ဝက်ခြံ ပေါက်တတ် သူများအတွက် အသားအရေ ထိန်းသိမ်း စောင့်ရှောက်မှု

ဝက်ခြံ ပေါက်တတ်သော လူငယ်များ အတွက် အသားအရေ ထိန်းသိမ်း တတ်စေဖို့ ဆယ်ကျော် သက်များ အတွက် အလှအပနှင့် အသားအရေပြုပြင် ထိန်းသိမ်းနည်း လမ်းညွှန် စာအုပ်မှ အကြံပြုထားမှု များကို ဖော်ပြပေး လိုက်ပါတယ်။

ပုံမှန်တစ်နေ့နှစ်ကြိမ်နဲ့ ချွေးထွက်ပြီးနောက် မျက်နှာသစ်ပါ

မျက်နှာကို အလွန်အကျွံမသစ်ပါနဲ့။ မျက်နှာကို အလွန်အကျွံနဲ့ ကြမ်းကြမ်းတမ်းတမ်း သစ်ရင် အရေပြားက သဘာဝအဆီတွေကို ဖယ်ရှားပစ်နိုင်ပြီး ရှိနေတဲ့ဝက်ခြံကို ပိုဆိုးစေပါတယ်။ မနက်ခင်းအိပ်ရာထနဲ့ ညအိပ်ရာ မဝင်ခင်မှာ ပုံမှန်ညင်ညင်သာသာ မျက်နှာသစ်ပေးပါ။ ချွေးထွက်တိုင်းတော့ မျက်နှာသစ်ဖို့ မလိုပါဘူး။ ချွေး ထွက်ခြင်းက ဝက်ခြံတွေကို ပိုဆိုးစေတဲ့အတွက် ချွေးထွက်ပြီးတဲ့အခါ တတ်နိုင်သမျှ မြန်မြန်မျက်နှာကို သန့်စင်ပေးပါ။

နူးညံ့တဲ့ မျက်နှာသစ်ဆပ်ပြာကို သုံးပါ

မျက်နှာနဲ့ တခြားဝက်ခြံ ပေါက်တတ်တဲ့နေရာကို alcohol မပါဝင်ဘဲ နူးညံ့တဲ့ မျက်နှာသစ် ဆပ်ပြာနဲ့သစ်ပါ။ ကြမ်းတမ်းတဲ့ ဆပ်ပြာအပြင်းတွေကို မသုံးပါနဲ့။ ဖြစ်နိုင်ရင် ဝက်ခြံပေါက်တတ် သူတွေအတွက် သီးသန့် ထုတ်ထားတဲ့ မျက်နှာသစ်ဆပ်ပြာတို့ကို သုံးပါ။ ပြီးရင်ရေနဲ့ စင်ကြယ်အောင်ဆေးပါ။

လက်ချောင်ထိပ်ကို သုံးပါ

မျက်နှာသစ်တဲ့အခါ လက်ချောင်း ထိပ်လေးတွေနဲ့သာ ညင်ညင်သာသာ ပွတ်ပြီးသစ်ပါ။ အဝတ်၊ ပိုက်ကွက်တွေ အုပ်ထားတဲ့ ရေမြှုပ်နဲ့ တခြားအရာတွေ ကိုအသုံးပြုရင် အရေပြားကို ယားယံစေပြီး ဝက်ခြံတွေကို ပိုဆိုးစေနိုင်ပါတယ်။

မျက်နှာကို ညင်ညင်သာသာသုတ်ပါ

မျက်နှာသစ်ပြီးရင် တဘက်နဲ့ မျက်နှာကို ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်ပြီး မသုတ်ပါနဲ့ ညင်ညင် သာသာလေး တို့ပြီးတော့ သုတ်ပါ။

စေးကပ်သော ဆံပင်လိမ်းပစ္စည်းများ

စေးကပ်ပြီးအဆီပါတဲ့ ဆံပင်လိမ်းပစ္စည်းအမျိုးမျိုးဟာ ဆံပင်ကနေ အရေပြားပေါ်ကို တစ်စက်စက် ကျပြီး ချွေးပေါက်တွေကို ပိတ်ဆို့စေနိုင်ကာ ဝက်ခြံပေါက်စေနိုင်တဲ့အတွက် သတိထားသုံးပါ။

နေရောင်ခံခြင်း

တချို့တွေက နေရောင်ခံပေးရင် ဝက်ခြံတွေ ပျောက်သွားလိမ့်မယ်လို့ ထင်တတ်ကြပါတယ်။ အမှန် ကတော့ နေရောင်ခံခြင်းဟာ ဝက်ခြံမပျောက်စေနိုင်ဘဲ အရေပြားကင် ဆာဖြစ်နိုင်ခြေကိုသာ ပိုများစေပါ လိမ့်မယ်။

မျက်နှာကိုကြေးချွတ်တာမျိုး မလုပ်ပါနဲ့

ကြေးချွတ်ဆေး သုံးပြီးမှ မျက်နှာကြေးချွတ် (Scrub) လုပ်တာဟာ ဝက်ခြံတွေကို မပျောက်စေနိုင်တဲ့အပြင် အရေပြားကို လှုံ့ဆော်ပြီး ဝက်ခြံတွေကို ပိုဆိုးစေနိုင်ပါတယ်။ ပြီးနောက် မျက်နှာသစ်တဲ့အခါ ရိုးရိုးရေ မဟုတ်ဘဲ ရေနွေးကိုသုံးချင်ရင် ရေကြက်သီးနွေးကိုသာသုံး ပြီးဆေးကြောပါ။ ရေမပူစေဖို့သတိ ထားပါ။

Popular Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...