အိမ်ထောင်မပြုသော မိန်းကလေးဦးရေ တိုးလာခြင်းကြောင့် လူဦးရေ ဟန်ချက်ပျက်နိုင်

သမန်းကျား၊ ရတနာပုံ သတင်းစာ

တစ်ကမ္ဘာလုံးမှာ ယဉ်ကျေးမှုတွေ တူညီနီးစပ် လာတာနဲ့ အမျှ ‘မိန်းကလေး’ တွေ သူတို့ ကိုသူတို့  ခံစားသိမြင် ပုံတွေလဲ မတူကွဲပြား လာပါတယ်။ ဒီဖက်ခေတ်ကြီးမှာ မိန်းကလေးတွေ ဟာ ယောက်ျား လေးတွေထက် ပညာအဆင့် အတန်း မြင့်မားလာ ကြပါတယ်။ လုပ်ငန်းခွင်မှာ လည်း လစာကောင်းကောင်းနဲ့  အလုပ်ရလာ ကြပြီး မြို့ ကြီးပြကြီးတွေကို စွန့် စွန့် စားစား သွားရောက်ပြီး အလုပ်လုပ်ကြသူ ဦးရေမှာလည်း မိန်းကလေး အရေအတွက်က ပိုနေပါတယ်။

သူတို့ လည်း ချစ်သူ ထားကြပါတယ်။ ဒါပေမယ့် သူတို့ ရဲ့ စံချိန်စံညွှန်းနဲ့  မကိုက်ညီဘူးဆိုရင် လမ်းခွဲလိုက်ကြ ပါတယ်။ အချစ်အတွက်၊ ယောက်ျားလေးတွေ အတွက် ဘ၀ကိုအနစ်နာ ခံရလောက်အောင် သူတို့  မညံ့ဖျင်း ကြ တော့ပါဘူး။ ဒီလိုနဲ့  ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်လာတဲ့ မိန်းကလေးတွေဟာ အိမ်ထောင်ပြု ဖို့  သိပ်စိတ်မ၀င် စားကြတော့တာကို တွေ့ ရပါတယ်။ ၂၀၁၂ ခုနှစ် ကိန်းဂဏန်းများအရ အမေရိကန် ပြည်ထောင်စုမှာ အသက်(၁၈-၂၉)အကြား မိန်းကလေးတွေ အိမ်ထောင်ပြုမှုနှုန်းဟာ ၂၀ ရာခိုင်နှုန်းပဲ ရှိခဲ့ပါတယ်။

အရွယ်ရောက်ပေမယ့် အိမ်ထောင်မပြုဘဲနေဖို့  ရွေးချယ်ခဲ့ ကြသူတွေကို မေးမြန်း ကြည့်တဲ့ အခါမှာ အကြောင်းရင်း (၁၀)မျိုး ရရှိပါတယ်။

အမှီအခိုကင်းတဲ့ ဘ၀ကိုနှစ်သက်ကြပါတယ်။ အိမ်ထောင်မပြုတဲ့ ယောက်ျားလေးတွေလိုပဲ အလုပ်သွား ကြတယ်၊ သူငယ်ချင်း၊မိသားစုတွေကို အချိန်ပေးကြတယ်၊ ၀ါသနာပါရာလေးတွေ လုပ်ကြတယ်၊ အိမ်မှု ကိစ္စတွေကို ကိုယ်တိုင်ပဲ လ်ုကြတယ်။ တစ်ယောက်တည်း နေရတဲ့ဘ၀မှာ ကျေနပ်ကြပါတယ်။ မိသားစုနဲ့  သူငယ်ချင်းတွေရဲ့ အိမ်ထောင်ပြုဖို့  ပေးတဲ့ဖိအားကိုလည်း ကြံ့ကြံ့ခံကျော်လွှား ကြပါတယ်။

ကိုယ်ပိုင်လွတ်လပ်ခွင့်ကို မြတ်နိုးကြပါတယ်။ ထက်မြက်တဲ့ မိန်းကလေးတွေဟာ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ခံစားမှု ပိုင်းတို့ အတွက် ယောက်ျားလေး အဖော်လိုအပ်ပေမယ့် သူတို့ ရဲ့ စိတ်ကူး၊ ဆုံးဖြတ်ချက်၊ ရည်ရွယ်ချက်၊ လုပ်ဆောင်ချက် တွေကို တစ်မျိုးတစ်ဖုံကန့် သတ်ချုပ်ချယ်မယ့် ယောက်ျားလေးကို မနှစ်သက် ကြပါဘူး။ အိမ်ထောင်ပြုလိုက်ရင် ဒါတွေက ချက်ခြင်းဖြစ်လာမှာမို့  တစ်ယောက်တည်းပဲနေဖို့  ရွေးချယ်ကြ တာဖြစ်ပါ တယ်။

လုပ်ငန်းခွင်မှာစိတ်ကျေနပ်မှုရကြလို့ ပါ။ ဘ၀ရည်မှန်းချက် လှေကားထစ်တွေကို တစ်ထစ်ပြီးတစ်ထစ် တက်နေတဲ့ မိန်းကလေးဟာ ထိပ်ကိုရောက်အောင်သွားချင်ပါတယ်။ အိမ်ထောင်ပြုလိုက်ရင် ရည်မှန်းချက် ပန်းတိုင်ကိုတက်လှမ်း နေတဲ့ ခြေထောက်တစ်စုံကိုချုပ်ကိုင်လိုက်သလို ဖြစ်သွားမှာမို့  ဘယ်သူ့ ကိုမှ မစောင့်ဘဲ တစ်ယောက်တည်း ခပ် သွက်သွက် ရှေ့ ဆက်လျှောက်လှမ်းချင်ကြပါတယ်။

အယူအဆလေးတွေ မတူကြပါဘူး။ အချို့ က အပျိုဖော်ဝင်စကတည်းက အချစ်ကို စိတ်ဝင်စားပြီး ယောက်ျားလေး တစ်ယောက်ရဲ့ လက်မှာဘ၀တစ်ခုလုံးကို ပုံအပ်ပစ်လိုက်လေ့ ရှိပါတယ်။ ဘ၀ကိုတစ်ယောက်တည်း ရင်ဆိုင်ဖို့  အဆင်သင့်မဖြစ်သူတွေ ဒီလိုလုပ်ကြတာ များပါတယ်။ အချစ်၊ လိင်ပိုင်းဆိုင်ရာနဲ့  အိမ်ထောင်ရေးကို ခွဲခြားသိမြင်တဲ့ မိန်းကလေးတွေကတော့ ဘ၀မှာဖြစ်ချင်တာတွေ အားလုံးဖြစ်ပြီးပြီ၊ စိတ်ကျေနပ်ပြီဆိုမှ အိမ်ထောင်ပြုသင့်ရင် ပြုမယ် လို့  ယူဆကြသူတွေပါ။

အချိန်အခါကောင်းကို စောင့်ကြပါတယ်။ သွေးဆူလွယ်တဲ့ အရွယ်မှာ အိမ်ထောင်ပြုခဲ့ကြ သူတွေဟာ စလယ်ဝင်အိုး ဖင်မမည်းခင်မှာပဲ ကွဲကြ၊ကွာကြတာကို တွေ့ ခဲ့တဲ့ မိန်းကလေးတွေဟာ ဘ၀မှာအချစ်စစ်ကို ရရင်ရ၊ မရရင် အိမ်ထောင်ဖက်အစစ်ကို ရတဲ့အထိ စောင့်ကြပါတယ်။ Life begins at forty ဆိုသလိုပဲ လူလတ်ပိုင်းအရွယ်ကို ရောက်လာတဲ့အခါ ကိုယ်ကိုယ်တိုင်ကိုရော၊ သူများတွေကိုပါ ပိုပြီးနားလည် သဘောပေါက်လာ ကြတဲ့အတွက် အဲဒီ အရွယ်မှာ အိမ်ထောင်ဖက် အစစ်ကို ရွေးချယ်နိုင်ကြပါတယ်။

ဘ၀ကိုလွတ်လပ်စွာ ထုဆစ် ပုံသွင်းနိုင်လာကြတယ်။ သင်တန်းတွေတက်၊ အလုပ်တွေဝင်၊ ပရဟိတ လုပ်ငန်းတွေလုပ်၊ ဟိုကွန်ရက်ဒီကွန်ရက်နဲ့ ချိတ်ဆက်ပြီး တစ်နေ့ တစ်နေ့  အလုပ်ရှုပ်နေ ကြလေတော့ ယောက်ျားလေးတွေ ကိုလည်း လူတွေလို့ ပဲမြင်လာကြတော့တယ်။ ကိုယ့်ဘ၀ကိုကိုယ် စိတ်တိုင်းကျထုဆစ်ပုံသွင်းချင်ကြတယ်။ လင်မရှိတဲ့မိန်းမ မျက်နှာငယ် ဆိုတဲ့နေရာမှာ လင်မရှိတဲ့မိန်းမ မျက်နှာမငယ် လို့  ပြောင်းပြီး ဆိုလာတတ်ကြတယ်။

ဘ၀တိုးတက်မယ့်အခြေအနေ မတွေ့ ဘူးဆိုရင်လည်း လက်မထပ်ကြတော့ပါဘူး။ ဆင်းရဲတဲ့မိန်းကလေးဟာ ဆင်းရဲ တဲ့လူတစ်ယောက်နဲ့ လက်ထပ်ရင် အဲဒီလိုပဲ ဆက်ဆင်းရဲနေမှာကို စိုးရိမ်ပါတယ်။ အိမ်ထောင်ကျရင် ကလေးတွေရှိ လာမယ်၊ လင်ယောက်ျားက လုံလောက်အောင် ရှာမကျွေးနိုင်ဘူးဆိုရင် အိမ်ထောင်မပြုရင် ကိုပဲ အဲဒီအရှုပ်ဒုက္ခတွေ မရှိဘဲ တစ်ယောက်ထဲ လွတ်လပ်ပေါ့ပါးစွာ နေနိုင်မယ်လို့  သူတို့ ယုံကြည်ကြ ပါတယ်။

တွက်ချက်လာကြပါတယ်။ အိမ်ထောင်ပြုရင် မိသားတစ်စုဖြစ်လာမယ်။ ကိုယ်ကဒိုင်ခံ ချက်ပြုတ်လျှော်ဖွပ် ရမယ်။ ကလေး ရလာပြန်ရင်လည်း ကိုယ်က ၉၀ ရာခိုင်နှုန်းပျိုးထောင်ရမယ်။ ခင်ပွန်းသည်ကို ၀တ်ကြီး ၀တ်ငယ်ပြုစုရမှာ ဖြစ်သလို နှစ်ဖက်ဆွေမျိုးမငြိုငြင်အောင်လည်း လုပ်ပေးရအုံးမယ်။ နာမည်ရှေ့ က ‘မ’ နေရာမှာ ‘ဒေါ်’ လေး တစ်လုံး ပြောင်းလိုက်မိတာကို ခါးသည်းစွာ ပေးဆပ်နေရလိမ့်မယ်။ ဒါ့အပြင် ကိုယ်တစ်သက်လုံး ကြိုးစားလာပြီးမှ အလုပ် ဆက်မလုပ်ရဘူးဆိုရင် ဘ၀ရှုံးတာမို့  ဒီအဖြစ်တွေနဲ့  ကင်းဝေးအောင် လက်မထပ်ဘဲနေဖို့  ဆုံးဖြတ်တတ်ကြပါတယ်။

အိမ်ထောင်ရေး ဖောက်ပြန်မှုကို ကြောက်ကြတယ်။ ရုပ်သံဌာနက မိန်းမချောလေး (၃)ဦးက သူတို့ ရဲ့ လူနေမှု အဆင့် အတန်းနဲ့ ဝင်ငွေအရာမှာ ယောက်ျားလေးတွေ အိမ်ထောင်ရေး ဖောက်ပြန်တာကို အမြဲမြင်တွေ့ နေ ရတဲ့တွက် ကိုယ် တွေလဲ ဒီလိုအဖြစ်မျိုးကိုခံစားရမယ့်အတူ အိမ်ထောင်မပြုဘဲနေဖို့  ဆုံးဖြတ်တာလို့  ပြောပြ ပါတယ်။
 
မိန်းကလေး တစ်ယောက် အိမ်ထောင်ပြုခြင်း၊မပြုခြင်းဟာ သူမရဲ့ ကိုယ်ပိုင် အခွင့်အရေးဆိုပေမယ့် ကမ္ဘာ့ အရေး၊ နိုင်ငံ့ အရေးကိုတော့ ပိုပြီးဦးစားပေးဖို့ လိုအပ်လိမ့်မယ်လို့  ချစ်သူအိမ်ထောင်ဖက်များ ဆိုင်ရာ စိတ်ပညာရှင် တစ်ဦးက ပြော ပါတယ်။

မိန်းကလေးတွေက အရွယ်ငယ်တုန်းမှာ အိမ်ထောင်မပြုဘဲ နောက်ကျမှ အိမ်ထောင်ပြုမယ်ဆိုရင် ကလေး ရရှိချိန်လည်း နောက်ကျမှာဖြစ်သလို ကလေးအရေ အတွက်လည်း နဲပါးသွားနိုင်ပါတယ်။ ဒါဆိုရင် နိုင်ငံ အသီးသီး လည်ပတ်နိုင်ဖို့  မရှိမဖြစ်လိုအပ်တဲ့ လူငယ်အင်အားစု အရွယ်ရောက်ဖို့ ဆိုတာလည်း နှောင့်နှေး သွားမှာပါ။ အခုကို လူဦးရေဟန်ချက်ပျက်တာနဲ့  ကြုံတွေ့ နေရတဲ့နိုင်ငံ အတော်များလာနေပါပြီ။ စင်္ကာပူ၊ ဂျပန်၊ ဂျာမနီ တို့ ဟာ ထင်ရှားပါတယ်။ နိုင်ငံထဲမှာ ကလေးနဲ့ သက်ကြီးအရေအတွက်ဟာ လူငယ်နဲ့  လူလတ်ပိုင်း အရေအတွက်ထက် ပိုများ နေမယ်ဆိုရင် အဲဒီကလေးနဲ့ သက်ကြီးတွေကို စောင့်ရှောက်နေ ရတာနဲ့ ပဲ လူငယ်နဲ့ လူလတ်တွေဟာ အရှေ့ ကို ရောက်အောင်သွားဖို့  အခက်ကြုံကြပါလိမ့်မယ်။

ဒီ့အတွက် နိုင်ငံ့စီးပွားရေး၊ လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိတဲ့ အရေးကြီး ကဏ္ဍတွေဟာ ယိမ်းယိုင် သွားနိုင်ပါတယ်။ ဒါ့အတွက် ယနေ့ လူငယ်များဟာ လူ့ အခွင့်အရေးကို တန်ဖိုးထားကြတယ် ဆိုပေမယ့် လည်း နိုင်ငံ့အရေး၊ ကမ္ဘာ့ အရေး ဆိုရင်တော့ ကိုယ့်အခွင့်အရေးကို စတေးသင့်စတေးပြီး လွတ်လပ် ပျော် ရွှင်သော တစ်ကိုယ်ရည်တည်း သမားမှသည် အောင်မြင်သော အိမ်ထောင်ရှင်များ အဖြစ် မိမိကိုယ်ကိုယ် အချိန်မှီပြုပြင်ပြောင်းလဲသင့် ပါတယ်လို့  လေ့လာရေးသား တင်ပြလိုက်ရပါတယ်။

 Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...