ငါး လိုင်ချီးသီး အရည်ဆမ်း

ထိုင်း၊ ကမ္ဘောဒီးယမ်း လူမျိုးတွေ red curry paste, အုန်းနို့နဲ့ ချက်တတ်တဲ့ ဟင်းကို အခြေခံ ထားပေ မယ့် အုန်းနို့ မထည့်သလို၊ red curry paste အစား မိမိကြိုက်သည့် အနှစ်ကို လုပ်ပြီး ချက်ထားတဲ့ အနံ့ အရသာနဲ့ အတော်လေးပြည့်စုံတဲ့ ဟင်းလေးဖြစ် ပါတယ်။

***... ငါးနယ်ထားရန် လိုအပ် တာလေးတွေ…

1. အတုံးကြီးကြီး လှီးထားသော မိမိနှစ်သက်ရာငါး – 700 g (၄၆ ကျပ်သား)ခန့်
2. ငါးငံပြာရည် – ထမင်းစားဇွန်း ၂ ဇွန်း
3. chicken powder – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အားလုံးကို ရောနယ်ကာ ၁၅ မိနစ်ခန့် နှပ်ထားပါ။

***... ဟင်းအနှစ်အတွက် လိုအပ်တာလေးတွေ…

1. မာသည့် အပြင်ခွံ အချို့ကို ဖယ်ကာ ပါးပါး လှီးထားသော စပါးလင် – ထမင်းစားဇွန်း ၃ ဇွန်း ခန့်
2. ပဒဲကော (galanga) – လက်မအရွယ်ခန့် (အခွံခွါပြီး ပါးပါးလှီးထားပါ။)
3. အရမ်း မစပ်သည့် ငရုတ်သီး အခြောက်တောင့် – ၁၀ တောင့် (ရေနွေးထဲ ၁ နာရီခန့်စိမ်ထားပါ။)
4. အတုံးကြီးကြီး လှီးထားသော ကြက်သွန်နီ – 1 1/2 cups (375 ml)ခန့်
5. ကြက်သွန်ဖြူ – အတက်ကြီး ၄ တက်
6. ပြောင်စင်အောင်ဆေးထားသော နံနံပင်အမြစ် – ၄ ပင်
7. ပုဇွန်ခြောက်မှုန့် – ထမင်းစားဇွန်း ၂ ဇွန်းခန့်

စပါးလင်၊ ပဒဲကော နှင့် ရေစိမ်ပြီးသည့် ငရုတ်သီး အခြောက်တောင့်ကို ညက်အောင် ဦးစွာကြိတ် (သို့) ထောင်းပေးပါ။

ပြီးနောက် ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ နံနံပင်အမြစ် နှင့် ပုဇွန်ခြောက်မှုန့်တို့ကိုပါ ထည့်ပြီး ရောကြိတ် (သို့) ထောင်းလိုက်လျှင် လိုအပ်သော ဟင်းအနှစ်ကို ရပါပြီ။ (စလုံးစခုများ တတ်နိုင်သမျှ မကျန်စေရန် အရမ်းကြေညက်အောင် ကြိတ်ပေးဖို့ လိုပါတယ်။)

***.... ငါး လိုင်ချီးသီး အရည်ဆမ်း ချက်ရန် အတွက် လိုအပ်တာလေးတွေ…

1. ဆီ – 1/2 cup (125 ml)
2. ကြိတ် (သို့) ထောင်းထားသော ဟင်းအနှစ်
3. ရေနွေး – 3 1/3 cups (830 ml)
4. ငါးငံပြာရည် – 1/4 cup (60 ml)
5. chicken powder – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
6. အရသာဝင်အောင် နယ်ပြီး နှပ်ထားသော ငါး – 700 g (၄၆ ကျပ်သား)ခန့်
7. အတုံးကြီးကြီးလှီးထားသော ခရမ်းချဉ်သီး – 2/3 cup (160 ml) ခန့်
8. အရည်စစ်ထားသော လိုင်ချီးသီး – ၁ ဗူး (အလုံး ၂၀ ခန့်)
9. တစ်လက်မအရှည်ခန့်လှီးထားသော နံနံပင် – 1/3 cup (80 ml)ခန့်
10. တောရှောက်ရွက် (kaffir lime leavs) – ၈ ရွက်ခန့်

ဆီ နှင့် ကြိတ်ထားသော ဟင်းအနှစ်ကို medium heat ဖြင့် အဖတ်များ လိပ်ပြီးမွှေးလာသည် အထိ မွှေကြော်ပေးပါ။

မွှေးလာလျှင် ရေနွေး၊ ငါးငံပြာရည်၊ chicken powder တို့ထည့်၍ အိုးအဖုံး ဖုံးကာ high heat ဖြင့် ၅ မိနစ်ခန့် ပွက်ပွက်ဆူခိုင်းထားပါ။

ပြီးနောက် ပွက်ပွက်ဆူနေသောဟင်းရည်ထဲ ငါးများကို ထည့်ကာ အနည်းငယ်မွှေပြီး ၂ မိနစ်ခန့် ဆူအောင် ထားပါ။

ခရမ်းချဉ်သီးထည့်ကာ အိုးအဖုံး ဖုံး၍ ၁ မိနစ်ခန့် ဆက်တည်ပါ။

လိုင်ချီးသီး၊ နံနံပင် နှင့် တောရှောက်ရွက်ကိုထည့်၍ ခပ်ဖွဖွ အနည်းငယ်မွှေပေးကာ ၁ မိနစ်ခန့် တည်ပြီးနောက်…..

ငါး လိုင်ချီးသီး အရည်ဆမ်းလေး အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

ref;https://www.facebook.com/ChawSusFoodFriends
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...