စီးကရက်ဘူးခွံ နယ်မြေ ပိုင်စိုးရေး စစ်ပွဲ ဘယ်သူနိုင်မလဲ

ကိုထိုက်

အစိုးရ များနှင့် ဆေးလိပ် ကုမ္ပဏီကြီး များသည် စီးကရက် ဘူးခွံ ရှေ့ခြမ်းနဲ့ နောက်ခြမ်း ပေါ်က လက်မ အနည်းငယ်သာ ရှိသော နယ်မြေလေးကို ပိုင်စိုးနိုင်ရေး အတွက် အပြင်းထန်ဆုံး တရားဥပဒေ စစ်ပွဲများ ဆင်နွှဲလျက် ရှိသည်။ အစိုးရများ ဘက်က အသာစီးရ သထက်ရလာကာ စီးကရက် ဘူးခွံ ပေါ် မှာ ကျန်းမာရေး သတိပေးချက် များက နေရာ ယူသထက် ယူလာသည်တွင် ဆေးလိပ် ကုမ္ပဏီ များသည် အခြားသော နည်းလမ်း များဖြင့် နယ်မြေ စိုးမိုးနိုင်ဖို့၊ သြဇာ ဖြန့်ကျက်နိုင်ဖို့ ကြိုးပမ်း လာကြ ပြန် သည်။

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့တွင် သြစတြေးလျ နိုင်ငံသည် ကမ္ဘာပေါ်တွင် ပထမဆုံး နိုင်ငံအဖြစ် စီးကရက်တိုင်းကို ဗြောင်ဘူးခွံ များဖြင့်သာ ရောင်းချ ရမည်ဟု သတ်မှတ်ခဲ့သည်။ စီးကရက် ကုမ္ပဏီများ၏ စွဲဆောင်မှု အမျိုးမျို ထုပ်ပိုးမှု ပုံစံများကို ခွင့်မပြုတော့။ စီးကရက်ဘူး အားလုံး အညိုရောင် ရင့်ရင့်ဘူးများ ဖြစ် ကုန်သည်။ စီးကရက် ကုန် အမှတ်တံဆိပ်နှင့် ထုတ်လုပ်သည့် ကုမ္ပဏီ နာမည် တို့ကိုသာ ဖော်ပြ ခွင့်ပြု သည်။ နာမည် ရေးသားရာ တွင်လည်း မွဲခြောက်ခြောက် မီးခိုးရောင်သာ သုံးခွင့်ပေးသည်။ စာလုံးဆိုက် ကိုလည်း (၁၀) မှ (၁၄) ကြားသာ သုံးခွင့် ပေးသည်။

ဆေးလိပ် သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေကြောင်း သတိပေးသည့် စာသားများ၊ ရုပ်ပုံများက ဘူးခွံ အရှေ့ဘက်တွင် (၇၅) ရာခိုင်နှုန်း၊ အနောက်ဘက်တွင် (၉၀) ရာခိုင်နှုန်း ဖော်ပြပေး ရသည်။ ဆေးလိပ်များပေါ် တွင်လည်း ကုန် အမှတ်တံဆိပ် ရိုက်နှိပ် ဖော်ပြခွင့် မရှိ။ သို့သော် ဒီဇင်ဘာလ မကုန်ခင်မှာပင် မသိမသာ ပြောင်းလဲမှုလေး တွေ့ရသည်။ ဆေးလိပ်များ၏ အဆီခံနားတွင် သေးငယ် မှုန်ဝါးသော အင်္ဂလိပ် စာလုံး လေး သုံးလုံးပါ လာသည်။ ဆေးလိပ် ကုမ္ပဏီအလိုက် စာလုံးတွေက ကွဲသည်။ Benson and Hedges ကုမ္ပဏီထုတ် ဆေးလိပ် များမှာ LDN ဟု ပါသည်။ Holliday ကုမ္ပဏီ ထုတ်က ESC ၊ Winfield က AUS၊ Pall Mall က NYC ဟူ၍ အသီးသီး ကိုယ်စားပြု စာလုံးများ ခပ်သေးသေးလေး ပါလာ သည်။

ဘယ် ကုမ္ပဏီက ထုတ်ထုတ် ဆေးလိပ်တိုင်း တစ်ပုံစံတည်း ဖြစ်အောင် စိမံထားတာကို ဆေးလိပ် ကုမ္ပဏီတွေက ဥပဒေ လက်တစ်လုံးခြား လုပ်ပြီး ဘယ် ကုမ္ပဏီက ထုတ်တဲ့ ဆေးလိပ် ဆိုတာ သိနိုင်အောင် ကိုယ်စားပြု စာလုံးလေး သုံးလုံး သုံးလာ ကြတာ ဖြစ်ပါတယ် ဟု သြစတြေးလျ ကျန်းမာရေး ၀န်ကြီး တန်ယာ ပလီဘာဆက်ခ်က ပြောသည်။ ထိုသို့ ထည့်သွင်းခြင်းများ ကိုလည်း တားမြစ်ခဲ့သည်။

ထိုအဖြစ်အပျက်ကို ကြည့်လျှင် ဆေးလိပ် ကုမ္ပဏီကြီး များသည် မည်မျှပင် သေးငယ်ပါစေ၊ ၎င်းတို့ဆီက ထုတ်လုပ်ကြောင်း သိနိုင် စေမည့် အမှတ် အသား တစ်ခုခုကို သောက်သုံး သူများ သိရှိကာ ၎င်းတို့ ဆေးလိပ် ကိုသာ ရွေးချယ် သောက်သုံးအောင် လုပ်လိုစိတ် မည်မျှ ပြင်းထန်ကြောင်းကို တွေ့နိုင် မည် ဖြစ်သည်။ မထင်ရှား သေးငယ်သော စာလုံးလေး သုံးလုံးကိုပင် ဆက်လက် ထည့်သွင်းခွင့် မပြုသော သြစတြေးလျ အစိုးရ၏ ဆေးလိပ် တိုက်ဖျက်ရေး စိတ်ဓာတ် ခိုင်မာပုံကိုလည်း တွေ့နိုင်မည် ဖြစ်သည်။

သို့ဖြစ်သည့်တိုင် သြစတြေးလျကား ဗြောင်ဘူးခွံ ဆေးလိပ်ဘူးများ ဆိုင်ရာ ဥပဒေနှင့် ပတ်သက်ပြီး ရာနှုန်းပြည့် အောင်ပွဲ မရသေး။ ထိုဥပဒေ သည် ၎င်းတို့၏ မူပိုင်ခွင့်များကို ချိုးဖောက်သည်ဟု ဆေးလိပ် ကုမ္ပဏီများက ဆိုကာ အစိုးရကို အကြိမ်ကြိမ် တရားစွဲခဲ့ ကြသည်။ ဆေးလိပ် ကုမ္ပဏီများ ရှုံးနိမ့်ခဲ့ ကြသည်။ တစ်ဖက်က တရားစွဲ မရပြန် သဖြင့် နောက်တစ်ဖက်က တရား လှည့်စွဲခဲ့ကြ ပြန်သည်။ သြစတြေးလျ၏ အပြုအမူသည် ဟောင်ကောင် နှင့် နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်ရေး သဘော တူညီချက်ကို ချိုးဖောက် ရာ ရောက်သည်ဟု တရားစွဲကြ ပြန်သည်။ သြစတြေးလျတွင် ဗြောင်ဘူးခွံများ သာ ခွင့်ပြုမည့် ဥပဒေ ပြ ဋ္ဌာန်းရန် လပိုင်းလောက်သာ လိုတော့ချိန်တွင် ဆေးလိပ် ကုမ္ပဏီကြီးများသည် သြစတြေးလျသို့ ပိုင်ဆိုင်မှု အများအပြား ရွှေ့ပြောင်း အခြေစိုက်ခဲ့ ကြကာ ဟောင်ကောင်မှ တစ်ဆင့် တင်သွင်းမှုများ လုပ်ခဲ့ ကြသည်။ သြစတြေးလျ၏ ဥပဒေကို လက်တစ်လုံးခြား ရှောင်ရှားခြင်း ဖြစ်သည်။ သြစတြေးလျ၏ ဗြောင်ဆေးလိပ် ဘူးခွံဆိုင်ရာ ဥပဒေသည် အပြန်အလှန် ကုန်သွယ်ရေး သဘောတူချက် ချိုးဖောက်သည် ဟု ကမ္ဘာ့  ကုန်သွယ်ရေး အဖွဲ့ကြီးသို့ တိုင်တန်း ထားသည်မှာ ငါးနိုင်ငံထိ ရှိသည်။ ငါးနိုင်ငံလုံးသည် ဆေးရွက်ကြီး စိုက်ပျိုးရေး လုပ်ငန်း သို့မဟုတ် ဆေးလိပ် ကုမ္ပဏီ များရှိနေ ကြသည်။

သြစတြေးလျကို အတုယူပြီး နယူးဇီလန်သည်လည်း ဗြောင်ဆေးလိပ်ဘူး ကိုသာ ခွင့်ပြုဖို့ ဥပဒေ ရေး ဆွဲနေပြီ ဖြစ်သည်။ အခြား နိုင်ငံအတော် များများ လည်း စဉ်းစား ချိန်ဆနေ ကြပြီ ဖြစ်သည်။ ဗြိတိန်တွင် လည်းအလားတူ ဥပဒေကြမ်းတစ်ခု လာမည့် နှစ်တွင် လွှတ်တော်သို့ တင်သွင်းရန် ရှိသည်။ ပြင်သစ်နှင့် အိုင်ယာလန်တို့လည်း ဗြောင်ဘူးခွံ များဖြင့်သာ ရောင်းချခွင့် ပေးဖို့ စီစဉ်နေကြပြီ။ ဥရောပတွင် တစ်နိုင်ငံလောက် ကစပြီး ဗြောင်ဘူးခွံသာ ခွင့်ပြုမည့် စနစ် ကျင့်သုံး လိုက်ပါက ဒိုမီနို သက်ရောက်မှု အဖြစ် အခြား ဥရောပနိုင်ငံ အများအပြားပါ နောက်က လိုက်လာ နိုင်ကြောင်း စတားလင်း တက္ကသိုလ်မှ ဒေါက်တာ ခရောဖို့ဒ်မိုဒီက သုံးသပ် ပြောကြားသည်။

ဆေးလိပ်ဘူးများ ပေါ်တွင် ကျန်းမာရေး သတိပေးချက် စာတန်းနှင့် ရုပ်ပုံများ ထည့်သွင်းစေသည့် စနစ်ကို ကနေဒါ နိုင်ငံက (၂၀၀၀) ပြည့်နှစ်တွင် ဦးဆုံး လုပ်ခဲ့ခြင်း ဖြစ်သည်။ ၂၀၀၅ ခုနှစ် ရောက်ချိန်ထိတိုင် ထိုသို့ မဖြစ်မနေ ထည့်သွင်းဖို့ ဥပဒေ သတ်မှတ် ထားသည်က ငါးနိုင်ငံသာ ရှိခဲ့ သေးသည်။ သို့သော် နောက်ပိုင်း တွင် တစ်ဖြည်းဖြည်း အရှိန်ရလာရာ ၂၀၁၆ ခုနှစ် ရောက်လျှင် (၉၅) နိုင်ငံထိ ရှိလာ တော့မည်ဟု ခန့်မှန်း ထားသည်။ ဆေးလိပ်ဘူးခွံ များပေါ်တွင် ကျန်းမာရေး သတိပေးချက် စာသားများ၊ ပုံများ ဖော်ပြခြင်းသည် ထိရောက်မှု ရှိကြောင်း ကနေဒါနိုင်ငံ ၀ါတာလူး တက္ကသိုလ်မှ ဒေးဗစ် ဟမ်မွန် က ပြောသည်။ ယေဘုယျ သဘော ရုပ်ပုံများထက် ပိုထိရောက်သည်မှာ တစ်ကယ့် လူများ၏ တစ်ကယ့် အဖြစ်အပျက်ပုံ များ ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

ကနေဒါတွင် စံပြ အဖြစ် ကူညီခဲ့သော နာမည်ကျော် ပုဂ်္ဂိုလ်မှာ ဘာ့ဘ်တာဘောက် ဖြစ်သည်။ နာ မည်ကျော် မော်ဒယ် အမျိုးသမီး တစ်ဦး ဖြစ်ပြီး ဆေးလိပ်နှင့် ဆက်စပ်သော အဆုတ်နှင့် ဦးနှောက် ကင်ဆာ တို့ကြောင့် အသက် (၄၂) နှစ်တွင် ကွယ်လွန်ခဲ့သည်။ ဝေဒနာ ခံစားရသည့် နှစ်ပိုင်းများ တစ်လျှောက်မှသည် ကွယ်လွန်သည့် ၂၀၀၃ ခုနှစ်ထိတိုင် ဆေးလိပ် အန္တရာယ်ကို ကလေးများ သိနိုင်အောင် လှည့် လည် ဟောပြောမှုများ လုပ်ပေးခဲ့သူ ဖြစ်သည်။ ဆေးလိပ်ကြောင့် ဖြစ်ပွားသည့် ရောဂါ လက္ခဏာ များကို ထင်ရှားစွာ ပြသနိုင်စေရန် သူတစ်ကယ် ခံစားနေရသည့် ရောဂါ လက္ခဏာများကို ဓာတ်ပုံ ရိုက်ယူ ကာ ကျန်းမာရေး သတိပေးချက်များ အဖြစ် အသုံးပြု နိုင်အောင်ပါ ခွင့်ပြုပေး ခဲ့သည်။ ဆေးလိပ် အန္တရာယ် တိုက်ဖျက်ရေးတွင် ၎င်းသည် လူသားထုကို များစွာ အကျိုးပြုခဲ့သူ ဖြစ်သည်။ သူ့ဓာတ်ပုံများနှင့် ယှဉ်တွဲ ထားသော ဆေးလိပ် အန္တရာယ် သတိပေးချက် များကို ယနေ့ထိတိုင် အသုံးပြု နေဆဲ ဖြစ်သည်။

ဖွံ့ဖြိုးပြီး နိုင်ငံကြီးများထဲတွင် အမေရိကန်သည် ဘေးထွက် မသိချင်ယောင် အဆောင်ဆုံး ဖြစ်သည်။ ၁၉၆၅ ခုနှစ်က အဦးအစ စတင်ပြီး ဆေးလိပ် ဆန့်ကျင်ရေး အဖြစ် ဆေးလိပ်ဘူး များတွင် ကျန်းမာရေး သတိပေး ချက်များ ကပ်ခဲ့သည်မှန် သော်လည်း နောက်ပိုင်းတွင် ထိရောက်စွာ အားထုတ်ခြင်း မရှိသည်ကို တွေ့ရ သည်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး၏ ဆေးလိပ် ဆေးရွက် ကီး ထိန်းချုပ်ရေး ဆိုင်ရာ သဘော တူချက်တွင် လက်မှတ် မထိုးသည့် နိုင်ငံ အနည်းငယ် အနက်တွင် အမေရိကန်လည်း ပါဝင်သည်။ ဆေးလိပ် ဘူး ရှေ့နှင့် နောက် တွင် ကျန်းမာရေး သတိပေးချက် စာနှင့်ပုံများ ဖော်ပြအောင် ဆေးလိပ် လုပ်ငန်းများကို ဖိအားပေးခြင်းနည်း နည်းနေ သေးသည်။ အမေရိကန်နှင့် တစ်တန်းတည်းတွင် တောင်ဆူဒန်၊ ဟေတီနှင့် မာလာဝီ တို့လည်း ရပ်တည်နေသည်။ ဆေးလိပ်ဘူး များတွင် ကျန်းမာရေး သတိပေး ရုပ်ပုံများ ထည့် သွင်းရေး ဆိုင်ရာ ဥပဒေတစ်ရပ် ၂၀၀၉ ခုနှစ်က ပြဋ္ဌာန်းဖူး သော်လည်း ထိုဥပဒေသည် ဆေးလိပ် ကုမ္ပဏီ များ၏ လွတ်လပ်စွာ ထုတ်ဖော် ပြောဆို ပြသခွင့်ဆိုင်ရာ အခြေခံ ဥပဒေပါ အခွင့်အရေးကို ချိုးဖောက်သည် ဟု ဆိုကာ ဥပဒေကို ဖျက်သိမ်းရန် တရားရုံးက ကိုးလအကြာတွင် ညွှန်ကြားခဲ့သည်။ယနေ့ အချိန်ထိတိုင် အမေရိကန်တွင် ဆေးလိပ်ဘူးများ ဘေးဘောင် ကျဉ်းကျဉ်း နေရာ၌သာ ကျန်းမာရေး သတိပေး စာ သား သေးသေးလေးများ ပါသေးသည်။ ၁၉၈၄ ခုနှစ်တုန်း က အတိုင်း ဖြစ်သည်။ ဘာမှ ပြောင်းလဲခြင်း မရှိသေး။

ဆေးလိပ် လုပ်ငန်းကြီးများသည် သောက်သုံးသူ ဆိုင်ရာ စိတ်ပညာ ကိုလည်း ကောင်းစွာ အသုံးချသည်။ ဆေး လိပ် နာမည်ကို လိုက်ပြီး အမျိုးသား၊ အမျိုးသမီးများအား ဆွဲဆောင်နိုင်မှု ကွာခြားကြောင်း ဆေးလိပ် ကုမ္ပဏီ ကြီးများ လုပ်ထားသော စစ်တမ်း တစ်ရပ်က ဖော်ပြသည်။ဥပမာ ဆေးလိပ် တစ်မျိုး တည်းကိုပင် ရှေ့တန်း သူရဲကောင်းဟု နာမည်ပေး၍ ထုပ်ပိုး ရောင်းချပါက အမျိုးသားများ အ၀ယ်များပြီး၊ ဧပြီ ဟု နုနုရွရွ နာမည်ပေး လိုက်သော အခါ အမျိုးသမီးများ အ၀ယ် များသည်ကို တွေ့ ခဲ့ရသည်။ နေ့စဉ် ဆေးလိပ်သောက်သူ တစ်ဦး သည် ဆေးလိပ်ဘူးကို အိတ်ကပ်ထဲ ထုတ်လိုက် ထည့်လိုက် လုပ်တာ တစ်နှစ်ကို ပျမ်းမျှ အကြိမ် (၇၀၀၀) ခန့်ရှိသည် ဆိုသော အချက်ကိုပါ အလွတ်မပေးဘဲ ဆေးလိပ် ကုမ္ပဏီများက သုတေသနများ လုပ်ထားကာ ရှိရင်းစွဲ သောက်သုံးသူကို မည်သို့ ထိန်းရမည်၊ အသစ်များကို မည်သို့ ဆွယ်ရမည် များကို နည်းလမ်းများ ရှာကြံနေ ကြသည်။

ကမ္ဘာ့ အကြီးဆုံး ဆေးလိပ် ကုမ္ပဏီကြီး ဖြစ်သော ဖိလစ်မောရစ် ဥက္ကဋ္ဌနှင့် ဘီဘီစီ သတင်းဌာနတို့ တွေ့ဆုံ မှုတွင် ဆေးလိပ် သောက်တာ ကျန်းမာရေး အတွက် မကောင်းဘူး ဆိုတာ ကျွန်တော်တို့ လက်ခံပါ တယ်။ ဆေးလိပ်ဘူး တွေမှာ ကျန်းမာရေး သတိပေးချက်တွေ ထည့်တာ ကိုလည်း ထောက်ခံ ပါတယ်။ ထည့်ပါလို့ ဥပဒေ အရ သတ်မှတ်ချက် မရှိသေးတဲ့ နိုင်ငံတွေ မှာတောင် ကျွန်တော်တို့ ဖာသာ သတိပေး ချက်တွေ ထည့်ပေးထား ပါတယ်။ ဒါပေမယ့် ကျန်းမာရေး သတိပေးချက် တွေက နေရာ သိပ်ယူလွန်းလာ ရင်တော့ ကျွန်တော် တို့ရဲ့ ဉာဏ်ဆိုင်ရာ မူပိုင်ခွင့် တွေကို ချိုးဖောက် ရာရောက်တဲ့ အတွက် ကျွန်တော်တို့ ကန့်ကွက်ရမှာ ဖြစ်ပါတယ် ဟု ၎င်းကပြောသည်။

ငွေချွေတာ လိုသူများ နှစ်ခြိုက်ကြသည့် ဘူးကို နှစ်ခြမ်းခွဲပြီး တစ်ယောက် တစ်ဝက် ယူနိုင်သော ဘူး ဒီဇိုင်း မျိုးလည်း ခေတ်စားသည်။ သြစတြေးလျ တွင်ကား ထိုသို့ လက်တစ်လုံးခြား လုပ်မှုများကို အပြုတ် တိုက်ပစ် ခဲ့သည်။ ဆေးလိပ်ဘူး အားလုံးသည် သမားရိုးကျ ထိပ်က လှန်ဖွင့်ရသည့် ပုံစံသာ ဖြစ် ရမည်။ ကုန် အမှတ် တံဆိပ် စာသားမှ လွဲ၍ ကျန်နေရာ အားလုံးတွင် ကျန်းမာရေး သတိပေးစာနှင့် ပုံများ ကပ်ရမည်ဟု သတ်မှတ်လိုက် သဖြင့် ဆေးလိပ် ကုမဏီများ ငြိမ်ကျ သွားခဲ့သည်။

သြစတြေးလျတွင် ဆေးလိပ်ဘူးများ ပေါ်၌ ကုန် အမှတ်တံဆိပ်မှ လွဲ၍ အခြား ဆွဲဆောင်မှုများ မထည့်သွင်း ရဟု သတ်မှတ် လိုက်သည်တွင် ကုမ္ပဏီ များသည် ဆေးလိပ်များ ပေါ်၌ ၎င်းတို့၏ အမှတ်အသားများ ထည့်သွင်း လာသည်ကို နည်းယူကာ အစိုးရများ အနေဖြင့် ဆေးလိပ်များ ပေါ်မှာပါ ဆေးလိပ် သောက် ရင် သေတတ်တယ် ဟူသော စာတန်းမျိုး ရိုက်နှိပ် အသိပေးနိုင်အောင် ဥပဒေပြဋ္ဌာန်း သင့်သည်ဟု သြစတြေးလျမှ ပြည်သူ့ ကျန်းမာရေး လှုပ်ရှားသူ များက နောက်တစ်ဆင့် အတွက် တိုက်တွန်းနေ ကြပြီ။

Ref: The battle for control of the cigarette packet By William Kremer

The Messenger
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...