၂၄နှစ်အတွင်း အကြီးဆုံး နေအစက်အပြောက်က သိပ္ပံလောကကို ဂယက်ရိုက်ခတ်

သမန်းကျား၊ ရတနာပုံ သတင်းစာ

နေပေါ်ရှိ အစက်အပြောက် များအနက် ဂျူပီတာဂြိုလ် အရွယ်ခန့် ရှိပြီး အကြီးဆုံးဖြစ်သော AR 2192 လှုပ်ရှားဒေသသည် ကမ္ဘာကို မျက်နှာမူနေရာမှ အခြားဖက်သို့  လှည့်သွားပြီ ဖြစ်သော်လည်း သိပ္ပံလောကတွင် ဂယက်ရိုက်ခတ် သွားနိုင်မည့် ထူးခြားသော နေလှုပ်ရှားမှု များစွာကို ရက် သတ္တပါတ်ခန့်  ဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။

နေပေါ်တွင် သံလိုက်စက်ကွင်း အားအလွန်ကောင်း လာလျင် လှုပ်ရှားဒေသဟုခေါ် ဆိုပြီး ကမ္ဘာပေါ်မှ အစက် အပြောက်သဖွယ် မြင်တွေ့ ရလေ့ရှိသည်။

ထူးထူးခြားခြား အရွယ်အစား ကြီးမားလှသော နေအစက်အပြောက်များကို နာဆာ က ၁၈၇၄ ခုနှစ်မှ စတင် မှတ်တမ်းတင်ထားရှိရာ လှုပ်ရှားဒေသ ၃၂၉၀၈ ခုတွင် ၃၃ ခုမြောက်အကြီးဆုံး နေအစက်အပြောက်ကြီးမှာ AR 2192 ဖြစ်လာသည်။ နေသံသရာ တစ်ပါတ်လည်ရန် ၁၁-နှစ်ကြာမြှင့်ပြီး ယင်း ၁၁-နှစ်နားနီးလာလေ သံလိုက်စက်ကွင်းအား ကောင်းလာ လေဖြစ်ကာ နေမျက်နှာပြင်အောက်ရှိ သံလိုက်စွမ်းအင်ကို အပြင်ဖက် သို့ ဖောင်းကြွထွက် လာစေသည်။

သို့ သော် ယင်းသို့ ဖောင်းကြွလာခြင်းသည် သီးခြားစီဖြစ်မသွားဘဲ တစ်စုတစ်စည်းတည်းဖြစ်ပေါ်ကာ ယခုကဲ့သို့  ဂျူပီတာဂြိုလ် အရွယ်ခန့် ပင်ကြီးမားသော နေအစက်အပြောက်ကြီး ဖြစ်ပေါ်လာရခြင်းမှာ အဘယ်ကြောင့်ဆိုသည်ကို သိပ္ပံ ပညာရှင်များ တိကျစွာမဖြေရှင်းနိုင်သေးဘဲ နေပေါ်တွင် သံလိုက်စက်ကွင်း အားကောင်းလာသောအခါ မျက်နှာပြင် အောက်ဖက်ရှိ သံလိုက်စွမ်းအင်များ ပြုတ်ထွက်လာ ကာ နေ မျက်နှာပြင်ပေါ်သို့  ရောက်လာကြောင်း၊ ယင်းတို့ ကို ကမ္ဘာမှကြည့်လျင် အရောင်ပိုရင့်သော အစက် အပြောက်များသဖွယ် တွေ့ မြင်ရကြောင်း၊ နေအစက်အပြောက် များသည် အခြားအပိုင်းများထက် အပူချိန်လျော့နဲကြောင်းမျှသာ သိပ္ပံပညာရှင်များ ပြောနိုင်သေးသည်။

သို့ သော် AR 2192 သည် ကမ္ဘာဖက်သို့  မျက်နှာမူနေစဉ်ကာလအတွင်း အင်အားကြီးမားသော မီးတောက် အများအပြား လွတ်ထုတ်လိမ့်မည်ဟု သိပ္ပံပညာရှင်များ ယူဆခဲ့သော်လည်း လွန်ခဲ့သော(၄)ရက်အတွင်း အင်အား ကြီးမားသောမီးတောက်(၄)ခုကို ဆက်တိုက်လွတ်ထုတ်ခဲ့ပြီးနောက် မီးတောက်ငယ်များ တဖွားဖွား လွတ်ထုတ် နေရင်း နေမျက်နှာမူရာဘက်ပြောင်းရာနောက်သို့  ပါသွားသော်ကြောင့် သိပ္ပံပညာရှင်များ အံ့သြသင့်နေကြသည်။

နေသည်ကမ္ဘာဘက်သို့  မီးတောက်များ ထုတ်လွတ်လျင် ပထ၀ီသံလိုက် မုန်တိုင်းများဖြစ်ပေါ်လေ့ရှိပြီး လှည့်ပတ်နေ သော ဂြိုလ်တုများကို ထိခိုက်ပျက်စီးစေနိုင်ကာ မြေပြင်ပေါ်ရှိ လျှပ်စစ်ဓါတ်အားပေး စက်ရုံများ ကိုလည်း ရပ်တန့်  စေနိုင်သည်။ ၁၉၈၉ ခုနှစ်က AR 2192 ထက်ကြီးသော နေအစက်အပြောက်မှ ထုတ် လွတ်လိုက်သော မီးတောက်ကြီးကြောင့် ကနေဒါနိုင်ငံ၊ကွီဘက်မြို့ ရှိ လျှပ်စစ်ဓါတ်အားပေး စက်ရုံကြီးတစ်ခု ရပ်တန့် သွားခဲ့ဖူးကြောင်း သိရသည်။

AR 2192 ဖြစ်ပေါ်နေသော နေမျက်နှာပြင်သည် ကမ္ဘာဘက်သို့ နောက်ထပ်နှစ်ပါတ် အကြာတွင် လှည့်လာ အုံးမည် ဖြစ်ပြီး ထိုအချိန်အထိ ဤဂျူပီတာဂြိုလ်အရွယ်ခန့် ရှိသော နေအစက်အပြောက်ကြီး ရှင်သန်ကျန်ရှိနေ အုံးမည်ဟု သိပ္ပံပညာရှင်များက သုံးသပ်နေကြောင်း သိရသည်။

 Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...