လာအို-ထိုင်း စတိုင် ဂဏန်းသား သင်္ဘောသီးထောင်း

အခြေခံ သဘော တရားတူတဲ့ စားစရာ တစ်မျိုး တည်းကိုပဲ ဒေသတွေ၊ နိုင်ငံတွေ မတူတာနဲ့ ပါဝင်ပစ္စည်းများ ကွာခြားမှု အနည်းငယ် ရှိသွားကြပါ တယ်။ သင်္ဘောသီးထောင်းကို ထိုင်း ပုံစံထောင်းရင် ပုဇွန်ခြောက် (ပုံ မပျက်အောင် ရေမစိမ်ပဲ ထောင်း ကြပါတယ်)၊ ရွှံ့ကဲ့သို့ စေးနေသော Pulm sugar အပျော့၊ ငါးငံပြာရည် နဲ့ မြေပဲလှော်ကို သုံးပြီး ငပိမထည့်ပဲ ထောင်းပါတယ်။ လာအို ပုံစံထောင်း ရင်တော့ padek (fermented fish sauce) (သို့) စိမ်းစားငပိ (fish paste)၊ crab paste , ငါးငံပြာ ရည် နဲ့ ရိုးရိုးသကြား အဖြူ ကို သုံးပြီး ပုဇွန်ခြောက် မထည့်ပါဘူး။ ကျွန်မ ကတော့ ထုံးစံအတိုင်း စားကောင်း ဖို့ကို အဓိက ထားသူမို့ မိမိကြိုက် တာလေးတွေ အပိုထည့်ပြီး ထောင်းထားပါတယ်ရှင်…. အစားအစာများ ရိုးရာ မပျက်အောင် ထိန်း သိမ်းစောင့်ရှောက် လိုသူများ မိမိကြိုက်နှစ်သက်ရာ နည်းကို အသုံးပြုနိုင်ပါတယ် ရှင် …

soft shall crab (ဂဏန်းပျော့), salted crab ကို ကျွန်မ မစားတဲ့အတွက် ဆီမပါပဲ ကျက်ရုံ အိုးပူတိုက် ထားသော ဂဏန်းသားကို သုံးထားပါတယ်။ ဂဏန်းသား ရှာဖွေရတာ မလွယ်ပါက ပုဇွန်ကိုအိုးပူတိုက် သုံးနိုင်သလို ဘာအသားမှ မထည့်လည်း ရပါတယ်။

ပဲတောင့်ရှည်သီး (long bean)၊ ခရမ်းကြွပ်သီး (Thai eggplant) များကိုလည်း ကြိုက်လျှင် ထည့်ထောင်းနိုင် ပါတယ်။

အခွံခွါပြီး ရေဆေးထားသော သင်္ဘောသီးကို ပုံပါအတိုင်း ဓါးဖြင့် ခပ်စိပ်စိပ်ပေါက်ကာ ပါးပါးလှီးထား ပါ။ ခြစ်ပြီးသုံးနိုင်ပါသော်လည်း ဓါးဖြင့်ပေါက်တာက ပိုကြွပ်စေပါတယ်။ ( ကျွန်မသုံးတဲ့အသီးက လတ်ပြီး ကြွပ်ပေမယ့် အဝါရိပ်သန်းနေတဲ့အတွက် အရောင်ကို စိတ်တိုင်းမကျပါဘူး။ ဝယ်ယူရ လွယ်ကူသူများ စိမ်းပြီး လတ်ဆတ်ကာ မာနေသော သင်္ဘောသီးကို သုံးစေချင်ပါတယ်။)

***... လာအို-ထိုင်း စတိုင် ဂဏန်းသား သင်္ဘောသီးထောင်း အတွက် လိုအပ်တာလေးတွေ…

1. ငရုတ်သီးစိမ်း – ၅ တောင့် (သို့) စားနိုင်သလောက် (ထောင်းရလွယ်ကူစေရန် ထက်ပိုင်းပြတ်လှီးထားပါ။)
2. ကြက်သွန်ဖြူ အတက်ကြီး – ၃ တက် (ထောင်းရလွယ်ကူစေရန် ထက်ပိုင်းပြတ်လှီးထားပါ။)
3. သကြား – လက်ဖက်ရည်ဇွန်း ၃ ဇွန်း
4. စိမ်းစားငပိ – လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံခန့်
5. ပုဇွန်ခြောက် – ထမင်းစားဇွန်း ၁ ဇွန်း (ထောင်းသောအခါ အနည်းငယ်ညက်ပြီး အရသာဝင်စေရန် ၁ မိနစ်ခန့် ရေနွေးစိမ်ပြီး ရေပြန် စစ်ထားပါ)
5. ငါးငံပြာရည် – ထမင်းစားဇွန်း ၃ ဇွန်း
7. သံပရာ(ရို)ရည် – ထမင်းစားဇွန်း ၃ ဇွန်း (မန်ကျဉ်းရည်ကို အစားထိုးသုံးနိုင်ပါတယ်။)
8. ၈ စိတ်ကွဲလှီးထားသော ဂေါက်သီးအရွယ် ခရမ်းချဉ်သီး – ၁ လုံး
9. ၂ ခြမ်းဖြတ်ကာ ပါးပါးလှီးထားသော သံပုရာ(ရို)သီး – ၄ ပိုင်း (မထည့်လည်းရ)
10. ဓါးဖြင့်ပေါက်ကာ လှီးထားသော သင်္ဘောသီး – 2 cups (500 ml) ခန့်
11. အခွံမပါသော မြေပဲလှော် (သို့) မြေပဲကြော် – ထမင်းစားဇွန်း ၁ ဇွန်းခန့်
12. အိုးပူတိုက်ထားသည့် ဂဏန်းသား – 1/2 cup (125 ml)ခန့်

ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း နှင့် သကြား ကို ဆုံထဲထည့်ကာ အတော်လေး ညက်အောင် ထောင်းပါ။

စိမ်းစားငပိ နှင့် ပုဇွန်ခြောက်ထည့်ကာ အနည်းငယ်ညက်ရုံ ထောင်းပါ။
ငါးငံပြာရည်၊ သံပရာ(ရို)ရည်၊ ပါးပါးလှီးထားသော သံပုရာ(ရို)သီး နှင့် ခရမ်းချဉ်သီးကို ထည့်ကာ အရသာဝင်ရုံ အနည်းငယ်ထောင်းပါ။ (ကြေဖို့၊ ညက်ဖို့မလိုပါ။)

သင်္ဘောသီး၊ မြေပဲဆန် နှင့် ဂဏန်းအသားကိုထည့်ကာ ဇွန်း (သို့) spatual ကိုပါ တွဲသုံး၍ အရသာ နှင့် အဖတ်များ ရောနှောသွားအောင် မကြာခဏ အထက်အောက်လှန်ပြီးမွှေရောကာ ခပ်ဖွဖွထောင်းပါ။ (အဖတ်များ ကြေညက်သွားအောင် မထောင်းရပါ။)

အဖတ်များစိတ်တိုင်းကျ မရောနှောသေးဟုထင်ပါက လက်ဖြင့် ခပ်ဖွဖွနယ်ကာ အသုံးပြုလိုသော ပန်းကန်ထဲ ထည့်၍ ကြွပ်ပြီးချဉ်စပ်ကာ စားကောင်းလှသော လာအို-ထိုင်း စတိုင် ဂဏန်းသား သင်္ဘောသီးထောင်းကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

https://www.facebook.com/ChawSusFoodFriends
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...