လေပြည်က သစ်ရွက်ကို ပိုးပန်းနေပါတယ်

လေပြည်က သစ်ရွက်ကို ပိုးပန်းနေပါတယ်။ သစ်ရွက်နဲ့ အတူ အပြင်လောကရဲ့ ရောင်စုံအလှတွေ သွားကြည့်မယ်လို့ ကတိပေးနေ ပါတယ်။ လေပြည်နဲ့ အတူသွားဖို့ သစ်ရွက်လေးတွေ ဝေနေခဲ့လို့ သစ်ပင်ကို အကြံဉာဏ်ပေးဖို့ သစ်ရွက် တောင်းဆို ခဲ့တယ်။

"နင်သာ ခွဲထွက် မသွားရင် ငါလည်း နင့်ကို စွန့်လွှတ်မှာ မဟုတ်ဘူး" လို့ သစ်ပင်က ဆိုတယ်။

ဒီလိုနဲ့တစ်နေ့မှာ လေပြည်ရဲ့ ခေါင်းမာတင်းခံမှုက သစ်ရွက်လေးရဲ့ ရင်ကို လှုပ်ခတ်နိုင်ခဲ့တယ်။ လေပြည်နဲ့ အတူမျောလွင့်ဖို့ သစ်ရွက်လေး ဆုံးဖြတ်လိုက်တယ်။ ခွဲခွာမယ့် အခိုက်အတန့်မှာ သစ်ရွက်က သစ်ပင် ကိုမေးတယ်။

"သစ်ပင် ငါ့ကိုနေခဲ့ပါလို့ ဘာဖြစ်လို့ နင်မတားတာလဲ"

"လောကမှာ သစ်ရွက်က နင့်တစ်ရွက်တည်းရှိတာမှာ မဟုတ်တာ" တဲ့။ သစ်ပင်က မာနနဲ့ဆိုတယ်။

"ငါ့ကို နင်ဘာဖြစ်လို့ ပိုးပန်းတာလဲ လေပြည်" သစ်ရွက်က လေပြည်ကို မေးလိုက်တယ်။

"လောကမှာ ထပ်တူကျတဲ့သစ်ရွက်နှစ်ရွက်ဆိုတာ မရှိလို့ပါ"တဲ့ လေပြည်ကဖြေတယ်။

သစ်ပင်နဲ့ လေပြည်ရဲ့မတူတဲ့အဖြေနှစ်ခုက သစ်ရွက်လေးကို နှုတ်ဆိတ်သွားစေခဲ့တယ်။

သစ်ပင်က အချစ်ကို နားမလည်တာလား၊ ဒါမှမဟုတ် လေပြည်ကပဲ သိပ်ခေါင်းမာ ဇွတ်တရွတ်နိုင်တာ ပဲလား....

"ဘာဖြစ်လို့ ငါ့ကို နင်ခွဲသွားချင်တာလဲ" တဲ့...သစ်ပင်က သစ်ရွက်ကိုမေးတယ်။
"အပြင်လောကကို ငါသွားကြည့်ချင်လို့ပါ" သစ်ရွက်က တက်တက်ကြွကြွ ဖြေတယ်။

"ဘာဖြစ်လို့ ငါနဲ့အတူ နင်လိုက်ခဲ့တာလဲ" တဲ့...လေပြည်က သစ်ရွက်ကိုမေးတယ်။
"နင်က ငါ့ကို စိတ်ကူးအိပ်မက်တွေပေးပြီး ငါ့ကို ကျေနပ်လောက်စေလို့" လို့ သစ်ရွက်က ဝမ်းသားအားရဖြေ တယ်။

လေပြည်နဲ့အတူမျောလွင့်ပြီး လောကကြီးကို သစ်ရွက်လေး တအံ့တသြကြည့်နေချိန်မှာ လေငြိမ်သွားပါတယ်။ သစ်ရွက်လေး မြေပြင်ပေါ်ဖြုတ်ခနဲပြုတ်ကျသွားခဲ့တယ်။ မျက်နှာချင်းဆိုင်ကလာတဲ့ ကားတစ်စီးဟာ သစ်ရွက်လေးအပေါ် ဖြတ်နင်းသွားခဲ့ပါတယ်။

သစ်ပင် နောင်တရမိပါတယ်။ သစ်ရွက်ကို မတားခဲ့မိတဲ့အတွက်၊ သစ်ရွက်ကို တင်းတင်းတွယ်နှောင် မထားမိတဲ့ အတွက် နောင်တရမိပါတယ်။

လေပြည်က ဆက်လက်တိုက်ခတ်နေပါတယ်။ ဘာမှ မခံစားရသလိုနဲ့ ဆက်လက်တိုက်ခတ်နေပါတယ်။ နင့်ကို ငါကျေနပ်စေခဲ့ပြီ.. အဲဒီအတွက် နင်လည်းတစ်ခုခုတော့ ပေးဆပ်ရမှာပေါ့တဲ့...

သစ်ရွက်လေးက သစ်ပင်ရဲ့တန်ဖိုးကို နားမလည်တာလား၊ ဒါမှမဟုတ် လေပြည်ကပဲ ရက်စက်လွန်းနေ တာလား..

-----

တစ်ခါတလေမှာ ငါတို့လည်း ဒီအတိုင်းပါပဲ။ ရှေ့တိုးမရ နောက်ဆုတ်မရတဲ့ အခြေအနေရောက်မှ
ကိုယ် လက်လွှတ်လိုက်မိတဲ့ အရာတွေက ကိုယ့်ဘဝထဲမှာ နောက်ထပ်တစ်ဖန်ပြန်မရ၊ ပြန်မဆုံနိုင်မှန်းကို သိရတယ်။

တကယ်လို့ စိတ်သာ မလှုပ်ရှားခဲ့ရင် လေပြည်လည်း ဘာမှတတ်နိုင်မှာမဟုတ်ဘူး။
စိတ်တည်ငြိမ်မှ ကိုယ့်စိတ်ရဲ့အသံကို ကိုယ်ပြန်ကြားနိုင်မှာ၊
စိတ်တည်ငြိမ်မှ အမှားအမှန်ကို ခွဲခြားသိနိုင်မှာဖြစ်တယ်

လက်မလွှတ်ရက်ဘူးဆိုတဲ့အရာတိုင်းဟာ အဖိုးထိုက်တန်တဲ့အရာ မဟုတ်နိုင်သလို ပင်ပင်ပန်းပန်း လိုက်လံရှာဖွေတဲ့အရာတိုင်းကလည်း ဘဝရဲ့လိုအင်တွေ မဟုတ်ပါဘူး။

လူ့ဘဝရဲ့ခြေလှမ်းတွေဟာ အမြဲတမ်း အလောတကြီးနိုင်လွန်းတယ်၊ ကတိုက်ကရိုက်နိုင်လွန်းတယ်။ ပင်ပန်း တာတွေ၊ အလောကြီးတာတွေကို ခေတ္တခဏဘေးဖယ်ပြီး တစ်ခါတလေမှာ ပတ်ဝန်းကျင်က ရှုခင်းတွေ ကိုလည်း ရပ်နားကြည့်ရှု ခံစားသင့်ပါတယ်။ ပန်းပွင့်တာကို ခဏလောက် ဆိတ်ဆိတ်ငြိမ်ငြိမ် ထိုင်ပြီးကြည့် မယ်၊ ကန်ရေမျက်နှာပြင်လို ခဏလောက် တည်ငြိမ်ကြည့်မယ်၊ ငှက်ကလေးတွေရဲ့ တေးသီသံကို နားစွင့် ကြည့်မယ်၊ ကိုယ့်ရင်ခုန်သံကို ကိုယ်နားထောင်ကြည့်မယ်ဆိုတာမျိုးတွေလည်း လုပ်နိုင်ပါတယ်။

ဘာပဲရှုံးရှုံး ခံစားချက်တော့ မရှုံးစေနဲ့တဲ့....
စိတ်ခံစားချက်ဆို ဘဝရဲ့အရာအားလုံး မဟုတ်ပေမယ့် ဘဝကို အကျဉ်းအကျပ်ထဲ ရောက်စေနိုင်ပါတယ်။
စိတ်ခံစားချက် ကောင်းရင် ဘာကိုပဲကြည့်ကြည့် မျက်စိပသာဒဖြစ်စေပြီး ဘာလုပ်လုပ် အဆင်ပြေနေရောတဲ့။
စိတ်ခံစားချက်မကောင်းရင် ဘာကိုပဲ ကြည့်ကြည့် မျက်စိစူးစေပြီး ဘာလုပ်လုပ် အကုန်ရှုပ်ကုန်ရောတဲ့။
စိတ်သာမလှုပ်ရှားရင် လေပြည်လည်း တိုးနိုင်မှာ မဟုတ်ပါဘူး။
---

http://www.52114.org/weixintuwen/xinlingjitang/58/285190.html ကို ဆီလျော်သလို ဘာသာပြန်ရေးမျှဝေပါတယ်။

နိုင်းနိုင်းစနေ (Nov. 10 . 2014)
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...