ကော်ဖီလား၊ လက်ဖက်ရည်လား

ကိုထိုက်

ကော်ဖီ သမားလား၊ လက်ဖက်ရည် သမားလား။ ဘာကြိုက်သလဲ စာဖတ်သူ။ ၀ိတ်ကျစေခြင်း မှသည် ကင်ဆာ ကာကွယ်ရေးထိ ကော်ဖီနှင့် လက်ဖက်ရည် က တစ်မျိုးစီ အကျိုးပြုသည်။ မနက် မနက် ကော် ဖီလေးမှ မသောက်လိုက် ရရင် မိုးလင်းတယ် လို့ကို မခံစားရဘူးဟု ဆိုသူများ ရှိသလို၊ မနက်ခင်းကို လက်ဖက်ရည်လေးနဲ့မှ မစလိုက် ရရင် နေမထိ ထိုင်မသာကြီး ဖြစ်နေရသည်ဟု ဆိုသူများလည်း ရှိသည်။ မည်သို့ပင် ဆိုစေ နှစ်မျိုးလုံးသည် တစ်နေ့ တာကို လန်းဆန်းစွာ ရင်ဆိုင် နိုင်အောင် ကူပေးကြ သည်ကား ငြင်းဖွယ်ရာ မရှိ။ (ဤနေရာ၌ လက်ဖက်ရည် ဟူသည် လက်ဖက်ရည်ဆိုင်၌ သောက်နိုင်သော နို့၊ သကြားများနှင့် ဖျော်စပ်ထားသော လက်ဖက်ရည်ကို ချည်း မဆိုလို။ လက်ဖက်ရည်ကြမ်းဟု ခေါ်သော လက်ဖက်ရည် အမျိုးမျိုးကိုပါ ဆိုလိုသည်။)

ကျန်းမာရေးနဲ့ ပတ်သက်လျှင်ကား ကော်ဖီက ကောင်းသည်၊ လက်ဖက်ရည်က ကောင်းသည် စသဖြင့် ယနေ့ထိတိုင် ငြင်းလို့ ခုန်လို့ ကောင်းတုန်း ဖြစ်သည်။ မည်သည့်ဘက်က မျှလည်း အနိုင်ရသည် ရယ်လို့ မရှိ။ ကျွန်ုပ်တို့ အတွက် ဘယ်ဟာက ပိုကောင်းပါ သနည်း။ အဖြေသည် လူများစုနဲ့ ထုတ်လို့ မရနိုင်။ တစ်ယောက်ချင်း အတွက် သင့်တော်သည့် အရာသည် ထိုသူအတွက် အကောင်းဆုံး ဖြစ်သည် ဟုသာ ဆိုနိုင်မည်။ မည်သို့ပင် ဆိုစေ ကော်ဖီ လက်ဖက်ရည် တို့နှင့် ပတ်သက်သော ကျန်းမာရေး ဆိုင်ရာ အချေအတင် သက်သေပြချက် များကို ကြည့်ကြဦးစို့။

လုပ်ထားပြီးသည့် လေ့လာ သုတေသနများကို ကြည့်လျှင် ကော်ဖီ လက်ဖက်ရည်နှင့် ပတ်သက်ပြီး သူမသာ ကိုယ်မသာ အနေအထားသာ ရှိကြောင်း တွေ့ရသည်။ လက်ဖက်ရည်သည် မူကွဲ-၁ ဆီးချို ရောဂါကို ကာကွယ်ပေး နိုင်သည်။ နှလုံးရောဂါနှင့် အ၀လွန် ရောဂါကို ကာကွယ်ပေး နိုင်သည်။ ကင်ဆာ ကိုပါ ကာကွယ်ပေး နိုင်သည်ဟု လေ့လာ သုတေသန များက ဆိုထားကြသည်။ နို့မပါဘဲ ဖျော်ထားသည့် ဘလက်တီး လက်ဖက်ရည်ကို တစ်နေ့ လေးကြိမ်နှင့် ရက်သတ္တပတ် ခြောက်ပတ်တိတိ သောက်သုံး သူများကို လေ့လာထားရာ ထိုသူများသည် နို့ပါသော ပုံမှန် လက်ဖက် ရည်သောက်သူများထက် စိတ်ဖိစီးမှု ကို ဖြစ်စေသော ကော်တီဇုန်း ဓာတ်သွေးထဲ ပါဝင်နှုန်း သိသိသာသာ နည်းနေ ကြကြောင်း တွေ့ခဲ့ရသည်။ လက်ဖက်ရည်ထဲ နို့ထည့် သောက်ခြင်းသည်ကား ကင်ဆာကို ကာကွယ်ပေးနိုင်သည့် လက်ဖက်ရည်၏ အာနိသင်ကို ပျက်စေကြောင်းလည်း စစ်တမ်းက ဖော်ပြသည်။

လက်ဖက်ရွက်သည် မည်မျှပင် သဘာဝ အတိုင်း ထုတ်ထားသော အော်ဂဲနစ်ဖြစ်သည် ဆိုဆို ပိုးသတ်ဆေး အာနိသင်ပါနေ တတ်ရာ ထို အာနိသင် ကြောင့် သွေးသည် သံဓာတ်ကို စုပ်ယူမှု အားနည်းကာ သွေးတွင်း ၌ သွေးဖြူဥ နည်းပါးသည့် ပြဿနာ ဖြစ်ပွားနိုင်ကြောင်း နောက်ထပ် လေ့လာမှု တစ်ခု က သတိပေးထား သည်။ သွေးဖြူဥ နည်းပါးသည့် အခါ လူသည် နွမ်းလျခြင်း၊ ရီဝေေ၀ ဖြစ်ခြင်းများ ကြုံရ တတ်သည်။

လက်ဖက်ရွက် အဖူး အညွန့်နှင့် လက်ဖက်ပင်ငယ် များ၏ အရွက်နုများ နဲ့ချည်း လုပ်ထားသော ၀ှိုက်တီး (လက်ဖက်ဖြူ) သည် ဂရင်းတီး (လက်ဖက်စိမ်း) ထက် ကျန်းမာရေး ပိုအထောက်အကူပြု ကြောင်း လည်း နောက်ထပ် သုတေသနများက ဆိုထားသည်။ လက်ဖက်ဖြူသည် ဗီတာမင် စီ၊ အီးစသော အန်တီ အောက်စီးဒင့်များ ပိုများပြားစွာ ပါဝင်ခြင်းကြောင့် လက်ဖက်စိမ်း ထက်ပင် အချို့သောရောဂါများ ကာကွယ်နိုင်စွမ်းအား ပိုမြင့်မားသလို၊ အိုမင်း ခြင်းကိုလည်း နှေးကွေး စေကြောင်း လေ့လာမှု စစ်တမ်းများ အရ သိရသည်။

လက်ဖက်ရည်နှင့် ကော်ဖီ ကျန်းမာရေး အကျိုးပြုမှု

လက်ဖက်ရည်


- တစ်နေ့ သုံးလေးခွက်လောက် သောက်ခြင်းဖြင့် နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေး နိုင်သည်။

-မူကွဲ-၁ ဆီးချို ရောဂါ ကာကွယ်ပေး နိုင်သည်။

- တစ်ရက် လေးခွက်နှင့် ရက်သတ္တပတ် ခြောက်ပတ် ဆက်တိုက် သောက်သူများ စိတ်ဖိစီးမှု ဖြစ်စေ သည့် ကော်တီဇုန်းဓာတ် သိသိသာသာ ကျဆင်း သွားကြောင်း တွေ့ရသည်။

-သွားများကို ခိုင်မာစေသော ဖလူရိုဒိုက် ပါဝင်သည်။

-တစ်နေ့ကို ဂရင်းတီး ဆယ်ခွက်နှင့် အထက် သောက်သူ များသည် အသည်း အလုပ်လုပ်မှု ပိုကောင်းမွန် ကြကြောင်း တွေ့ရသည်။

-ဂရင်းတီးသည် အဆုတ် ကင်ဆာကို ကာကွယ်ပေး နိုင်သည်။

-ဂရင်းတီး သောက်သော အမျိုးသမီးများသည် အစာရေမျို လမ်းကြောင်း ကင်ဆာ ဖြစ်ပွား နိုင်ခြေ (၆၀) ရာခိုင်နှုန်း နည်းသွားသည်။

- ဂရင်းတီးနှင့် ၀ှိုက်တီး များသည် အို မင်းမှုကို နှေးကွေး စေသော အန်တီအောက်ဆီးဒင့်များ ပါဝင်သည်။

-၀ှိုက်တီးသည် အ၀လွန်မှုကို ကာကွယ်ပေး နိုင်သည်။

-လက်ဖက်ရည်သည် ခန္ဒာကိုယ်တွင်း ရေဓာတ်ခန်းခြောက်မှု ကာကွယ်ပေး နိုင်သည်။

-သွေးက သံဓာတ်ကို စုပ်ယူမှု အားနည်း သွားစေမည့် တန်နင်ဓာတ် ပါဝင်နိုင် သဖြင့် သွေးဖြူဥ အားနည်း ပြဿနာ ဖြစ်ပွား နိုင်သည်။

-နို့ ထည့်သောက်ပါက လက်ဖက်ရည်၏ ကင်ဆာ ကာကွယ်နိုင်စွမ်း ပျက်စီးသည်။


ကော်ဖီ

- မူကွဲ-၂ ဆီးချို ကာကွယ်နိုင်သည်။

-အသည်း မပျက်စီးအောင် ကူပေးနိုင်သည်။ အသည်းကင်ဆာ မဖြစ်အောင် တားဆီးပေးနိုင်သည်။

-အသက် (၄၀)ကျော် အမျိုးသားများ ဂေါက်ရောဂါ (ခြေထောက် အရိုးများ မခံမ ရပ်နိုင် နာကျင် ကိုက်ခဲခြင်း) ဖြစ်ပွားမှု ကာကွယ်ပေးနိုင်။

- အယ်လ်ဇိုင်းမား ဖြစ်ပွား နိုင်ခြေ နည်း။

- နှလုံးရောဂါကြောင့် သေဆုံး နိုင်ခြေကို လျှော့ချပေး။

-လတ်တလော ကိစ္စများ မှတ်မိနိုင်စွမ်းကို ပိုကောင်းမွန် စေသည်။ အာရုံများ အပေါ် တုံ့ပြန် နိုင်စွမ်း ပိုမြန်ဆန်စေ။

-ကော်ဖီထဲတွင် ပါသော ဓာတုပစ္စည်းများကို အခြေခံပြီး နှလုံးရောဂါနှင့် အိပ်မပျော်ခြင်း ဆိုင်ရာ ပြဿနာများ ကုစားနိုင်မည့် ဆေးဝါးများ တီထွင် ထုတ်လုပ်နိုင်ခြေရှိ။

-ကော်ဖီတွင် ပါသော ကဖိန်းဓာတ်သည် နာကျင်ကိုက်ခဲ ပျောက်ဆေးများ၏ ထိရောက်မှုကို ပိုမြင့်မား စေသည်။

-သွားများ ကိုတော့ အရောင်မှိုင်းစေသည်။

- ကော်ဖီတွင် ဓာတုပစ္စည်း တစ်ရာကျော် ပါဝင်ပြီး (၁၉)မျိုးသည် ကင်ဆာဖြစ် စေနိုင်သည့် အခြေခံများ ပါဝင်ကြောင်း လေ့လာတွေ့ရှိ ရသည်။

ကော်ဖီရွက်နဲ့ လုပ်ထားသည့် လက်ဖက်ရည်

မနက် မနက် နိုးလာပြီး လန်းလန်း ဆန်းဆန်း ရှိအောင် ကော်ဖီသောက်ရမလား လက်ဖက်ရည် သောက်ရ မလား စဉ်းစားရ ကျပ်နေသူများ အတွက် ပြဿနာ ပြေလည် စေမည့် ဖြေရှင်းနည်း တစ်ရပ် လာပြီ။ ကော်ဖီနဲ့ လက်ဖက်ရည်ကို ပေါင်းစပ် ထုတ်လုပ် ထားခြင်း ဖြစ်သည်။ သုတေသန ပညာရှင် များသည် ကော်ဖီရွက်မှ ထုတ်လုပ် ထားသည့် လက်ဖက်ရည်ကို တီထွင် စမ်းသပ်နေ ကြသည်။ ကော်ဖီနှင့် လက်ဖက်ရည် နှစ်မျိုးလုံး ၏ ကျန်းမာရေး အာနိသင်များ ပါဝင်ကြောင်း တီထွင် စမ်းသပ်သူများက ပြောသည်။

ကော်ဖီရွက်နဲ့ လုပ်ထားသော လက်ဖက်ရည်၏ အရသာသည် လက်ဖက်ရည် လောက်လည်း ဖန်ဖန်ခါးခါး မဟုတ်၊ ကော်ဖီ လောက်လည်း မပြင်းဘဲ အလယ် အလတ် အနေအထားရှိကာ လူတိုင်း သောက်ရ အဆင်ပြေစေမည့် အရသာမျိုး ရှိကြောင်း သိရသည်။ ကျန်းမာရေးပိုင်း အရလည်း ဆီးချို၊ နှလုံး ကာ ကွယ်ပေးနိုင်သော ဓာတ်ပစ္စည်း အများအပြား ပါဝင်သည်။ ပုံမှန် လက်ဖက်ရည်များ၊ ကော်ဖီများ လောက် လည်း ကဖိန်းဓာတ် ပါဝင်ခြင်း မရှိ။ သုတေသနကို လန်ဒန် အနောက်တောင်ပိုင်း ခူးမြို့ရှိ တော်ဝင် ရုက္ခဗေဒ ဥယျာဉ်မှ ပညာရှင်များနှင့် ပြင်သစ်နိုင်ငံ မွန့်ပယ်လီမြို့မှ ပညာရှင်များ ပူးပေါင်း သုတေ သနပြုနေခြင်း ဖြစ်သည်။

လက်ဖက်ရည် ကြိုက်သူများ အနေဖြင့် နို့မပါ သို့မဟုတ် နို့အနည်းငယ်သာ ထည့်ထားသော လက်ဖက် ရည်ကြမ်း (ဘလက်တီး) သောက်ဖို့ အကြံပြုမှု များလည်း ရှိ သည်။ လမ်းဘေးဆိုင် တိုင်းတွင် ရနိုင်သော သကြားများများ၊ နို့များများ လက်ဖက်ရည် များသည် အဆီ အဆိမ့်များ ခြင်းကြောင့် ကျန်းမာရေး ဘေးထွက် ဆိုးကျိုးများ နိုင်ကြောင်းလည်း နော်တင်ဟမ် တက္ကသိုလ်မှ အာဟာရဗေဒ ဆိုင်ရာ လက်ထောက် ပါမောက္ခ ဒရန် မီလာက ပြောသည်။ ထို့အတူပင် ကော်ဖီဟု အမည်ခံထား သော်လည်း ပုံမှန် ဘလက် ကော်ဖီမျိုး မဟုတ်ဘဲ နို့များ၊ သကြားများနှင့် အမျိုးမျိုး မွမ်းမံ ပြင်ဆင် ထားသော ကော်ဖီမျိုးကွဲများကား ကော်ဖီ စစ်စစ်၏ ကျန်းမာရေး အာနိသင်များ လျော့ပါးသွား ရကြောင်း ၎င်းက ဆက်လက် သုံးသပ် ပြောကြားသည်။

ကော်ဖီနှင့် လက်ဖက်ရည် များသည် ရေဓာတ်ခန်းခြောက် စေသည် ဟူသော အယူအဆများ သည်လည်း မှားယွင်းသော အယူအဆများ ဖြစ်ကြောင်း၊ အလွန်အမင်း သောက်သုံးခြင်းသည် ရေဓာတ် ခန်းခြောက်ခြင်း ဖြစ်စေနိုင် သော်လည်း ပုံမှန် သောက်သုံးသူများ မှာကား ထိုသက်ရောက်မှု များ ပေါ်စရာ မရှိကြောင်း ဒေါက်တာ မီလာက ပြောသည်။

ကော်ဖီနှင့် လက်ဖက်ရည် ဘယ်အရာက ပိုကောင်းကြောင်း ရွေးဖို့ ခက်လှကြောင်း၊ ကျန်းမာရေး အကျိုး ရလဒ်များ အရလည်း နှစ်မျိုးလုံးသည် ကွာခြားခြင်း သိပ်မရှိ သောကြောင့် ကိုယ်ကြိုက် နှစ်သက်ရာကို စိတ်သန့်သန့်ဖြင့် သောက်နိုင်ကြောင်း ဒေါက်တာ မီလာက ညွှန်းသည်။ တန်ဆေး လွန်ဘေး ဟူသော စကားအတိုင်း မည်သည့် အရာမဆို အလွန်အကျွံ မကျင့်ဖြစ်အောင်သာ ဂရုပြုရမည်ဟု ၎င်းက သတိပေး သည်။

Ref: Tea or coffee – which do YOU prefer? (Daily Mail)
The Messenger
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...