Adobo Chicken (သို့မဟုတ်) ဖိလစ်ပီနို စတိုင် ကြက်သား အချိုနှပ်

ဖိလစ်ပီနို ဟင်းလေး ချက်လက်စနဲ့ နောက်တစ်မျိုး ဆက်ချက် လိုက်ဦး မယ်နော်။ ဒီတစ်ခါတော့ သူတို့ရဲ့ National dish လို့ခေါ်တဲ့ Adobo ကြက်သား အချိုနှပ်ပါ။

ကြက်သားကို ပဲငံပြာရည်၊ ငရုတ်ကောင်းစေ့ အနက်တို့နဲ့အတူ အုန်းရည်နဲ့ လုပ်ထားတဲ့ ရှလကာ ရည်တို့နဲ့ နှပ် ထားပြီး အိုးကပ်လေး ချက်ထားတာပါ။

မြန်မာလို ကြက်သားကို ပဲငံပြာနဲ့နှပ်ပြီး အချိုချက် ချက် ပုံနဲ့ တူပါတယ်။

ထူးခြားတာက အုန်းရည်ရှလကာရည် ပါပဲ။ ရှလကာရည်ပါတယ်ဆိုပေမယ့် ချဉ်တာမျိုးမဟုတ်ဘဲ ဆိမ့်နေ ပါတယ်။

ခက်တာက သူတို့ရဲ့ အုန်းရှလကာရည်ကို လွယ်လွယ်မရသေးတာပါ။ ဒါပေမဲ့ apple cider vinegar လို့ ခေါ် တဲ့ အချိုဓာတ်ပါတဲ့ ရှလကာရည်ကို အစားထိုးလို့ရပါတယ်။

Apple cider vinegar ကို စူပါမားကက်ဆိုင်ကြီးတွေမှာ ရနိုင်ပါတယ်။

ဒီဟင်းက ချက်ရတာ လွယ်ပါတယ်။ သူ့ရဲ့လျှို့ဝှက်ချက်ကတော့ ဟင်းချက်နေစဉ်မှာ အဖုံးကို ခဏခဏ ဖွင့်မကြည့်မိဖို့ လိုပါတယ်။

အဲဒီတော့ အိုးထူထူလေးနဲ့ မီးအေးအေးလေးမှာ နှပ်ပြီးချက်ပေါ့။

အဒိုဘို (Adobo)
 
ပါဝင်ပစ္စည်းများ

(၆ ယောက်စာ)
ကြက်သားပေါင်သား အရင်းပိုင်း ၄ ခု
ကြက်သားပေါင်လုံးသား ၄ ခု (သို့မဟုတ်) ကြက် ၁ ကောင် ၈၀၀ သို့မဟုတ် ၉၀၀ ဂရမ်
ဟင်းသီးဟင်းရွက်ဆီ ၁/၄ ခွက်
ကြက်သွန်ဖြူ ၅ မြွှာ
ကြက်သွန်နီ (အလတ်) ၂ လုံး
Bay leaves ၄ ရွက်
သကြားအညို လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ပဲငံပြာရည်အကြည် ၁၀၀ မီလီလီတာ
Apple cider ရှာလကာရည် ၁/၄ ခွက်
ငရုတ်ကောင်းစေ့အနက် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြင်ဆင်ပုံ

ကြက်သွန်ဖြူတွေကို အခွံနွှာပြီး ညက်ညက်လေးထောင်းပါ။ သို့မဟုတ် ညှစ်ထားပါ။

နောက် ဖန်ပန်းကန်လုံးတစ်ခုထဲမှာ ကြက်သားတွေကို ပဲငံပြာရည်၊ ကြက်သွန်ဖြူတွေနဲ့ သမအောင် နယ်ပြီးရင် အနည်းဆုံး တစ်နာရီ ဒါမှမဟုတ် သုံးနာရီလောက် ကြာအောင် နှပ်ထားပါ။

ကြက်သွန်နီတွေကို ပါးပါးလှီးပါ။ ငရုတ်ကောင်းစေ့အနက်က လှော်ပြီးသား ဆိုရင် ပိုကောင်းပါတယ်။

ဟင်းချက်ဖို့ အိုးကိုရွေးတဲ့အခါ အိုးကြီးကြီးကို ရွေးပါ။

အိုးထဲ ကြက်သားထည့်ပြီးတဲ့အခါ ကြက်သားက အိုးတစ်ဝက်စာ အပြည့်ပဲဖြစ်ရင် ပိုကောင်းပါတယ်။ ဒါမှ အငွေ့နဲ့ ကြက်သားက နူးနေမှာပါ။

အိုးထဲကို ဆီထည့်ပြီး ကြက်သားတွေကို ဆံ့သလောက် စီထည့်ကာ ကြော်ပါ။

အရေခွံဘက်ကို အောက်ကထားပြီး စကြော်ပါ။ ပြီးမှ တစ်ဖက်ကို လှည့်ပါ။

အသားတွေ အပေါ်ယံအရေ တင်းပြီး အရောင်ပြောင်းသွားတဲ့အထိ အသုတ်လိုက် ထည့်ကြော်ပါ။

၄၅ မိနစ်နီးပါးမျှ ကြော်ပြီးရင် အသားတွေကို ပြန်ဆယ်ပြီး ထားပါ။

ကြက်သွန်နီနဲ့ bay leaves ကို အိုးထဲသို့ ထည့်ပြီး ဆီသတ်ပါ။

ကြက်သွန်နီတွေ အရောင်ကြည်လာပြီဆိုရင် ကြက်သားတွေကို အိုးထဲပြန်ထည့်ပါ။

နောက် ကြက်သားနှပ်ထားတဲ့ အရည်တွေကို ထည့်ပြီး အဖုံးပိတ်ကာ ပွက်ပါစေ။

အရည်စပွက်ပြီဆိုရင် ငရုတ်ကောင်းစေ့တွေကို ထည့်ကာ မီးအေးအေးနဲ့ မိနစ် ၃၀ လောက် နှပ်ပြီးချက်ပါ။ အဖုံးကို မဖွင့်ပါနဲ့တော့။

မိနစ် ၂၅ - ၃၀ ပြည့်ရင် ရှာလကာရည်နဲ့ သကြားကိုထည့်ကာ နှံ့အောင် မွှေပါ။

ပြီးရင် အဖုံးပိတ်ကာ ၁၀ မိနစ်လောက် ထပ်တည်ပါ။

အပေါ့အငန်အတွက် ဆားကို ထည့်ပါ။

အိုးနည်းနည်း ကပ်တတ်ပါတယ်။ နောက်ပြီး အိုးအထူအပါးနဲ့ မီးပေါ်မူတည်ပြီး အချိန်ကို ချိန်ညှိပါ။

ကြက်သားတွေနူးရင် ချလို့ရပါပြီ။

ထမင်းဖြူနဲ့တွဲပြီး သုံးဆောင်နိုင်ပါတယ်။

အနှစ်တွေ ကျန်လို့ရှိရင် သိမ်းထားပြီး နောက်နေ့မှာ ထမင်းကြမ်းလေးနဲ့ ကြော်စားရင် ရှယ်ပဲလို့ ပြောလို့ရ တယ်။

ဒါက ဖြိုးသူငယ်ချင်း Olive ပေးသွားတဲ့ နည်းလေးတစ်ခုပေါ့။

အိုးသူကြီးအချင်းချင်း လက်တို့သွားတာ။

ဖိလစ်ပီနို ငါးပိချက်

ပါဝင်ပစ္စည်းများ

ဟင်းသီးဟင်းရွက်ဆီ စားပွဲဇွန်း ၂ ဇွန်း
ကြက်သွန်ဖြူ ၄၅ မြွှာ စိမ်းစားငါပိ ၁/၂ ခွက်
သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
Apple cider ရှာလကာရည် စားပွဲဇွန်း ၂ ဇွန်း
ငရုတ်သီး ၃ တောင့်
နံနံပင် အနည်းငယ်
သံပရာသီး ၁ လုံး

ပြင်ဆင်ပုံ

ကြက်သွန်ဖြူတွေကို ညက်အောင် ထောင်းထားပါ။ ဒါမှမဟုတ် ညှစ်ထားပါ။

ငရုတ်သီးစိမ်းတွေကို လှီးထားပါ။

အိုးထဲကို ဆီထည့်ပြီး မီးမပြင်းတပြင်းနဲ့ တည်ပါ။

ဆီပူလာပြီဆိုရင် ကြက်သွန်ဖြူကိုထည့်ကာ ဆီသတ်ပါ။

ကြက်သွန်ဖြူအနံ့ ထွက်လာရင် ငါးပိစိမ်းစားကိုထည့်ကာ တစ်မိနစ်သာသာလောက် ဆီသတ်ပါ။

နောက် သကြားကို ထည့်ကာ နှံ့အောင်မွှေပြီး မီးပိတ်ကာ အိုးပေါ်မှချပါ။

ပြီးရင် ရှာလကာရည်ကိုထည့်ကာ နှံ့အောင်မွှေပါ။

အစပ်ကြိုက်ရင် ငရုတ်သီးစိမ်းကို ပိုထည့်နိုင်ပါတယ်။

ငရုတ်သီးစိမ်းကို ထည့်ကာ မွှေပြီး နံနံပင်လေး အုပ်ထားပါ။

သံပရာသီးကို အစိတ်သေးသေးလေးတွေ စိတ်ပြီး တို့စားနိုင်ပါတယ်။

Myanmar Times
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...