အိုင်ဖုန်းစတိုင် ပစ္စတို သေနတ် ထုတ်လုပ်

သန်းထိုက်စိုး

မီယာမီ ၊ နိုဝင်ဘာ ၂၀

ခါးမှာ ချိတ်ထားတာ ရုတ်တရက် ကြည့်လိုက်လျှင် အိုင်ဖုန်းဟု ထင်ရသည်။ သို့သော် ပစ္စတို သေနတ် ဖြစ်၏။ အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ် မီယာမီမြို့မှ လက်နက် လုပ်ငန်း Taurus က ထုတ်လုပ်သော ဒေါ်လာ လေး ရာတန် ပစ္စတို သေနတ်သည် အိုင်ဖုန်း တစ်လုံးစာ အရွယ် ရှိအောင် ထုတ်လုပ် ထားသလို၊ ရုတ်တရက် ကြည့်လျှင်လည်း အိုင်ဖုန်း တစ်လုံး ကဲ့သို့သာ ဖြစ်သည်။

သေနတ်သည် ပြောင်းဝ သီးသန့် ထုတ်ထားခြင်း မရှိ။ လေးထောင့်သာ ဖြစ်သောကြောင့် မြင်ရလည်း ရုပ်မဆိုးကြောင်း သိရသည်။ အိတ်ကပ်ထဲ ချောချော မောမော ထိုးထည့် ထားနိုင်ရန် အတွက် ပစ်မှတ် ချိတ်သည့် ဘုငယ် တစ်ခုထိပ်တွင် မထည့်ဘဲ ချန်လှပ် ခဲ့သော်လည်း ပစ်မှတ်ကို အလွယ်တကူ ချိန်နိုင် ရန် လေဆာ မီးတန်း ထည့်သွင်း ပေးထားသဖြင့် ပို၍ တိကျ မြန်ဆန်စွာ ပစ်ခတ်နိုင်မည် ဖြစ်သည်။

သေနတ်ကို အိုင်ဖုန်း နှင့် ဆိုက်ဒ်ချင်း တူအောင် ထုတ်လုပ်ရခြင်းမှာ ယနေ့ စမတ်ဖုန်း လူ့အဖွဲ့အစည်း အတွင်း အဆင်ပြေစွာ ကိုင်နိုင်ကာ မိမိကိုယ်ကို ကာကွယ်နိုင်ရန် ဖြစ်ကြောင်း Taurus ကုမ္ပဏီက ထုတ်ပြန် ကြေညာသည်။ ကျည်ဆန် ခုနစ်တောင့် ထည့်နိုင်သည်။ အလေးချိန် (၁၀ ဒသမ ၂) အောင်စသာ ရှိသည်။ သေနတ်ကို Curve ဟု အမည်ပေး ထားသည်။

““ကုမ္ပဏီက အင်ဂျင်နီယာတွေ အိုင်ဖုန်း ပုံစံမျိုး သေနတ် တစ်လက်လောက် လုပ်နိုင်မလားလို့ လွန်ခဲ့တဲ့ သုံးနှစ်က စိန်ခေါ်ခဲ့တယ်။ အခု အင်ဂျင်နီယာတွေ စိန်ခေါ်မှုကို အောင်အောင် မြင်မြင် အနိုင် ယူလိုက် ပြီ”” ဟု Taurus မှ ဈေးကွက် မန်နေဂျာ ဆာရာပါရီက ပြောသည်။

Source: Daily Mail
The Messenger
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...