အိမ်တွင်း အကြမ်းဖက်မှုကို တကယ် တားဆီးနိုင်တော့ မှာလား

ရည်မွန်အောင်

ယွမ်ငွေလေး (၁၀၀) လောက်နှင့် မစ္စဖန် အညိုအမဲ စွဲအောင် အရိုက်ခံခဲ့ ရသည်။ ခင်ပွန်းသည်က မကျေ မနပ်ဖြင့် ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။ မစ္စဖန် မှာ အသက် (၃၇) နှစ်အရွယ် သန့်ရှင်းရေး ၀န်ထမ်း ဖြစ် သည်။ ခင်ပွန်း ဖြစ်သူက ရှန်ဟိုင်းမြို့၊ ဆင်ခြေဖုံး ရပ်ကွက် မျာသို့ ဓါတ်ငွေ့ဘူးများ လိုက်ပို့ ရာတွင် မစ္စဖန် အကူအညီပေး ရသည်။ ခင်ပွန်းမှာ အရက် သောက်တတ်သည်။ လောင်းကစားလည်း ၀ါသနာပါသည်။ ယင်းကြောင့် မစ္စဖန် စိုးရိမ်ပြီး ရငွေ များထဲမှ တချို့ကို ခင်ပွန်း မသိအောင် သိမ်းထားခဲ့သည်။ ခင်ပွန်းက ငွေတွေ လျော့နေ သည်ကို သိရှိ သွားပြီးနောက် မည်သို့ပင် ရှင်းပြရှင်းပြ လက်မခံဘဲ သွေးထွက်အောင် အရိုက်ခံခဲ့ရခြင်း ဖြစ်သည်။

တရုတ်ရှိ အမျိုးသမီးများ အကာအကွယ် ပိုရှိရေးအတွက် အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများ လှုပ်ရှား ကြိုးပမ်းနေသည်မှာ ဆယ်စုနှစ် တစ်ခုကျော်ခဲ့ပြီ ဖြစ်သည်။ တရုတ် နိုင်ငံတော် ကောင်စီရုံးက အိမ်တွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေကြမ်း တစ်ခုကို နိုဝင်ဘာလ (၂၅) ရက်နေ့ တွင် ထုတ်ပြန်ခဲ့သည်။ ယင်းမှာ အိမ်တွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် ပတ်သက်ပြီး တရုတ် အစိုးရက ပထမဆုံး အလေး အနက်ထား လုပ်ဆောင် ပေးခြင်း ဖြစ်သည်။

အဆိုပါ ဥပဒေကြမ်းတွင် အိမ်တွင်း အကြမ်းဖက်မှုကို ပထမဆုံးအကြိမ် အဖြစ် အဓိပ္ပာယ် ဖွင့်ဆို ထားပြီး အကြမ်းဖက်မှု ကျူးလွန်သူ များအား အပြစ်ပေးနိုင်ရေး လမ်းညွှန်ချက် များကို ထည့်သွင်း ဖော်ပြ ထားသည်။ တရုတ်နိုင်ငံတွင် အိမ်တွင်း အကြမ်းဖက်မှုအား မိသားစုရေးရာ ကိစ္စတစ်ခု အဖြစ် သတ်မှတ် ထား သောကြောင့် အိမ်တွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန် တစ်ခု အဖြစ် သတ်မှတ်ပေးရန် ဆန္ဒရှိ နေသည့် အိမ်တွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေး လှုပ်ရှားမှု အဖွဲ့များက ဥပဒေ ကြမ်းကို ကြိုဆိုခဲ့ကြသည်။

အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရ သူများကို အကူအညီ မပေးနိုင်ခဲ့ သောကြောင့် စိတ်ပျက် ရကြောင်း၊ ဥပဒေ ကိုသာ တကယ်တမ်း အတည်ပြု ပေးနိုင်ခဲ့ ပါက အနိုင်ကျင့်သူ များကို ထိုက်သင့်သည့် ပြစ်ဒဏ်များ ချမှတ်နိုင် တော့မည် ဖြစ်ကြောင်း ပေကျင်းရှိ မေပယ် အမျိုးသမီး စိတ်ပိုင်း ဆိုင်ရာ နှစ်သိမ့် ဆွေးနွေးရေး ဌာန၏ အကြီးအကဲ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူ ဟွာကျီမင်က ပြောခဲ့သည်။

သို့သော် တရုတ်နိုင်ငံတော် ကောင်စီ၏ လက်အောက်ရှိ ဥပဒေ ရေးရာရုံးမှ ထုတ်ပြန်သော ဥပဒေကြမ်းတွင် လက်မထပ် ထားသော စုံတွဲ များနှင့် ကွဲရှင်း ပြတ်စဲထား သူများနှင့် ပတ်သက်ပြီး ထည့်သွင်း ရေးဆွဲ ထားခြင်း မရှိသောကြောင့် ဥပဒေကြမ်းကို ပြည့်စုံမှု မရှိဟု ထင်မြင် မိကြောင်း လူ့ အခွင့်အရေး လှုပ်ရှား သူများက ပြောဆိုခဲ့သည်။

တရုတ်၌ လွန်ခဲ့သော နှစ်ပေါင်း (၂၀) ခန့်အထိ အိမ်ထောင်ရေးတွင် ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ခြင်းကို ကွာရှင်း ပြတ်စဲရန် ခိုင်လုံသော အကြောင်း အရင်းအဖြစ် သတ်မှတ်ခြင်း မရှိခဲ့ချေ။ ၂၀၀၁ ခုနှစ် တွင်တော့ အိမ်တွင်း အကြမ်းဖက်မှုကို ပိတ်ပင် တားမြစ်သည် ဆိုသည့် အချက် တစ်ခုအား အိမ်ထောင်ရေး ဥပဒေတွင် ပြင်ဆင် ဖြည့်စွက် ထည့်သွင်းခဲ့သည်။ သို့သော် အိမ်တွင်း အကြမ်းဖက်မှု ဆိုသည်မှာ မည်သည် ဖြစ်သည်ကို အဓိပ္ပာယ် ဖွင့်ဆိုခြင်း မပြုခဲ့ သောကြောင့် အကြမ်းဖက်ခံ ရကြောင်း တိုင်ကြားမှု ရှိခဲ့ပါက ရဲတပ်ဖွဲ့သည် တာဝန်ယူ ဖြေရှင်းပေးမည့် အစား အမှုများကို အမျိုးသမီး ရေးရာ အဖွဲ့အစည်းများ ထံသို့သာ လွှဲပြောင်း ပေးအပ် တတ်ကာ ၎င်းအဖွဲ့အစည်းမျာ ကလည်း မိသားစု အရေးကို ၀င်ရောက် စွက်ဖက်ရန် တွန့်ဆုတ်နေ တတ်ကြ ပြန်သည်။

ယခု ဥပဒေကြမ်းတွင် ရဲတပ်ဖွဲ့သည် အကြမ်းဖက်ခံ ရကြောင်း တိုင်ကြားမှုရှိ လာပါက ဖြေရှင်းမှု ပြုလုပ်ပေး ရမည် ဖြစ်ပြီး စာသင်ကျောင်း များ၊ ဆေးရုံများနှင့် အခြား အဖွဲ့အစည်း များသည် တိုင်ကြားမှုနှင့် ပတ်သက်ပြီး အာဏာပိုင်များ ထံသို့ တင်ပြရန် ပျက်ကွက်ခ ပါက ကြီးလေးသော အကျိုးဆက်များနှင့် ကြုံတွေ့ ရမည် ဖြစ်ကြောင်း ဖော်ပြ ထားသည်။

အိမ်ထောင်ရှင် သို့မဟုတ် အမျိုးသား တစ်ဦးနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိသည့် အမျိုးသမီး (၄၀) ရာခိုင်နှုန်း နီးပါးသည် ရုပ်ပိုင်းနှင့် စိတ်ပိုင်း ဆိုင်ရာ အကြမ်းဖက်ခံနေ ရကြောင်း နိုင်ငံပိုင် တရုတ် နေ့စဉ်ထုတ် သတင်းစာက တရုတ် နိုင်ငံလုံး ဆိုင်ရာ အမျိုးသား ရေးရာ အဖွဲ့၏ စာရင်း အင်းများကို ကိုးကား ဖော်ပြခဲ့သည်။ တရုတ်ရှိ မိသား စုစုပေါင်း၏ (၂၄ ဒသမ ၇) ရာခိုင်နှုန်းတွင် အိမ်တွင်း အကြမ်းဖက်မှုရှိ နေကြောင်း အဖွဲ့က ပြောဆို ခဲ့သည်။ ထို့ပြင် ယောင်္ကျားလေး (၅၃) ရာခိုင်နှုန်းနှင့် မိန်းကလေး ၃၄ ရာခိုင်နှုန်း တို့သည် မိဘများ၏ ရုပ်ပိုင်း အရ နှိပ်စက် ညှင်းပန်းမှုခံနေ ရကြောင်း အဖွဲ့၏ လေ့လာမှု တစ်ခုတွင် ဖော်ပြထား ပြန်သည်။ အကြမ်းဖက်ခံ ရသူ (၇) ရာခိုင်နှုန်းသာ ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့သည်။ မစ္စဖန်မှာ နှစ်ပေါင်း (၂၀) လောက် အကြမ်းဖက်ခံခဲ့ရ သော်လည်း ရဲတပ်ဖွဲ့သို့ တိုင်ကြားမှု မပြုခဲ့ချေ။ လူသိ သွားမည်ကို စိုးရိမ်သောကြောင့် မစ္စဖန် သတင်း မပို့ခဲ့ခြင်း ဖြစ်သည်။

ကျေးလက်ဒေသ များတွင် ခင်ပွန်း ဖြစ်သူသည် အိမ်ထောင် ဦးစီး ဖြစ်သောကြောင့် ဇနီး အပေါ် ရိုက်နှက်ခွင့် ရှိ နေကြောင်း၊ “အမေ့ လျော့ခံ အမျိုးသမီးများ-တရုတ်တွင် ယောက်ျားနှင့် မိန်းမကြား အခွင့်အရေး ရရှိမှု ကွာဟချက် ထွက်ပေါ် လာခြင်း ဆိုသည့် စာအုပ်ကို ရေးသား ခဲ့သော လီတာဟောင် ဖင်ချာက ပြောဆိုခဲ့ သည်။ အမျိုးသားများ၏ ပုဂ္ဂလိက ဘ၀တွင် ၀င်ရောက် စွက်ဖက်လိုခြင်း မရှိသောကြောင့် တရုတ် အစိုးရသည် ဥပဒေကြမ်း ရေးဆွဲရန် တွန့်ဆုတ်နေခဲ့ခြင်း ဖြစ်ကြောင်း စာရေးသူက ပြောသည်။

အိမ်တွင်း အကြမ်းဖက်မှုကို တိုင်ကြားပါက များစွာ အကျိုးရှိ လိမ့်မည် မဟုတ်ဟု အကြမ်းဖက်ခံထားရ သူများ က ယူဆနေ ကြသည်။ ရဲတပ်ဖွဲ့ နှင့်အာဏာပိုင်များ ကလည်း အကြမ်းဖက်မှု ကျူးလွန်သူကို ထိန်းသိမ်းရန် တွန့်ဆုတ် တတ်ကြ ပြန်သည်။ မိခင်များ အတွက်လည်း ခင်ပွန်းနှင့် ကွာရှင်း ပြတ်စဲ ပါက ကလေးငယ်များကို ထိန်းသိမ်း စောင့်ရှောက်ခွင့် ဆုံးရှုံးမည် ဖြစ်သည်။ ယင်းကြောင့် ရဲတပ်ဖွဲ့နှင့် အမျိုးသမီးရေးရာ အဖွဲ့အစည်း များသည် အကြမ်းဖက်ခံ ရသည့် အမျိုးသမီး များအား ကိုယ့်အိမ်တွင်းရေး ပြဿနာကို ကိုယ့်နည်း ကိုယ့် ဟန်ဖြင့် ဖြေရှင်းရန် တိုက်တွန်း ကြခြင်း ဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် လူသိ များသော ဖြစ်ရပ် တစ်ခုရှိခဲ့ ဖူးသည်။ တရုတ်တွင် နာမည်ကျော် ဘာသာ စကားသင် သင်တန်းကျောင်း တစ်ခုဖြစ်သော Crazy English ကိုတည်ထောင်သူ လီယန်း၏ ဇနီး ကင်မ်လီက ရိုက်နှက်ခံခဲ့ရ သဖြင့် ညိုမဲ နေသော မျက်နှာပုံကို လူမှု မီဒီယာ တစ်ခုတွင် ဖော်ပြခဲ့သည်။ အမေရိကန် နိုင်ငံသား ဖြစ်သော လီအား တရုတ်လူမျိုး ယောင်းမက ခင်ပွန်း ဖြစ်သူကို ရန်မစရန် သတိပေးခဲ့ ဖူးသည်။ ရဲတပ်ဖွဲ့ ကလည်း လီအား ကိုယ့်အိမ်ကိုယ်ပြန် ပြီး အသာနေရန် တိုက်တွန်းခဲ့သည်။ ဥပဒေကြမ်းတွင် အိမ်တွင်း အကြမ်းဖက်မှုအား မိသားစုဝင် များက ရုပ်ပိုင်းနှင့် စိတ်ပိုင်း အရ အကြမ်းဖက်မှု အဖြစ် အဓိပ္ပာယ် ဖွင့်ဆို ထားသည်။ ထို့ပြင် အကြမ်းဖက်မှု ကျူးလွန်သူအား ကျူးလွန်ခံ ရသူ၏ နေအိမ်မှ ထွက်ခွာရန် ရဲတပ်ဖွဲ့က စေခိုင်းပိုင်ခွင့် ရှိသည်ဟု လည်း ရေး သား ထားသည်။

အိမ်တွင်း အကြမ်းဖက်မှု ဥပဒေ ရေးဆွဲ ပြဋ္ဌာန်းရန် အမျိုးသမီး အရေး လှုပ်ရှားသူ ဖန်ယွန်က ၂၀၀၃ ခုနှစ် ကတည်းက အစိုးရကို တောင်းဆို နေခဲ့ခြင်း ဖြစ်သည်။ ယခု ဥပဒေကြမ်းသည် တရုတ် နိုင်ငံ အနေအ ထားဖြင့် ကြည့်လျင် ကြီးကျယ်သော အောင်မြင်မှုတစ်ခု ဖြစ်သော်လည်း ပြည်သူများ၏ ဝေဖန်မှု ကိုလည်း ခံယူရန် လိုအပ်နေ သေးကြောင်း သူက ပြောသည်။ ထို့ပြင် စုံတွဲ များကြား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကို အိမ်တွင်း အကြမ်းဖက်မှု အဖြစ် သတ်မှတ်ခြင်း မရှိခဲ့ကြောင်း ၎င်းက ဝေဖန်ခဲ့သည်။ ခင်ပွန်းသည်က ဆန္ဒ မရှိသော ဇနီးအပေါ် လိင်ပိုင်းဆိုင်ရာ အပြုအမူ ပြုလုပ်မှုသည် လိင်ပိုင်း ဆိုင်ရာ အနိုင်ကျင့်မှု မြောက် သည်ကို ဥပဒေကြမ်းတွင် ထည့်သွင်း ရေးဆွဲမှု မပြုခဲ့ချေ။ ထို့ပြင် အိမ်တွင်း အကြမ်းဖက်မှု ကျူးလွန်သူကို ကျူးလွန်ခံရသူ ၏ နေအိမ်မှ ရက် (၃၀) ထွက်ခွာ နေထိုင်ရန် နှင့် ယင်းနောက်တွင် ကွာရှင်း ပြတ်စဲရန် ဥပဒေ ကြမ်းတွင် ရေးဆွဲ ထားရာ အကြမ်းဖက်ခံ ရသော အမျိုးသမီး၏ ကွာရှင်း ပြတ်စဲရန် ဆန္ဒရှိမရှိကို လျစ်လျူရှု ထားရာ ရောက်နေ ပြန်သည်။

ဥပဒေကြမ်းကို ဥပဒေ အဖြစ် ပြဋ္ဌာန်း နိုင်ရန် လပေါင်း များစွာ ကြာမြင့် ဦးမည် ဖြစ်သည်။ ဥပဒေ အဖြစ် ပြဋ္ဌာန်းပြီး နောက်တွင်လည်း ဥပဒေ၏ သက်ရောက်မှု အကျိုးကို အကြမ်းဖက်ခံရ သူများ ခံစားရရန် အချိန် ကာလ ကြာရှည် ဦးမည် ဖြစ်သည်။ တရုတ်သည် နယ်မြေ ကျယ်ဝန်းပြီး နိုင်ငံတွင်း တစ်ကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်းမှု များရှိနေ သောကြောင့် တည်ဆဲ ဥပဒေများ သက်ရောက်မှု ရှိစေရေး မှာပင် ပြဿနာ များစွာရှိနေခဲ့သည်။ ယဉ်ကျေးမှု ဆိုင်ရာ အတားအဆီးများ ကလည်း ဥပဒေ သက်ရောက်မှု ရှိရေးကို အနှောက်အယှက် ပေးနေခဲ့သည်။ သို့သော် ဥပဒေက ရှေ့က ဦးဆောင်လျင် လူ့အဖွဲ့အစည်း က နောက်က လိုက်ပါ လာမည်သာ ဖြစ်သည်။

Ref: Domestic violence-Home truths;The Economist
The Messenger
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...