ထိမ်းမြား လက်ထပ်သောအခါ ခင်ပွန်းသည်၏ မိသားစုအမည်ကို မဆက်ခံလိုသော အမျိုးသမီးဦးရေ များပြားလာ

သမန်းကျား

ကမ္ဘာပေါ်မှာ လူဦးရေ ကုဋေပေါင်းများစွာ ရှိပေမယ့် သူတို့ တစ်ဦးခြင်းစီကို ခေါ်ဝေါ်ဖို့  အမည်နာမ ကတော့ အဲဒီလောက် မများလှပါဘူး။ ဒါကြောင့် အနောက် တိုင်းနိုင်ငံတွေမှာ ဆင်တူရိုးမှား အမည် များကို ခွဲခြားသတ် မှတ်ဖို့  လူတစ်ယောက်နေထိုင် ရာဒေသ၊ ဒါမှမဟုတ် သူ့ အလုပ်အကိုင်ကို နာမည် အနောက်မှာ ထည့်ပေး လိုက်လေ့ ရှိပါတယ်။ ဒီတော့ Henry ခြင်းတူနေရင် ဖိနပ်ချုပ်သူက Henry Shoemaker ဖြစ်သွားပြီး အရပ်ရှည်တဲ့လူက Henry Longman ဖြစ်သွားပါတယ်။ ဒီလူတွေကနေ မွေးဖွား ဆင်းသက်လာတဲ့ သား၊ သမီးတွေရဲ့  အမည်နောက် မှာလည်း အဲဒီ Shoemaker, Longman အစရှိတာတွေကို ဆက်လက် အသုံးပြုရာကနေ ဒီစကားလုံးတွေ ဟာ Family Name လို့ ခေါ်တဲ့ မိသားစု အမည်တွေ ဖြစ်သွားပါတယ်။

ယောက်ျားလေး တစ်ယောက်အနေနဲ့  သူ့ မိသားစု အမည်ကို တစ်သက်လုံး အသုံးပြုသွားနိုင်ပေမယ့် မိန်းကလေးတွေ ကတော့ အိမ်ထောင်ပြုရင် ကိုယ့်အမျိုးသားရဲ့  မိသားစုအမည်ကို ပြောင်းလဲ ဆက်ခံရ ပါတယ်။

ဒီလိုမိသားစုအမည် ပြောင်းလဲ ဆက်ခံရတာကို ကမ္ဘာ့အမျိုးသမီးထုက တဖြည်းဖြည်းနဲ့  သဘော မကျ တာတွေ များလာတာကို တွေ့ ရ ပါတယ်။ တစ်ကယ်တော့ ဗြိတိန်နိုင်ငံမှာ ဆိုရင် လက်ထပ်လိုက်လို့  အမျိုးသားရဲ့ မိသားစုအမည်ကို မဆက်ခံလည်း ရပါတယ် ဒါပေမယ့် အမျိုးသမီးထုရဲ့  သုံးပုံနှစ်ပုံလောက် ကတော့ ကိုယ့်အမျိုးသားရဲ့  မိသားစုအမည်ကို ကျေကျေနပ်နပ်ကြီး ခံယူကြပါတယ်။

ဒီလိုမိသားစု အမည်ပြောင်းလဲ ခံယူရတဲ့အတွက် ပြုပြင်ပြောင်းလဲရတဲ့ အရာတွေက မနဲလှပါဘူး။ လူမှု လုံခြုံရေးကဒ်ပြားအမည်၊ နိုင်ငံကူးလက်မှတ်အမည်၊ ယာဉ်မောင်းလိုင်စင်အမည်၊ အကြွေးဝယ်ခွင့်ကဒ်ပြား အမည်တွေအပြင် အခြားစာရွက်စာတမ်း အားလုံးမှာလည်း မိသားစုအမည်ကို လိုက်ပြောင်းရတဲ့အပြင် Facebook, Twitter တို့ လို လူမှုကွန်ရက်တွေမှာပါ မိသားစုအမည်ကို လိုက်ပြောင်းရတာပါ။

ဒါကို သဘောမကျတဲ့ အမျိုးသမီးတွေက လူတစ်ယောက်ကို လက်ထပ်လိုက်လို့  ကိုယ့်မိသားစုအမည် ကို ပြောင်းလိုက်ရတာဟာ အမျိုးသမီးတွေက အမျိုးသားတွေကို လုံးဝအညံ့ခံ လိုက်ရတာနဲ့ တူကြောင်း၊ လုပ်ငန်းခွင် အောင်မြင်မှုကိုလည်း ထိခိုက်ကြောင်း၊ ကိုယ်ဟာ နောက်ထပ် လူတစ်ယောက်ဖြစ်သွား သလိုခံစားရကြောင်း၊ မိမိ မိသားစုကနေ အပြီးအပိုင် ခွဲလိုက်ရတာနဲ့  တူညီကြောင်း၊ ဒါကြောင့် လက်ထပ်ပြီ ဆိုရင်လည်း မိသားစုအမည်ကို ပြောင်းလဲလိုခြင်းမရှိကြောင်း ပြစ်တင်ဝေဖန်ပြောဆိုကြပါ တယ်။

အိမ်ထောင်မှုကို ဘ၀တစ်ခုလုံး ၀ကွက်အပ်နှံလိုကြတဲ့ အမျိုးသမီးတွေကျပြန်တော့လည်း မိသားစု အမည်ပြောင်းရ တာဟာ ပြဿနာမရှိဘူးလို့  ဆိုကြပြန်ပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့  အပျိုစင်အမည်ဟာ သူမရဲ့ ဖခင်ရဲ့  အမည်သာဖြစ်ကြောင်း၊ ဒီဖခင်အမည်ကို အလယ်အမည်အဖြစ် အသုံးပြုရကြောင်း၊ အရွယ်ရောက်လို့  အိမ်ထောင် ကျသွားတဲ့အခါ လင်ယောက်ျားရဲ့  မိသားစုအမည်ကို ဆက်ခံရမှာ ထုံးစံ သာဖြစ်ကြောင်း ချေပပြောဆိုကြပါတယ်။ ဒါဆိုရင် ဒီထုံးစံ ဘယ်ကစတာပါလိမ့်။ ဒီထုံးစံရဲ့ အစကို လိုက်မယ် ဆိုရင် အငြင်းပွားမှုတွေက ပိုလာဖို့ ပဲ ရှိပါတယ်။

ဘာကြောင့်လဲဆိုတော့ ဗြိတိသျှလူမျိုးတွေရဲ့  သားစဉ်မြေးဆက် မိသားစုအမည်ဆက်ခံတဲ့ ထုံးတမ်းစဉ်လာ ဟာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၀၀၀ ခန့် ပဲ ရှိပါသေးတယ်။ အဲဒီတုန်းက အမျိုးသမီးတွေဟာ လက်ထပ်ပြီးရင် မိမိ မိသားစုအမည်ကို အသုံးပြုခွင့်မရှိသလို လင်ယောက်ျားရဲ့  မိသားစုအမည်ကိုလည်း ဆက်ခံခွင့်မရှိပါဘူး။ ဇနီးသည် ဖြစ်လာရင် လင်ယောက်ျားပိုင်ဆိုင်တဲ့ပစ္စည်းပဲမို့  ကိုယ်ပိုင်နာမည်ကိုပါ စွန့် လွတ်လိုက်ရပြီး မည်သူမည်ဝါ၏ဇနီးလို့  ပဲ အခေါ်ခံရလေ့ ရှိပါတယ်။

၁၅ ရာစုနှစ်ကိုရောက်တော့ ဇနီးသည်ဆိုတာ လင်ယောက်ျားရဲ့ ပိုင်ဆိုင်မှုပစ္စည်းလို့  မမြင်ကြတော့ဘဲ အိမ်ထောင် ရေး တစ်ခုမှာ လင်နဲ့ မယား သာတူညီမျှမှု ရှိရမယ်လို့  ယုံကြည်ယူဆ လာကြပါတယ်။ အမျိုးသမီး တစ်ဦးဟာ အိမ်ထောင်ပြုလိုက်ရင် လင်ယောက်ျားနဲ့  ဘ၀တစ်ခုတည်းကို ရှင်သန်ဖြတ်သန်း ရမှာမို့  လင်ယောက်ျားရဲ့  မိသားစု အမည်ကိုပဲ ဆက်ခံစေဆိုတဲ့ ဆုံးဖြတ်ချက်က ဒီမှာပေါ်ထွက်လာတာပါ။ ဒါပေမယ့် မိန်းကလေးတစ်ယောက်ဟာ လက်မထပ်ခင်မှာ အိမ်မြေပိုင်ဆိုင်ခွင့်၊ မဲပေးပိုင်ခွင့်၊ တရားစွဲဆို ပိုင်ခွင့်တွေ ရှိပေမယ့် အိမ်ထောင်ပြုလိုက်တာနဲ့  ဒီအခွင့်အရေးတွေအားလုံးကိုလည်း လင်ယောက်ျားထံ အပ်နှံရပြန်ပါတယ်။ အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးဟာ ပိုင်ဆိုင်ထားတဲ့ အိမ်၊ခြံ၊မြေတွေရှိရင် ခင်ပွန်းသည် က အလိုအလျောက်ပိုင်ဆိုင်သွားပြီး သူမမှာ မဲပေးပိုင်ခွင့်၊ တရား စွဲဆိုပိုင်ခွင့်လည်း မရှိတော့ပါဘူး။

၁၇ ရာစုမှာ အမျိုးသမီးတွေအိမ်ထောင်ပြုရင် ခင်ပွန်းသည်ရဲ့ မိသားစုအမည်ကို ဆက်ခံရမယ်ဆိုတာ ဥပဒေတစ်ခု လို ကို ခိုင်မြဲလာပါတယ်။ လင်နဲ့ မယား တစ်ဘ၀တည်းမို့  လင်ယောက်ျားဖြစ်သူရဲ့ မိသားစုထဲ အပြီးအပိုင်ပေါင်းစပ် သွားရမယ်လို့  ဆိုခဲ့ကြပါတယ်။ အိမ်ထောင်ရှင် မတွေဟာ လင်ယောက်ျားသေဆုံး ခဲ့တယ်ဆိုရင်တောင် မိသားစု အမည်ကို ထပ်မံပြောင်းလဲခွင့် မရှိကြတော့ပါဘူး။

၁၈ ရာစုနှစ်အလယ်ပိုင်းလောက်မှာတော့ ပုံနှိပ်စာအုပ်တွေ ပေါ်ထွက်လာပြီး အမျိုးသမီးများ စာတတ်မြောက် မှုနှုန်း လည်း တိုးလာတဲ့အတွက် လင်ယောက်ျားသေဆုံးပြီးတဲ့နောက် ကြီးကျယ်လှတဲ့ ချမ်းသာဥစ္စာ၊ လုပ်ငန်း၊ အိမ်ခြံမြေ တို့ နဲ့  ကျန်ရစ်သူဇနီးသည်တွေဟာ သူတို့ ရဲ့  မိသားစုအမည် ပျောက်ကွယ်နေတာကို လက်မခံလိုကြတော့ပါဘူး။

၁၇၉၇ ခုနှစ်မှာ စာရေး ဆရာမ Mary Wollstonecraft ဟာ လင်ယောက်ျားရဲ့  မိသားစုအမည်ကို မဆက် ခံတဲ့ ပထမဆုံး အမျိုးသမီး ဖြစ်လာပါတယ်။ ဒါကြောင့်လည်း သူမရဲ့ အိမ်ထောင်ရေးမှာ အဖုအထစ်တွေ အများကြီး ဖြစ်လာခဲ့ပါတယ်။

ရှေးရိုးစွဲအမျိုးသမီးတွေကတော့ Mary လို မလုပ်ရဲကြပါဘူး။ အိမ်ထောင်ရှိလျက်နဲ့  လင်ယောက်ျားဖြစ်သူရဲ့  မိသားစုအမည်ကို အသုံးမပြုခြင်းဟာ သစ္စာဖောက်ရာရောက်နေသလို သားသမီးတွေရဲ့  အမည်ကို သတ်မှတ်ရာ မှာလည်း အခက်အခဲဖြစ်တယ်လို့  သူတို့ ကဆိုပါတယ်။ မှန်ပါတယ်။ အဖေက Henry Longman ဖြစ်ပြီး အမေက Mary Wollstonecraft ဖြစ်နေရင် သားဖြစ်သူ William က သူ့ ကိုသူ ဘယ်လိုခေါ်ရမှာပါလိမ့်။ William Longman လား၊ William Wollstonecraft လားဆိုတာဟာ အငြင်းပွား စရာဖြစ်နေတာ အမှန်ပါပဲ။

၁၉ ရာစုနှစ်အထိ အမျိုးသမီးတွေဟာ လင်ယောက်ျားရဲ့  မိသားစုအမည်ကို တစ်စုံတရာ အရေးဆိုမှုမရှိဘဲ ဆက်ခံ ခဲ့ရာ ကနေ ၁၈၇၇ ခုနှစ်မှာ အမျိုးသမီးတွေဟာ ခင်ပွန်းသည်ရဲ့  မိသားစုအမည်ကို ဆက်ခံခဲ့ပေမယ့် မိမိတို့ ရဲ့  အပျိုစင်အမည်ကိုစွန့် လွတ်ဖို့  ငြင်းဆန်ခဲ့ပါတယ်။ ၁၉၂၄ ခုနှစ်မှာ အင်္ဂလန်နိုင်ငံက ပထမဆုံး အမျိုးသမီးဝတ်လုံ တော် Normanton ဟာ နိုင်ငံကူးလက်မှတ်ကို သူမရဲ့ အပျိုစင်အမည်နဲ့  ထုတ်လုပ်ခွင့် ရရှိခဲ့ပါတယ်။

ဒီနိုင်ငံကူးလက်မှတ်ကိုကိုင်ဆောင်ပြီး Normanton ဟာ အမေရိကန်ပြည်ထောင်စုက အမျိုးသမီး အခွင့်အရေး လှုပ်ရှားအဖွဲ့ ဆီကို သွားရောက်ခဲ့ပါတယ်။ အမျိုးသမီးတွေအားလုံး အပျိုစင်အမည်ကို မစွန့် လွတ်ဖို့  သူတို့  ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြတာ စကော့တလန်၊ အိုင်ယာလန်၊ ဝေလ နဲ့  ဥရောပ ကုန်းမကြီးအထိ ကူးစက်သွားခဲ့ ပါတယ်။ နောက်ဆုံးမှာတော့ အမျိုးသမီးများ အိမ်ထောင်ပြုရင် အပျိုစင် အမည်ကိုစွန့် လွတ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ကြီးကို ဥပဒေနဲ့  ဖျက်သိမ်းပေးခဲ့ရပါတယ်။ ဒါပေမယ့် ခင်ပွန်းသည်ရဲ့  မိသားစုအမည်ကို ဆက်ခံ ရမယ် ဆိုတဲ့ ထုံးတမ်းစဉ်လာ ကတော့ အားကောင်းကောင်းနဲ့  ကျန်ရစ်နေခဲ့တာ ဒီနေ့ ထိတိုင်အောင်ပါပဲ။

အမျိုးသမီးတွေက အမျိုးသားတွေနဲ့  ရင်ဘောင်တန်းနိုင်လာတဲ့အပြင် သာလွန်နေတဲ့ အပိုင်းတွေလည်း တဖြည်း ဖြည်း များလာတဲ့ ဒီခေတ်ကြီးမှာ အိမ်ထောင်ရေးအပေါ် သဘောထားအမြင်တွေလည်း ပြောင်း လဲလာကြပါပြီ။ တစ်ချိန်က စာမတတ်၊ပေမတတ်၊ လုပ်ကိုင်စားသောက် မတတ်လို့  လင်ယောက်ျားဆီကို ဘ၀တစ်ခုလုံး ၀ကွက် အပ်ခဲ့ကြရတဲ့အတွက် မိသားစု အမည်ပြောင်းပေးရတာကို လုံခြုံတယ်လို့ တောင် မှတ်ယူခဲ့ကြတဲ့ အမျိုးသမီးတွေ ဟာ ဒီနေ့ ဒီအချိန်မှာ မိသားစု အမည် မပြောင်းနိုင်ဘူးလို့  စတင်စိန်ခေါ်နေ ကြပြီဆိုတာကို လေ့လာရေးသား တင်ပြလိုက်ရပါတယ်။

Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...