ဆားအသုံးပြု၍ ရောဂါ ကုပေးသော ကျန်းမာရေးနှင့် အပန်းဖြေ လုပ်ငန်းသစ်များ ပိုများလာ

ဆားဓာတ် ပါဝင်သော ပတ်ဝန်းကျင်က အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါ အမျိုးမျိုးနှင့် အရေပြား ပြဿနာ များကို သက်သာစေကြောင်း သိရသည်။

ရာစုနှစ် များစွာ အတွင်း အရှေ့ဥရောပရှိ ဆားဂူများ၏ တိတ်ဆိတ် ငြိမ်သက်မှုနှင့် ဆားဓာတ် ပါဝင်သော ပတ်ဝန်းကျင်တွင် အသက်ရှူ လမ်းကြောင်း ဆိုင်ရာနှင့် အရေပြားဆိုင်ရာ ရောဂါ လက္ခဏာ များကို သက်သာစေသော အစွမ်း ရှိသောကြောင့် ဥရောပ တိုက်သား များကြား ယင်းဆားဂူများ နာမည်ကြီး လာသည်။

ဆားခဲများပါသော နံရံများနှင့် သဲပြင် ကဲ့သို့ပြုလုပ် ထားသော သတ္တုဓာတ် ပါဝင်သည့် ကော်ဇောကြမ်းကြီး များဖြင့် ကျန်းမာရေးနှင့် အပန်းဖြေ လုပ်ငန်းရှင်များက ဆားဂူတစ်ခုကဲ့သို့ ဖန်တီးကာ ရောဂါပျောက်လိုသူ၊ အပန်းဖြေလို သူများကို ၀န်ဆောင်မှု အသစ်များ ပေးလာကြသည်။ ဆိုဒီယမ် ကလိုရိုက်မြင့်မားစွာ ပါဝင်သော အလွန်သေးငယ်သည့် အမှုန့်များကို Halogenerator ဟုခေါ်သော စက်က ထုတ်လုပ်ပေးပြီး ဆားငွေ့ပါဝင်သော လေထုတစ်ခု ဖန်တီးပေးသည်။

ယင်းအခန်း၏ အပြင်အဆင်မှာ ပင်လယ် ကမ်းခြေနေရာတစ်ခု ထက် ဂူတစ်လုံးနှင့် ပိုတူပြီး အရှေ့ဥရောပ ရှိဆားဂူများနှင့် ပုံစံတူအောင် ပြုလုပ်ထားသည်။ နိုင်ငံတကာ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းကို လေ့လာ သည့် ကုမ္ပဏီတစ်ခုဖြစ်သော Spafinder Wellness က ၂၀၁၁အတွင်း ဂရိဘာသာဖြင့် ဆားကိုခေါ်သော အမည် ‘‘Halo’’ကို သုံး၍ Halotheraphy (ဆားကုထုံး)ဟု အမည်တပ်ကာ ကျန်းမာရေးနှင့် အပန်းဖြေ ၀န်ဆောင်မှု(Spa) လုပ်ငန်းကိုလုပ်ကိုင်ခဲ့သည်။ ယင်းအချိန်မှစ၍ ဆားဓာတ်ပါဝင်သော ပတ်ဝန်းကျင်တစ်ခု ဖန်တီးပြီး ကျန်းမာရေးနှင့် အပန်းဖြေ၀န်ဆောင်မှု များပေးသော Spa လုပ်ငန်းများနှင့် ဟိုတယ်များ အမေရိကန်နိုင်ငံ တစ်ဝန်း ၆၀ ကျော် အထိ ရှိလာခဲ့သည်။

ရှေးခေတ်က ဂရိဆေးဆရာများက အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာရှိသည့် လူနာများကို ဆားငန်ရည် ရှူရန် ညွှန်ကြားခဲ့ကြသည်။ အလယ်ခေတ်က ဥရောပတွင် လူနာများကို ဆားဂူထဲထည့်၍ ဘုန်းတော်ကြီး များရောဂါ ကုခဲ့သည်။ ၁၉ ရာစုက ပိုလန်နိုင်ငံမှ ဆရာဝန်တစ်ဦးက ဆားတွင်း လုပ်သားများ အသက် ရှူလမ်း ကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှု နည်းပါးကြောင်း ဖော်ပြခဲ့သည်။ ၂၀၀၆ အတွင်းက နယူး အင်္ဂလန် ဆေးပညာ ဂျာနယ် တစ်ခုတွင် အသက်ရှူလမ်းကြောင်း ပိတ်ရောဂါရှင် ၂၄ ဦးကို ဆားထည့် ထားသော ရေ၏ ရေငွေ့ကို ရှူခိုင်းခြင်းဖြင့် အသက်ရှူနိုင်မှု ပိုကောင်းလာကြောင်း လေ့လာမှု ရလဒ် ကိုဖော်ပြခဲ့သည်။

ယင်းကဲ့သို့ ဆားကိုသုံး၍ အရှေ့ဥရောပရှိ ဆားဂူများကဲ့သို့ ဖန်တီးကာ ကျန်းမာရေးနှင့် အပန်းဖြေရေး ၀န်ဆောင်မှုပေးသော Spa များသို့ သွားရောက် ကုသမှု ခံယူသူများကလည်း ၎င်းတို့၏ ရောဂါ အခြေအနေ များ တိုးတက်ကောင်းမွန်ကြောင်း ပြောကြား ကြသည်။

—Ref:Health Digest
7Day Daily
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...