အလုပ်ချိန်နှင့် အားလပ်ချိန် စီမံခန့်ခွဲမှု

JOB seekers Journal Vol.3, No.27

အောင်မြင် လိုသူတိုင်းအတွက် အချိန်ကို စီမံခန့်ခွဲ မှုဟာ အလွန် အရေးပါတဲ့ ကိစ္စတစ်ခုပါ။ အံ့သြ စရာ ကောင်းလောက်အောင် ထိပ်တန်း ခေါင်းဆောင် ကြီးတွေဟာ အလုပ်ကိုပဲ ဖိလုပ်နေတဲ့ သူတွေ ရှားပါတယ်။ အလုပ်လုပ်တဲ့ အချိန်ကို လုပ်တယ်၊ လေ့လာ သင်ယူတဲ့ အချိန် ကို သေချာ ဖယ်ထားတယ်၊ ကိုယ်ကျန်းမာဖို့ စိတ် ကျန်းမာဖို့ အချိန်ကိုလည်း သီးသန့် ဖယ်ထားလေ့ ရှိပါတယ်။ အချိန်ပြည့် အလုပ်ခွင်မှာပဲ အလုပ်စွဲသမား (workaholic) အဖြစ် လုပ်ဆောင်ဖို့ ရည်ရွယ်ချက်ကို မထားပါဘူး။ ပေါ့ပေါ့ပါးပါးနဲ့ သူတို့ရဲ့ အချိန်တွေ ကို အေးဆေးတည်ငြိမ်စွာ စီမံခန့်ခွဲသွား ကြတာပါပဲ။

ကျွန်တော်လေ့လာဖူးသမျှ ခေါင်းဆောင်တိုင်းလိုလို လုပ်ငန်းခွင်မှာပဲ အချိန်တော်တော် များများကို မြှုပ်နှံထား ကြတာ မဟုတ်ပါဘူး။ ခေါင်းဆောင်ကြီးတွေ အချိန်ကို ဘယ်လိုစီမံကြသလဲ၊ များပြားလှတဲ့ ဖြေရှင်း စရာ၊ လုပ်ဆောင်စရာ၊ ညွှန်ကြားစရာတွေ တစ်ပုံတစ်ပင် ရှိနေပေမယ့် အားလပ်ချိန်ကို ဘယ်လိုစီမံထားကြသလဲ၊ အဲ့ဒီ အားလပ်ချိန်မှာ သူတို့ ဘာတွေ လုပ်ဆောင်ကြသလဲ ဆိုတာ စူးစမ်းကြည့်မိပါတယ်။

ဒီလိုလေ့လာကြည့်တော့ လုပ်ငန်းနဲ့မဆိုင်တဲ့ သူတို့ရဲ့ လှုပ်ရှားမှု တွေအကြောင်းသိလာပြီး ဒီခေါင်းဆောင်ကြီးတွေရဲ့ အချိန်အပေါ်မှာ သုံးတတ်၊ စီမံခန့်ခွဲတတ်ပုံကို အံ့သြချီးကျူးခဲ့ မိပါတယ်။ အစက ခေါင်းဆောင်ဆိုသူတွေဟာ အလုပ်ထဲမှာပဲ အာရုံအပြည့်စူးစိုက်ထားရမယ်လို့ ထင်ခဲ့ပါ တယ်။ ခေါင်းဆောင်မှန်ရင် သူများထက် ပိုပြီး အလုပ်ချိန် ပိုလုပ် နိုင်ရမယ်လို့ ထင်ခဲ့မိပါတယ်။ အမှန်တော့ မဟုတ်ပါဘူး။ အလုပ်လုပ် ချိန်ထက် ပိုပြီးအစွမ်းထက်တဲ့ အချိန်တစ်ခုဟာ ဘာလဲဆိုတာ သူတို့ကောင်း ကောင်းသိပါတယ်။

ခေါင်းဆောင်တိုင်း လိုလိုမှာ လုပ်ငန်းအဖွဲ့အစည်းရဲ့ ပြင်ပဖြစ်တဲ့ သူတို့ရဲ့ ကိုယ်ပိုင်ပုဂ်္ဂိုလ်ရေးဘ၀ကိုလည်း အချိန်ပေးဖို့ ကောင်းစွာ စီမံထား ပါတယ်။ သူတို့ဟာ လုပ်ငန်းဘ၀နဲ့ ပုဂ်္ဂိုလ်ရေးဘ၀ကို သင့်တင့်မျှတစွာ ချိန်ဆစီမံနိုင်ကြပါတယ်။ ဒီလိုပြောတော့ အလုပ်ချိန်ဟာ အရေးမကြီးဘူး၊ ဦးစားပေးအစီအစဉ်မှာ လုပ်ငန်း ကိစ္စက ထိပ်ကမပါဘူးလို့ ပြောတာ မဟုတ်ပါဘူး။ လုပ်ငန်းအပေါ် သူတို့ထက်သန်မှုမရှိ၊ သူတို့ဘ၀ကို မြှုပ်နှံ မထားဘူးလို့လည်း ဆိုတာမဟုတ်ပါဘူး။ လုပ်ငန်းလုပ်ချိန်နဲ့ ကိုယ်ပိုင် အချိန်ကို ခွဲခြားသိပြီး ထိရောက်စွာ အသုံးချနိုင်မှုကို ဆိုချင်တာဖြစ်ပါ တယ်။

ခေါင်းဆောင်ကြီးများလောကမှာ အလုပ်ကို လေးစားတန်ဖိုးထား စိတ်က အရေးကြီးပါတယ်။ တော်တော် များများ အောင်မြင်တဲ့ ခေါင်းဆောင်တွေဟာ အလုပ်ချိန်နဲ့ အားလပ်ချိန်ကို ခွဲခွဲခြားခြား သိရှိထားပါ တယ်။ ခေါင်းဆောင်လောကမှာ အားလပ်ချိန်ပေးမှု အခန်းကဏ္ဍဟာ သိပ်ကို အရေးပါလှပါတယ်။ လုပ်ငန်း ခွင် အကြီးအကဲတွေနဲ့ ပတ်သက်လို့ အလုပ်ချိန်နဲ့ အားလပ်ချိန် အပြုသဘော ရှုမြင်တတ်ဖို့ အရေးကြီးပါ တယ်။ ဒါကို အလုပ်လုပ်ချိန်နဲ့ အားအားယားယားနေထိုင်ချိန်လို့ တချို့တွေက မြင်ကြပါတယ်။

လုပ်ငန်း အကြီးအကဲဆိုတာ ဂေါက်ရိုက်ရင်း လုပ်ငန်းကိစ္စ သဘော တူညီမှုတွေကို ရယူတတ်ကြတယ်။ တချို့က အလုပ်ကိစ္စပြောဆို ညှိနှိုင်းဖို့ နေ့လယ်စာ ထွက်သွားပြီး ရုံးကို နောက်ကျမှ ပြန်လာတတ်ကြတယ်။ အလုပ်ကို အကြောင်းပြပြီး အလကား အားအားယားယား အချိန်ဖြုန်း တတ်ကြတယ်လို့ လူအများက ရှုမြင် တတ်ကြပါတယ်။ ဒါကြောင့် ခေါင်း ဆောင်ကြီးတွေဟာ အလုပ်ဆိုတာနဲ့ အားလပ်မှုဆိုတာကို ဘယ်လိုခွဲခြား စီမံပြီး အလုပ်လုပ်ဆောင်ကြသလဲ ဆိုတာကို စိတ်ဝင်စား ခဲ့တာဖြစ်ပါတယ်။

အလုပ်လုပ်ချိန်နဲ့ အားလပ်ချိန် ယူတာတွေဟာ ခေါင်းဆောင်တွေ အပေါ် ဘယ်လို စိတ်အနေ အထားတွေဖြစ်လာစေသလဲ၊ ဆုံးဖြတ်ချက် တွေ ဘယ်လို မှန်ကန်လာစေသလဲ၊ တီထွင်ဖန်တီးတာနဲ့ တစ်ခြား ထူးခြားတဲ့ ခေါင်းဆောင် တာဝန်တွေကို ထမ်းဆောင်နိုင်ဖို့ ဘယ်လောက်အထောက် အကူပြုသလဲ ဆိုတာ သိဖို့အရေးကြီးပါတယ်။ လုပ်ငန်းလောကရဲ့ ထိပ် တန်းခေါင်းဆောင်တွေဟာ အလုပ်ကို ဘယ်လို အချိန်သတ်မှတ်ပြီး လုပ်ဆောင်ကြသလဲ၊ အဓိပ္ပာယ်ပြည့်ဝတဲ့ ကိုယ်ပိုင်အားလပ်ချိန်ကို ကိုယ့်ဘ၀ အတွက် တည်ဆောက်ဖို့ ဘယ်လိုအချိန်ပေးကြသလဲဆိုတာ ခေါင်းဆောင် လုပ်မယ့်သူတိုင်း သိရှိနားလည်ထားသင့် ပါတယ်။

ခေါင်းဆောင်တွေဟာ သူတို့ရဲ့ ကိုယ်ပိုင်မူဟန်အတိုင်း လွတ်လွတ် လပ်လပ်ရပ်တည်လိုတဲ့ သဘောရှိကြပါ တယ်။ ခေါင်းဆောင်တွေကို ကြည့်လိုက်ရင် လုပ်ငန်း တာဝန်တွေပိနေသလို၊ လုပ်ငန်းဘောင်ထဲမှာပဲ အသက်ရှင်နေရသလို ထင်စရာရှိပေမယ့် သူတို့ဟာ မနက်(၉)နာရီက ညနေ(၅) နာရီအထိ ပုံမှန်အလုပ် ဆင်းကြရတဲ့ အောက်ခြေလုပ်သား အဆင့်ဆင့်တွေ ထက်တော့ ပိုပြီးလွတ်လပ်တဲ့ သဘောရှိနေပါတယ်။ ကိုယ့် အလုပ်ကို ကိုယ်ကြိုက်တဲ့အချိန်မှာ ကိုယ်ကြိုက်တဲ့နေရာကို ရွှေ့ပြောင်း လုပ်ကိုင်နိုင်တဲ့ သဘောရှိ ပါတယ်။

တစ်ခါတစ်ရံမှာ ခေါင်းဆောင်တွေဟာ အလုပ်လုပ်နေတာလား၊ အားအားယားယားနေနေ တာလားဆိုတာ ကို ဘေးလူတွေက တိတိကျကျ မပြောနိုင်ဘဲရှိတတ်ပါတယ်။ ဒီနေ့ခေတ် လုပ်ငန်းခေါင်းဆောင်တွေရဲ့ အနေ အထားတွေ ဟာလည်း အလုပ်ချိန်နဲ့ အားလပ်ချိန်ကို နာရီကြည့်ပြီး သတ်မှတ်လို့မရနိုင်သလိုဖြစ်လာတဲ့ သဘောရှိပါတယ်။ ရာထူးအဆင့်ဆင့် ရှိတဲ့ ခေါင်းဆောင် တိုင်းအတွက် အလုပ်ချိန်နဲ့ အားလပ်မှုကို ခွဲခြား သိနေဖို့ အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကိုယ်ကိုယ် အလုပ်လုပ်နေတယ် ဒါမှမ ဟုတ် အပန်းဖြေ အနားယူနေတယ်ဆိုတဲ့ သိမှတ်ခံစားမှုဟာ လူရဲ့အပြုအမူနဲ့ စွမ်းဆောင်ရည်တွေအပေါ် မတူညီ တဲ့ သက်ရောက်မှုတွေ ဖြစ်လာ စေနိုင်လို့ပါပဲ။

လူမှု ဆက်ဆံရေးနဲ့ မိသားစုအပေါ်မှာ အချိန်ပေးတတ်ပြီး ထူးထူးခြားခြား ဦးစီးဆောင်ရွက်နိုင်တဲ့ သူတစ်ယောက် ဟာ အလုပ်ခွင်မှာ မထင်မရှားဖြစ်နေတတ်သလို တစ်ခြားလူကတော့ အပြင်မှာမထင်ရှား မထူးခြား၊ လုပ်ငန်းခွင်မှာ ထူးခြားတောက်ပြောင်နေတတ်ပါတယ်။ ဒါဟာ သူတို့နှစ်ယောက်ကြားက အလုပ်ချိန်နဲ့ အားလပ်ချိန်အပေါ် ခံယူပုံ ကွာခြားသွားလို့ပါပဲ။ ဒီလို ကွာခြား မှုဟာ လူနှစ်ယောက်ရဲ့ စိတ်နေသဘောထား ကို ထင်ဟပ်စေပါတယ်။ တစ်ယောက်က အလုပ်ကိုချစ်တယ်၊ အားလပ်နေရတာကို မုန်းတယ်။ နောက် တစ်ယောက်က သူနဲ့ပြောင်းပြန်။ ဥပမာ ထင်ရှား အောင်ပြရမယ် ဆိုရင် တစ်ယောက်က မနက် အလုပ် ဆင်းရမှာကိုကြောက် တယ်၊ နောက် တစ်ယောက်က ညဘက် အလုပ်သိမ်းပြီး အိမ်ပြန်ရမှာကို ကြောက် တယ်ပေါ့။

ဒါပေမယ့် အလုပ်လုပ်တဲ့စိတ်နဲ့ အားလပ်စိတ်တွေရဲ့ ထူးခြားချက်က နေရာဌာန၊ အချိန်ကာလတွေနဲ့မဆိုင်ဘဲ ကိုယ့်ကိုယ်ကို အလုပ်လုပ် နေတယ်လို့ ခံစားမိသလား၊ အားအားယားယား လွတ်လွတ် လပ်လပ်နေ ရတယ် လို့ ခံစားမိနေသလားဆိုတဲ့ စိတ်အခြေအနေပေါ် တွင်သာ မူတည် ပါတယ်။ ဒီနေရာမှာ ခေါင်းဆောင်တွေ ဟာ တခြားသူတွေထက် ထူးခြား သွားတဲ့အချက်က ကိုယ့်ကိုယ်ကိုယ် သိတာဖြစ်ပါတယ်။

ကိုယ်က အလုပ်စားပွဲမှာ ကော်ဖီတစ်ခွက်နဲ့ ထိုင်ပြီး မျက်လုံးကိုမှိတ်၊ ကုလားထိုင်နောက်ကို မှီပြီးထိုင်နေရင် တစ်ခြား အလုပ်လုပ်နေကြသူတွေ က ဘယ်လိုမြင်မလဲ။ အမှန်တော့ ခေါင်းဆောင်တွေဟာ ဘယ်အချိန်မှာ ဘယ်လိုနေနေ သူဘာလုပ်နေတယ်ဆိုတာ သိပါတယ်။ သူဘာတွေ စဉ်းစားတွေးခေါ်နေသလဲ၊ ပန်းတိုင်ကို ဘယ်လိုရောက်အောင်သွားမလဲ၊ ဘယ်လိုအခက်အခဲတွေ ကြုံနိုင်သလဲ၊ ဘယ်လိုဖြေရှင်းမလဲ ဆိုတာ သိ အောင် အားထုတ်နေတတ်ပါတယ်။

ဒီလိုအချိန်ဟာ အားအားယားယား ထိုင်နေတာလား၊ အရေးကြီးတဲ့ အလုပ်ကြီးတစ်ခုကို လုပ်နေတာလား အပြင်ပန်းအနေနဲ့ မသိနိုင်ပါဘူး။ အောက်ခြေလူတွေက မော့ကြည့်ရင်တော့ ခေါင်းဆောင်ဆိုတဲ့ အလုပ် ဟာ အလုပ်လုပ်နေတာနဲ့ မတူဘူးလို့ ထင်မှာပါ။ ခေါင်းဆောင်တွေကို တခြားလူတွေနဲ့ ကွဲပြားသွားစေတဲ့ အချက်က ခေါင်းဆောင်တွေဟာ အလုပ်စိတ်ရှိနေချိန်မှာရော၊ အားလပ်စိတ်ရှိနေချိန်မှာပါ ကိုယ့် ရည်မှန်းချက် ပန်းတိုင်တွေဆီကို မပြတ်လျှောက်လှမ်းနေ တတ်တာပါပဲ။

ခေါင်းဆောင်တွေနဲ့ ပြောဆိုကြည့်တဲ့အခါ အလုပ်လုပ်နေချိန်မှာ တောင် အားလပ်စိတ်၊ လွတ်လပ်ပျော်ရွှင် စိတ်ရှိတာဟာ လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်တွေ ချမှတ်တာနဲ့ တီထွင်ဖန်တီးမှုတွေ တိုးတက်ကောင်းမွန် စေ တယ်လို့ ဆိုကြပါတယ်။ လုပ်ငန်းခေါင်းဆောင်ဟာ ရုံးခန်းထဲမှာ ရှိနေစဉ် သူ့စိတ်ဟာ အားလပ်ချိန်တွေမှာလို လွတ်လွတ်လပ်လပ်နဲ့ ပေါ့ပါးမှုရှိ နေမယ်၊ ဒါ့အပြင် အားလပ်ချိန် ရုံးပြင်ပနေရာမျိုးတွေမှာလည်း အပန်းဖြေ ရင်း အလုပ်ကိစ္စတွေဝင်လာပါက အလုပ်လုပ်ချိန်မှ မဟုတ်ဘဲ ဆိုတဲ့ တားဆီးပိတ်ပင်တာမျိုး မလုပ်ဘဲ လက်ခံ စဉ်းစား လုပ်ဆောင်မယ်ဆိုရင် ဒီအချိန်နှစ်မျိုးလုံးဟာ တကယ်ကို ထိရောက်နှစ်သက်စရာကောင်းတဲ့ အချိန်၊ တန်ဖိုးရှိတဲ့အချိန်၊ ဦးနှောက်ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းအားတွေ အားကောင်းလာစေမယ့် အချိန်တွေဖြစ်ပါ တယ်။ ဒါကြောင့် ခေါင်းဆောင် တိုင်းဟာ အချိန်ကို ဉာဏ်နဲ့ကောင်းစွာ စီမံနိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Let's Fly Together!

ဖူးကျော်ဇင် (Future Wave)
JOB Seekers Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...