ကျောင်းပြင်ပ မူလတန်း ပညာရေး ကျောင်းသုံး စာအုပ်များ အခမဲ့ခွဲဝေ

ရန်ကုန် တောင်ပိုင်း ခရိုင်၊ ဒလမြို့နယ် ပညာရေးမှူး ရုံး၌ အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းက မြို့နယ် အတွင်းရှိ ကျောင်းပြင်ပ မူလတန်း ပညာရေး အခြေစိုက် စခန်း ခြောက်ခုမှ ကျောင်းအုပ်ကြီးများ အား ကျောင်းပြင်ပ မူလတန်းကျောင်းသူ၊ ကျောင်း သားများအတွက် လိုအပ်ချက် ခွဲတမ်းအရ ဒုတိယ အကြိမ် အဖြစ် ကျောင်းသုံးစာအုပ်၊ စာရေး ကိရိယာနှင့် အသုံးအဆောင် ပစ္စည်းများကို လက်ထောက်မြို့နယ် ပညာရေးမှူးက အခမဲ့ ခွဲဝေပေးအပ် ခဲ့သည်။

အခမဲ့ခွဲဝေ

‘ကျွန်တော်တို့မြို့နယ်မှာ ကျောင်းပြင်ပ မူလတန်းပညာရေး အခြေစိုက် စခန်းခြောက်ခု ရှိတယ်။ အလယ် တန်းအဆင့် မရှိသေးပါဘူး။ အဲ့ဒီအခြေစိုက် စခန်းတွေမှာ ကျောင်းသူ၊ ကျောင်းသား ၉၆ ဦးရှိပြီး သူတို့ အတွက်ကျောင်းသုံး ပစ္စည်း လိုအပ်ချက် ခွဲတမ်းအရ ထပ်မံဖြည်းဆည်းပြီး ဒုတိယအကြိမ် အခမဲ့ခွဲဝေ ပေး အပ် ခဲ့တာပါ။ ကျောင်းသုံးရုပ်ပုံကတ်၊ စာဖတ်ကတ်၊ ပုံပြင်စာအုပ်နှစ်မျိုး၊ ခဲတံ၊ ဗလာစာအုပ်တွေ ဖြစ်ပြီး ကျောပိုး အိတ်၊ တီရှပ်၊ မိုးကာတွေလည်းပါတယ်’ ဟု လက်ထောက်မြို့နယ် ပညာရေးမှူး ဦးမြင့်အောင်က ပြော ဆိုသည်။

စွမ်းဆောင်ရည်ဆု

ဒလမြို့နယ်တွင် ကျောင်းပြင်ပ မူလတန်းပညာရေး အခြေစိုက်စခန်း ခြောက်ခုကို ၂၀၁၁-၂၀၁၂ ပညာ သင်နှစ်မှ စတင်၍သူမနရာမကျောင်းတိုက်၊ အမက(၁၉)၊ အမက(၂၄)၊ အမက(၁) နှင့် အမက (ထော် အောက်)၊ အမက (စံပြ)ကျောင်းတို့၌ ဖွင့်လှစ် သင်ကြားပေးလျက် ရှိကြောင်းနှင့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ကျောင်းပြင်ပ မူလတန်းပညာရေး စွမ်းဆောင်ရည် အကောင်းဆုံးမြို့နယ် ဆုကို ဒလမြို့နယ်က ဆွတ်ခူးရရှိခဲ့သည်။

စံတော်ချိန်သတင်းစာ
အောက်တိုဘာ (၂၉) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...