မသမာတဲ့နည်းတွေသုံးကြတာတွေရှိ တယ်။ အဲ့ဒီ အတွက် မိဘတွေက ကျူရှင်တွေထားရတယ်။ အဲဒီစနစ်မပြင်ဘဲနဲ့ ၁၂ တန်းတိုးရင် ကျောင်းသားတွေက ဒီစနစ်ထဲမှာပဲ သွားနေရမယ်။ မိဘတွေလဲ ထပ်ပြီးအပိုကုန်ကြမယ်။ ပညာရေး စနစ်ကိုမပြင်ဘဲ ၁၂ တန်း တိုးမယ်ဆိုရင် သဘောမကျဘူး။ စနစ်ပြင်ပြီးမှတိုးတာပိုကောင်းမယ်လို့ထင် တယ်” ဟုနိုင်ငံလုံးဆိုင်ရာ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးကွန်ရက် NNER မှဒေါက်တာသိန်းလွင် ကပြောကြားခဲ့ဖူးသည်။

မိဘများ၏ သဘောအရမှာ အခြေခံပညာရေးစနစ်ကို ယခုအတိုင်းသာထားစေချင်ပြီး ပြင်မည်ဆိုပါက လည်း အလွတ်ကျက်ပြီး ဖြေဆိုရသည့်စာမေးပွဲစနစ်နှင့် တက္ကသိုလ်ဝင်ခွင့်များကိုအမှတ်ဖြင့် ဝင်ခွင့်မ ပေးတော့ဘဲ လွတ်လပ်စွာလျှောက်ထားနိုင်ခွင့်များကိုသာ ပြုပြင်ပြောင်းလဲစေလိုကြောင်း သိရသည်။

“အဓိကကိုယ်အမှန်တကယ် ဝါသနာပါတဲ့ဘာသာရပ်ကို အရည်အချင်းမီမယ်ဆိုရင် တက်ရောက်ခွင့် ပေးတဲ့ စနစ်မျိုးပဲပြောင်းစေချင်တယ်။ ဒါဆိုမပြီးဘူးလား။ နောက်ထပ်တစ်တန်းက ဘာလို့ဆက်တက်ဖို့ လိုမှာလဲပဲ သိချင်တယ်” ဟု စတုတ္ထတန်းကျောင်းသားတစ်ဦး၏ ဖခင်ဖြစ်သူဦးမြတ်မင်းက ဆိုသည်။

၁၂ တန်းပညာရေးစနစ် အကောင်အထည်ပေါ်လာပါက အစိုးရကျောင်းများထက် ကိုယ်ပိုင်ကျောင်းများ က ပိုမိုအောင်မြင်နိုင်မည်ဖြစ်ကြောင်း ကိုယ်ပိုင်ကျောင်းတချို့မှလည်း မှတ်ချက်ပြုပြောကြားကြသည်။

၁၂ တန်းပညာရေးစနစ်အကောင်အထည်ပေါ်လာပါက ကျောင်းသားများအနေဖြင့် အာဆီယံ Level အဆင့် သင်ရိုးညွှန်းတမ်းများကို သင်ကြားရတော့မည်ဖြစ်သောကြောင့် ပြဋ္ဌာန်းစာအုပ်များကိုသာ အားကိုး၍ မရနိုင်တော့ဘဲ အင်တာနက်၊ စာကြည့်တိုက်များကိုပါ အားကိုးအားထားပြုရတော့မည် ဖြစ်သည့်အတွက် facilities ကောင်းသော ကိုယ်ပိုင်ကျောင်းများမှာ အစိုးရကျောင်းများထက် အသာရနိုင် ကြောင်း ယင်း အသိုင်းအဝိုင်းထံမှ သိရသည်။

“၁၂ တန်းပေါ်လာရင် ကိုယ်ပိုင်ကျောင်းတွေ ပိုအောင်မြင်နိုင်တယ်ဆိုတာက ကျောင်းသားတွေက အဲဒီ အတန်းမှာ ပြဋ္ဌာန်းစာအုပ်ပဲကိုင်လို့ မလုံလောက်တော့ဘူး။ ၁၂ တန်းဆိုတာအာဆီယံ၊ ကမ္ဘာ့ Level ဖြစ်တဲ့ အတွက် သင်ရိုးညွှန်းတမ်းတွေက ကျောင်းသားတွေတွေးခေါ်ရမယ့်အပိုင်းတွေ ပါလာပြီ။ ဥပမာ ဆင်းရဲ မွဲတေမှု ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ မေးခွန်းတွေကိုဖြေမယ်ဆိုရင် စာကြည့်တိုက်၊ အင်တာနက် သုံးမှရမယ်။ ၁၂ တန်းမှာအာဆီယံ Level မေးခွန်းတွေမေးရင် Modernize ဖြစ်တဲ့မေးခွန်းတွေမေးတာ ကိုတွေ့ရတယ်။ အဲ့ဒါကြောင့်စာကြည့်တိုက်သို့ အင်တာနက်တို့နဲ့ပြည့်စုံတဲ့ ကိုယ်ပိုင်ကျောင်းတွေ အသာရနိုင်တယ်လို့ပြော တာပါ” ဟု မန္တလေးတိုင်းဒေသကြီးမှ မင်းမြန်မာကိုယ်ပိုင် အထက်တန်း ကျောင်းမှ အုပ်ချုပ်သူ ဦးရဲမင်းစိုး က ပြောသည်။

ACA ကိုယ်ပိုင်ကျောင်းမှ အကြံပေးအရာရှိဦးစန်းဝင်းက “ဒီလို ၁၂ တန်းပေါ်လာရင် ကိုယ်ပိုင်ကျောင်း တွေ အသာရမယ်ဆိုတာ မှန်တယ်။ ဒီစနစ်လုပ်လို့ စာမေးပွဲစနစ် မပြင်နိုင်သေးရင်လဲ ခေါက်ရိုးကျိုး ပညာရေး စနစ်ဖြစ်နေဦးမှာပဲ။ ၁၂ တန်း တိုးရင်ပြဋ္ဌာန်းမယ့် သင်ရိုးတွေကို တစ်ပြည်လုံးကိုပေးရမှာ။ ဗဟိုက နေ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်ကိုပေး၊ ခရိုင်အဆင့်ဆင့်ပေးပြီးမှ သင်ကြားရေးဆရာတွေဆီ ရောက်မယ်။ သင်ကြားရေးက ဆရာတွေကအပေါ်က ပေးသလောက်ရဖို့လိုအပ်သလို ကိုယ်ပိုင် ကျောင်းတွေက ဆရာတွေကလဲ အပြည့်အဝရနိုင်ဖို့လိုအပ်တယ်။ ကိုယ်ပိုင်ကျောင်းတွေအနေနဲ့ မိဘ တွေ အားကိုး အား ထားပြုနိုင်တဲ့ အနေအထားရောက်အောင် လုပ်ရမှာဖြစ်တဲ့အတွက် ၁၂ တန်းနဲ့ပတ် သက်တဲ့ သင်တန်းတွေ ကို ကိုယ့်အစီအစဉ်နဲ့ ကိုယ်လုပ်လာကြမှာပါ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပျံ့နှံ့ဖို့ကမလွယ်ဘူးလေ” ဟုပြောသည်။

ကိုယ်ပိုင်ကျောင်းများ အားကောင်းလာသည်နှင့်အမျှ ကျောင်းသားမိဘများကလည်း ၁၂ တန်းပညာ ရေးစနစ် ကို အကောင်အထည်ဖော်သည်ဖြစ်စေ၊ မဖော်သည်ဖြစ်စေ မိမိတို့၏သားသမီးများကို ကိုယ် ပိုင်ကျောင်းများ တွင် ပြောင်းလဲထားရှိနိုင်ရန် ရည်ရွယ်နေကြကြောင်း၊ ဝင်ရောက်လာမည့် နိုင်ငံတကာ ကျောင်းများ တွင် ပြောင်းလဲထားရှိနိုင်ရန် ရည်ရွယ်နေကြကြောင်း၊ ဝင်ရောက်လာမည့် နိုင်ငံတကာ ကျောင်းများ ကိုစောင့်ကြည့်လျက်ရှိသည့် မိဘများလည်းရှိနေကြောင်း သိရသည်။

“အစ်ကိုတို့နိုင်ငံမှာ ကျောင်းထားနိုင်အောင် ကြိုးစားနေရတဲ့ မိဘ၊ ကျောင်းထားနိုင်တဲ့ အလယ်အလတ် တန်းစားမိဘနဲ့ ကိုယ်ပိုင်ကျောင်းတွေကို ထားနိုင်တဲ့ မိဘဆိုပြီး သုံးမျိုးရှိတယ်။ အဲ့ဒီအထဲကမှ ကျောင်း ထားနိုင်အောင် ကြိုးစားနေရတဲ့ မိဘတွေကို ဖယ်လိုက်ရင်ကျန်တဲ့နှစ်မျိုးက နိုင်ငံတကာက ဝင်လာမယ့် ကိုယ်ပိုင်ကျောင်းတွေ အင်တာနေရှင်နယ် ကျောင်းတွေကိုစောင့်ကြည့်နေတာ။ အစ်ကိုလဲ ဒီအတိုင်းပဲ။ အဲ့ဒီကျောင်းတွေ အားကောင်းလာရင် အစ်ကို့သားကိုအင်တာနေရှင်နယ်ကျောင်းတွေ ပြောင်းထားမှာ။ အဓိကကတော့ အင်္ဂလိပ်စာကောင်းဖို့ပေါ့။ ဒါကြောင့် ၁၂ တန်းပြောင်းပြောင်း၊ မပြောင်းပြောင်းအစ်ကိုတို့က စိတ်မဝင်စားတော့ဘူး” ဟု ကိုသန်းနိုင်က ဆက်လက်ပြောသည်။

သို့ဖြစ်ရာ ၁၂ တန်းပညာရေးစနစ်ကျင့်သုံးမည်ဆိုပါက စတင်အကောင်အထည်ဖော်မည့်နှစ်သည် ပညာရေး ဝန်ကြီးဌာနအတွက် အကြီးမားဆုံးသော စိန်ခေါ်မှု တစ်ခုဖြစ်လာနိုင်ကြောင်း သိရသည်။

အဘယ့်ကြောင့်ဆိုသော် အကြောင်းရင်းနှစ်ခုရှိသည်။ ပညာရေးဝန်ကြီးဌာနမှ မည့်သည့်တက္ကသိုလ်ဝင် တန်းဖြေဆိုသည့်ခုနှစ်တွင် အကောင်အထည်ဖော်မည့်အပေါ်တွင် မူတည်နေသည်။ ပထမတစ်ခုမှာ ဥပမာ-ယခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများနှင့် စတင်အကောင်အထည်ဖော်မည်ဆိုပါက တက္ကသိုလ်ဝင်တန်းကို ကြိုးစားပမ်းစားဖြေဆိုပြီး နောက်ထပ်တစ်နှစ်ဆက်လက်တက်ရောက်စေမည် ဆိုလျှင်အောင်မြင်ပြီးသားဖြင့် ဆက်လက်ကျောင်းမတက်လိုသူများ ရှိလာမည်ဖြစ်ပြီး ၁၂ တန်းသို့ ဆက်လက် တက်ရောက်သည့် ကျောင်းသားများသည် ယင်းပညာရေးစနစ်သင်ရိုးများနှင့် ကျွမ်းကျင်မှု မရှိသေးသည့် ဆရာများနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည့်အတွက် ကျောင်းသားများအတွက် အခက်အခဲ များစွာ ကြုံတွေ့နိုင်ပြီး မိဘများလည်း ငွေကုန်ကြေးကျ ပိုမိုဖြစ်လာဖွယ်ရှိသည်ဟု ပညာရေးသုတေ သနအဖွဲ့ဦးစီးဌာနမှ လုပ်သက်ရင့် အရာရှိတစ်ဦးက သုံးသပ်ပြောကြားသည်။

ဒုတိယတစ်မျိုးမှာ နောက်နှစ်တွင် ၁၂ တန်းစနစ်စတင်မည်ဆိုပါက ဆယ်တန်း တက်ရောက်မည့် ကျောင်း သားများ၏ ကြိုးစားအားထုတ်မှုများမှာ လျော့ကျနိုင်ဖွယ်ရှိခြင်း၊ သင်ရိုးအသစ်များကို ရင်မဆိုင် နိုင် သည့်ကျောင်းသားများအနေဖြင့် ကျောင်းထွက်နိုင်သဖြင့် ကျောင်းထွက်နှုန်းမြင့်တက်လာဖွယ်ရှိခြင်း နှင့် ၁၂ တန်းပညာရေးစနစ်အပေါ်တွင် ကျူရှင်များမှ စီးပွားရေးအရ အမြတ်ထုတ်နိုင်ဖွယ်ရှိခြင်းတို့ဖြစ် သည်ဟု ယင်းအရာရှိက သုံးသပ်သည်။

“လုပ်မယ်ဆိုရင် မိဘပြည်သူတွေကို နှစ်နှစ်လောက်ကြိုပြီးတော့ ၁၂ တန်းပညာရေးစနစ်နဲ့ ယဉ် ပါးနေ အောင် နားထဲရိုက်သွင်းထားနိုင်ဖို့လိုတယ်။ ဘယ်လို သုတေသနတွေနဲ့ ဒီစနစ်ကို အကောင် အထည် ဖော်ခဲ့တယ်။ ဒီ ၁၂ တန်းကိုဆက်တက်ခြင်းဖြင့် သူတို့ရဲ့သားသမီးတွေက ဘယ်လိုရင့်ကျက်မှုမျိုး၊ ဘယ်လိုအသိဉာဏ်တွေရနိုင်တယ်ဆိုတာကို ရှင်းပြထားနိုင်ဖို့လိုတယ်။ ဒီ ၁၂ တန်းစနစ်လုပ်ရင် ကျူ ရှင်တွေ ကကျောင်းသားတွေအပေါ်မှာ အမြတ်ထုတ်လာလိမ့်မယ်။ အတတ်သင်ဘယ်လောက်ဆိုတာ တွေ မပေါ် လာဘူးလို့ မပြောနိုင်ဘူး” ဟုယင်းအရာရှိက ဆက်လက်ပြောသည်။

၁၂ တန်းပညာရေးစနစ်စတင်နိုင်ရန်အတွက် မူလတန်းအောက်အဆင့်တွင် မူကြိုတန်းတစ်တန်းထပ်မံ တိုးမြှင့်ဖွင့်လှစ်ရန် ယခုနှစ်မှစတင်ကာ မူကြိုပညာရေးအပြည့်အဝ မရရှိနိုင်သေးသည့် ဒေသများရှိ အခြေခံ ပညာကျောင်းများတွင် မူကြိုကျောင်းများဖွင့်လှစ်ခြင်း၊ မူကြိုဆရာများ ခန့်ထားခြင်းတို့ကို ပြု လုပ်ခြင်းနှင့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် အခမဲ့မူလတန်းပညာရေးစနစ်ကို တိုးမြှင့်အကောင်အထည်ဖော်ခြင်းတို့ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှသိရသည်။

“၁၂ တန်းကိုစတာထက် လက်ရှိအခြေခံပညာရေးစနစ်မှာရှိတဲ့ ကျောင်းသားတွေကျောင်းမှာအမြဲရှိနိုင် အောင်၊ အတန်းအလိုက် ရည်မှန်းထားတဲ့ အရည်အချင်းရှိအောင် သင်တာမျိုးတွေကို ပိုလုပ်သင့်တယ် လို့ထင်တယ်။ သက်ဆိုင်ရာ အတန်းအလိုက် အရည်အချင်းရှိအောင်မသင်နိုင်ရင် ကျောင်းတွေက ကလေးထိန်းဌာနတွေ ပဲ ဖြစ်နေလိမ့် မယ်။ စာသင်နှစ်တိုးတာထက် အတန်းအလိုက်သင်ရိုးတွေကို ထိထိရောက်ရောက် သင်သင့်တယ်။ စနစ် တစ်ခုပြောင်းလဲတိုင်းမှာ သုတေသနကအရေးကြီးတယ်။ ၁၂ တန်းလုပ်မယ်ဆိုရင် သုတေသနတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်ဖို့ လိုမယ်။ တစ်ခုတစ်ဖွဲ့တည်း လုပ်ပြီး တစ်နေရာတည်းမှာပဲလုပ်လို့မရဘူး။ သုတေသနဆိုတာကျယ်ပြန့်တယ်။ အားလုံးခြုံငုံပြီး လုပ် နိုင်ဖို့လိုမယ်” ဟု အမှတ် (၁) အခြေခံပညာ ဦးစီးဌာနမှ ဦးစီးအရာရှိဦးငွေတိုးက ပြောသည်။

ဒီလို ၁၂ တန်းပညာရေးစနစ် ပြောင်းလဲမည်ဆိုပါက ဖြစ်ပေါ်လာမည့် အဓိကအကျိုးဆက်မှာ ကျောင်း ထွက်နှုန်းများလာမည့် ပြဿနာပင်ဖြစ်သည်။ ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံး သပ်ရေး လုပ်ငန်းအဖွဲ့ (CESR) မှလေ့လာမှုများအရ အခြေခံပညာရေးကို ၅-၄-၂ ပုံစံမှ ၅-၄-၃ ပုံစံသို့ ကူးပြောင်းခြင်းနှင့် ၅-၄-၂ ပုံစံမှ ၆-၃-၃ ပုံစံသို့ကူးပြောင်းရာတွင် တွေ့ရှိနိုင်သောအားနည်းချက်တစ်ခု မှာအထက်တန်းအဆင့်တွင် စာသင်နှစ်တိုးလာခြင်းကြောင့် ကျောင်းထွက်သူဦးရေများလာနိုင်သည့် အတွက် ယင်းတို့အတွက် သက်မွေးပညာအစီအစဉ်များထားရှိရန် လိုအပ်ကြောင်း အကြံပြုထားသည်။ ၁၂ တန်း ပညာရေးကို အကောင်အထည်ဖော်မည်ဆိုပါက အထက်တန်းတွင် တစ်တန်းတိုးသော ကြောင့် ဒွါဒသမတန်းဖြစ်လာသည်။

“၁၂ တန်းပညာရေးစနစ်က ကျွန်တော်တို့နိုင်ငံမှာမဖြစ်မနေ သင်သင့်တဲ့စနစ်တစ်ခုပါ။ ကျွန်တော်တို့ ဆီက ၁၂ တန်းကို ဇွတ်အတင်းလုပ်သလိုဖြစ်နေတယ်။ ကျောင်းနေသက်က ၁၂ နှစ်ဖြစ်တော့ မိဘ တွေက ၁၀ နှစ် စာကနေ ၁၂ နှစ်စာကုန်ပေမယ့် မူလတန်း၊ အလယ်တန်းအခမဲ့တွေလုပ်နေလို့ ဝန်သိပ် မပိနိုင်ဘူးလို့ ယူဆတယ်။ စနစ်တစ်ခုပြောင်းတိုင်းမှာ ဖြစ်ပေါ်လာမယ့် ကောင်းကျိုးဆိုးကျိုးတွေအ တွက် သုတေသန လုပ်ထားတာပိုကောင်းမယ်လို့ထင်တယ်” ဟုပညာရေးသုတေသနအဖွဲ့ဦးစီးဌာနမှ အရာရှိတစ်ဦးက ဆိုသည်။

၁၂ တန်းပညာရေးစနစ်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာနက ကြိုးပမ်းနေ ရခြင်းမှာ မြန်မာနိုင်ငံ၏ အခြေခံပညာရေး အဆင့်အတန်းကို အာဆီယံဒေသအတွင်း နိုင်ငံများနှင့် ညီမျှ စေရန်အတွက် ရည်ရွယ်၍ပြုပြင်ပြောင်းလဲ လိုနေခြင်းဖြစ်ကြောင်း၊ အာဆီယံဒေသတွင်းနိုင်ငံများအား လုံး၏ အခြေခံပညာရေးစနစ်ဖွဲ့စည်းပုံမှာ မြန်မာနိုင်ငံမှလွဲ၍ ကျန်နိုင်ငံအားလုံးသည် ၁၂ နှစ်ဖြစ်ပြီး ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ထိုင်းတို့၏အခြေခံပညာရေးဖွဲ့စည်းပုံမှာ ၆-၃-၃ ဖြစ်၍ အာဆီ ယံနိုင်ငံများ အတွင်း ပညာရေးအရရှေ့ဆုံးရောက်ရှိနေသည့်နိုင်ငံများဖြစ်သော စင်ကာပူ၊ မလေးရှားတို့ ၏ဖွဲ့စည်းပုံမှာ ၆-၄-၂ ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံမှာလည်း အလားတူဖွဲ့စည်းထားသည်။ ဗီယက်နမ်နှင့် လာ အိုနိုင်ငံတို့၏ ဖွဲ့စည်းမှုမှာ မြန်မာနိုင်ငံမှ ၁၂ တန်းအတွက်ရည်ရွယ်ကာ အကောင်အထည်ဖော်မည့် ဖွဲ့စည်းမှုဖြစ်သော ၅-၄-၃ စနစ်ဖြစ်သည်။

ဆက်လက်ပြီး အာဆီယံနိုင်ငံများ အားလုံး၏ ကျောင်းဝင်သက်မှာ ခြောက်နှစ်ဖြစ်ပြီး မြန်မာနိုင်ငံ ၏ ကျောင်းဝင်သက်မှာတော့ ငါးနှစ်ဖြစ်သည်။

အခြေခံပညာရေး၏ ကျောင်းနေသက် ၁၁ နှစ်ဖြစ်သည့် ၅-၄-၂ ပုံစံမှ ၅-၄-၃ ပုံစံသို့ကူးပြောင်းသည့် နိုင်ငံမှာ လာအိုနှင့်ဗီယက်နမ်တို့ဖြစ်ပြီး ၅-၄-၂ ပုံစံမှ ၆-၄-၂ ပုံစံသို့ကူးပြောင်းခဲ့နိုင်ငံမှာ ဖိလစ်ပိုင်၊ စင်ကာပူ၊ အင်္ဂလန်၊ သြစတြေးလျနိုင်ငံတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါနိုင်ငံများတွင် အခြေခံပညာကျောင်းနေသက် ၁၁ နှစ်မှ ၁၂ နှစ်သို့ကူးပြောင်းသည့်အခါ ကြုံ တွေ့ ခဲ့ရသည့် အကြောင်းခြင်းရာများနှင့် ပတ်သက်ပြီးမန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မောင်သင်းက “ကျောင်းသားတွေ တစ်တန်းပိုနေရတဲ့အတွက် မိဘတွေတစ်နှစ်စာ ထပ်ပြီးငွေကုန် တယ်။ အတန်းတွေ ထပ်တိုးလိုက်တဲ့အတွက် ကျောင်းတွေမှာ စာသင်ခန်းအရေအတွက်တွေ ထပ်တိုးရ တယ်။ ဆရာဦးရေလဲ ထပ်တိုးရတယ်။ သင်ထောက်ကူတွေလဲ တိုးပေးရတယ်။ ၁၂ တန်းကမလုပ်လို့ မရဘူး။ ကိုယ့်နိုင်ငံပညာရေး က တခြားနိုင်ငံတွေနဲ့ယှဉ်ရင် တန်းတူဖြစ်နေဖို့လိုတယ်။ လိုတာတွေကို အရင်ဆုံးတော့ ဖြည့်မှရမယ်။ ၁၂ တန်းလုပ်ဖို့ကျန်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင် တစ်ပြိုင်တည်း လုပ်ဖို့ စီစဉ်နေကြတယ်” ဟုဆိုသည်။

၁၂ တန်းပညာရေးစနစ် စတင်မည့်အပေါ်တွင် သက်ဆိုင်သည့် ပညာရေး အသိုင်းအဝိုင်းမှ မိဘ၊ ဆရာ၊ အရာရှိများ၏ အမြင်များမှာ အမျိုးမျိုးရှိနေကြသည်။ တချို့ကယင်းစနစ် အကောင်အထည်ဖော်ရာ တွင် နိုင်ငံတကာ အဆင့်အတန်းနှင့် ညီမျှလာမည်ဖြစ်သည့်အတွက် သဘောတူကြသလို၊ တချို့ ကတော့ မြန်မာနိုင်ငံ၏ ပညာရေး ကဏ္ဍတွင်ဖြစ်ပေါ်နေသော လိုအပ်ချက်များကြောင့် ယင်းစနစ် အကောင်အထည်ဖော်ခြင်းမှာ မအောင်မြင်နိုင်ဟုလည်း သုံးသပ်မှုများ ရှိနေသည်ကို တွေ့ကြရသည်။

အဆိုပါစနစ်ကို လုပ်ဆောင်သည်မှာ ပညာရေး ကဏ္ဍအား တိုးတက်ကောင်းမွန်လာစေရန် လုပ်ဆောင် သည့် အကြောင်းကိစ္စ တစ်ခုဟု ဆိုနိုင်သော်လည်း ယင်းစနစ် မအောင်မြင်ပါက ကျောင်းသားမိဘကို သန်းနိုင်ကပြောသလိုပင် နစ်နာမှုများရှိလာနိုင်သည်က ကျောင်းသား၊ မိဘများနှင့် ကျောင်းသားများ ကိုယ်တိုင်ပင် ဖြစ်သည်။

သို့ဖြစ်ရာ စနစ်တစ်ခုအကူးအပြောင်းကာလတွင် မည်သူတစ်ဦးတစ်ယောက်မှ အစမ်းသပ်ခံ မြေစာပင် မဖြစ်စေလိုပါ။ မည်သူ့ကိုမျှမနစ်နာစေလိုပါ။

ထို့ကြောင့် အစိုးရမှပြုပြင်ပြောင်းလဲရန် ခြေလှမ်းပြင်နေသော ပညာရေးစနစ်ကြီး တစ်ခုလုံး ကောင်းမွန် စေ ရန်အတွက် မည်သည့်ဟာကွက်မျှ မရှိစေရန်နှင့် အထက်တွင်ဖော်ပြခဲ့သည့် ကြုံရနိုင်ဖွယ်ရှိသော စိန်ခေါ်မှု များကို မည်ကဲ့သို့ ဖြေရှင်းမည်ဆိုသည်တို့အား ယခုကတည်းကကြိုတင်ပြင်ဆင်လုပ်ဆောင် ကြရန် လိုအပ် လှပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

အာဆီယံနိုင်ငံများ၏ အခြေခံပညာရေးစနစ်ဖွဲ့စည်းပုံ
စဉ်
နိုင်ငံ
အခြေခံပညာရေးစနစ်
ဖွဲ့စည်းပုံ
စဉ်
နိုင်ငံ
အခြေခံပညာရေးစနစ်
ဖွဲ့စည်းပုံ
ဘရူနိုင်း
၆-၃-၃
မလေးရှား
၆-၄-၂
ကမ္ဘောဒီးယား
၆-၃-၃
ဖိလစ်ပိုင်
၆-၄-၂
အင်ဒိုနီးရှား
၆-၃-၃
ဗီယက်နမ်
၅-၄-၃
ထိုင်း
၆-၃-၃
လာအို
၅-၄-၃
စင်ကာပူ
၆-၄-၂
၁၀
မြန်မာ
၅-၄-၂

အာဆီယံနိုင်ငံများနှင့် ဖွံ့ဖြိုးပြီးနိုင်ငံတချို့၏ အခြေခံပညာရေးစနစ်
ကူးပြောင်းရာတွင် ရွေးချယ်သည့် နည်းလမ်းများ
၅-၄-၂ မှ ၅-၄-၃ သို့ ကူးပြောင်းခြင်း
လာအို ၊ ဗီယက်နမ်
၅-၄-၃ မှ ၆-၃-၃ သို့ ကူးပြောင်းခြင်း
ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ထိုင်း၊ တရုတ်
ဂျပန်၊ ကိုရီးယား
၅-၄-၂ မှ ၆-၄-၂ သို့ ကူးပြောင်းခြင်း
ဖိလစ်ပိုင်၊ စင်ကာပူ
အင်္ဂလန်၊ သြစတြေးလျ


Democracy Today Daily
အောက်တိုဘာ (၁၉) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.comFacebook Page  Twitter   Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...