မျက်မှောက်ခေတ်တွင် လူသားအကျင့်ဆိုးများ ပိုမိုပေါ်လွှင်လာ

သမန်းကျား

သတ္တ၀ါတွေ အားလုံးထဲမှာ လူသားတွေက အသိဥာဏ် အမြင့် ဆုံး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို အသိဥာဏ်မြင့် လူသားတွေမှာ အကျင့်ဆိုးလေးတွေ ရှိနေတာကို တွေ့ ရပါတယ်။ ဒီအကျင့်ဆိုးတွေ က မျက်မှောက်ခေတ်မှာ ပိုပြီး တော့ ကို ပေါ်လွင် ထင်ရှားလာ တာမို့  ဂရုပြုရှောင်ကြဉ်သင့်တဲ့ လူသား အကျင့် ဆိုးတွေကို စုစည်းဖော်ပြ လိုက်ပါတယ်။

လိမ်လည်ကြပါတယ်။ လူတွေဘာဖြစ်လို့  မလိမ်ဘဲ မနေနိုင်ဘူးလဲ ဆိုတာကိုတော့ ဘယ်သူမှ မရှင်းပြနိုင် ကြပါဘူး။ ဒါပေမယ့် စိတ်ရဲ့ နက်ရှိုင်းတဲ့အပိုင်းထဲက လုပ်ဆောင်ချက်လို့  ပညာရှင်တွေက ဆိုပါတယ်။ လူတိုင်းမှာ ကိုယ်ပိုင်တန်ဖိုး ရှိပါ တယ်။ ဒီကိုယ်ပိုင်တန်ဖိုးကို ခြိမ်းချောက်လာပြီဆိုတာနဲ့ တပြိုင်နက် လူတွေ က လိမ်ကြပါတယ်။ တစ်ကယ်တော့ လူ အယောက် (၁၀၀) မှာ (၆၀) လောက်က ၁၀-မိနစ်လောက် ကြာအောင် စကားပြောလိုက်တိုင်း တစ်ကြိမ်လောက် တော့ အနဲဆုံး လိမ်ကြပါတယ်။ လိမ်တယ်ဆိုတာ ကလည်း မလွယ်လှပါဘူး။ အမှန်ကိုပြောဖို့ ထက် လိမ်ပြောဖို့ က စက္ကန့် (၃၀)လောက်ပိုပြီး စဉ်းစားရပါ တယ်။

အကြမ်းဖက်ရတာကိုနှစ်သက်ကြပါတယ်။ ကျွန်တော်တို့ ရဲ့  ဗီဇပစ္စည်းနဲ့ ဦးနှောက်ရဲ့ ဆုပေးစင်တာတွေ ကိုက အကြမ်းဖက်မှုကို နှစ်သက်ကြတာပါ။ တစ်ကယ်တော့ လူသားတွေဟာ ကာမ၊အစား၊ မူးယစ်ဆေး ၀ါးတွေကို စွဲလန်းနှစ်သက်သလို အကြမ်းဖက်မှုကိုလည်း မခံစားရရင်မနေနိုင်ကြပါဘူး။ သိပ္ပံနည်းကျလေ့လာ တဲ့အခါ လူသားရှင်သန်နိုင်ရေးအတွက် အကြမ်းဖက်မှုကို လိုအပ်တယ်လို့ ဆိုပါတယ်။ ကလေးငယ်လေးက သူစားချင်တာကို အတင်းယူစားတာကို လူကြီးတွေ သဘောကျခဲ့ကြတယ်။ သားလေးဆိုးတာကို မိဘတွေက ချစ်နေကြတယ်။ ခပ်ဆိုး ဆိုး ချစ်သူကို မိန်းကလေးတွေ ပိုသဘောကျသလို သတင်း၊ ရုပ်ရှင်တွေမှာလည်း အကြမ်းဖက်မှုများလေ ကြိုက်လေ ဖြစ်နေကြပါတယ်။ တစ်ကယ်တော့ လူဆိုတာ ဆာလောင်တတ်ပါတယ်။ ဆာလောင်တဲ့အခါ အစာမစားရင် သူ အသက် ရှင်သန်နိုင်ဖို့  ခက်သွားပါလိမ့်မယ်။ ဒါကြောင့် ခန္ဓာကိုယ်က ဆာလောင်မှုနဲ့ အတူ ဒေါသကိုပါဆွပေးပါ တယ်။ မစားရလို့ ဒေါသထွက်ပြီး ရအောင်ရှာစားတော့ သူလည်း အသက်ဆက်ရှင်သန်နိုင်တာပေါ့။ အိပ်စက်ခြင်း၊ ကာမဂုဏ်အာရုံခံစားခြင်းတွေမှာလည်း ဒီသဘောပါပဲ။

ခိုးဝှက်တတ်ကြပါတယ်။ လိုအပ်ချက်အရ ခိုးယူချင်စိတ် ဖြစ်ပေါ်လာပါတယ်။ တစ်ချို့ မှာလည်း မခိုးရရင် မနေနိုင်တဲ့ စိတ်ရောဂါ ရှိပါတယ်။ လူအတော်များများဟာ ဈေးဝယ်ရင်း အလစ်သုတ်ဖူးပါတယ်။ ဒါကလည်း လက်ဆောင်ရရင် ပျော်နေ တတ်တဲ့ လူ့ သဘာဝနဲ့  ဆက်နွယ်နေပါတယ်။ ကိုယ့်အိတ်ကပ်ထဲက ဘောပင် ကိုမသုံးဘဲ သူငယ်ချင်းရဲ့  ဘောပင်ကို ယူသုံးရတာ သဘောကျကြပါတယ်။ ငယ်ငယ်တုန်းက ညီလေး ပန်းကန်ထဲက ဟင်းဖတ်ကို ယူစားရတာ ပျော်စရာပါ ပဲ။ တစ်ခုခုခိုးလုပ်ရတာ၊ ခိုးသုံးရတာ၊ စည်းကမ်းဖောက်ဖျက် ရတာတွေဟာ လူတွေကို တက်ကြွ ရွှင်လန်း ပျော်ရွှင်စေတဲ့အတွက် လူတိုင်းဟာ တစ်နည်းနည်းနဲ့  ခိုးနေကြတယ်လို့  စိတ်ပညာရှင်တွေက ဆိုပါတယ်။

မိမိ အကျိုးအမြတ်အတွက် လိမ်ညာပါတယ်၊ ဖောက်ပြန်ပါတယ်။ လူတွေက အခွန်လိမ်ပါတယ်။ ချစ်သူ အိမ်ထောင်ဖက်အပေါ် ဖောက်ပြန်ပါတယ်။ အဆင့်အတန်း နိမ့်သူတွေက သာမန်လိမ်ညာခြင်းနဲ့  ဖောက်ပြန်ခြင်း တွေကို ကျူးလွန်သလောက် အဆင့်အတန်းမြင့်သူ တွေကတော့ အဆင့်အတန်းမြင့်မြင့်မားမားကို လိမ်ညာ ဖောက်ပြန်ကြတာကို တွေ့ ရပါတယ်။ ထူးဆန်းတာက ချစ်သူ အိမ်ထောင်ဖက်အပေါ် ဖောက်ပြန်သူ အများစုဟာ အိမ်ထောင်ရေး အဆင်မပြေလို့  ဖောက်ပြန်တာထက် အိမ်ထောင်ရေး အဆင်ပြေလို့  ဖောက်ပြန်ကြတာက ပိုများနေတာပါပဲ။ ယောက်ျား တစ်ယောက်ဟာ အပြင်မှာဖောက်ပြန်ဖို့  မိမိကိုယ်ကိုယ် ယုံကြည်မှုရှိဖို့  လိုအပ်ပါတယ်။ အိမ်က မိန်းမနဲ့  ပြုံးပျော် ရွှင်ပြီးကျေနပ်နေ တဲ့ယောက်ျားဖြစ်သူဟာ မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အ၀ ရှိသွားတဲ့အတွက် တခြားမိန်းကလေးတွေနဲ့ လည်း ရဲရဲဝံ့ဝံ့ဆက်ဆံရာကနေ ဖောက်ပြန်နိုင်တဲ့ အခွင့်အရေးတွေရလာရင် မလွတ်တမ်း အသုံးချတာမျိုး ဖြစ်သွားနိုင်ပါတယ်။ စီးပွားရေး အဆင်မပြေဖြစ်နေမယ်၊ အိမ်မှာ စိတ်ဆင်းရဲ စရာတွေများနေမယ်ဆိုရင် သူ့ ကိုယ်ပိုင်ယုံကြည်မှုကို ကြီးမားစွာထိခိုက်စေတာမို့  အပြင်လောက မှာလည်း မ၀ံ့မရဲဖြစ်ပြီး ဖောက်ပြန်လိုစိတ်တွေလည်း လျော့နဲနေတတ်ပါတယ်။

အကျင့်ဆိုးတွေကို တမင်တကာ မဖြတ်ဘဲနေကြပါတယ်။ ယောက်ျားလေးတွေက ကျန်းမာရေးကို ထိခိုက် စေနိုင်တယ်ဆိုတာ သိသိနဲ့  ဆေးလိပ်၊ကွမ်း၊အရက်၊ မူးယစ်ဆေးဝါးတွေကို မဖြတ်ကြသလို မိန်းကလေးတွေ ကလည်း ကိုယ်နဲ့ မတည့်မှန်းသိရဲ့ နဲ့  စားချင်ရာတွေစားပြီး allergy တွေ မကြာခဏဖြစ် ကြတဲ့အပြင် ချစ်သူ အိမ်ထောင်ဖက်က မကောင်းမှန်းသိသိနဲ့  မျက်စိစုံမှိတ် ပေါင်းဖက်နေတတ်ကြပါတယ်။ တစ်ကယ်တော့ လူတွေ အကျင့်ဆိုးကို မဖြတ်နိုင်တာဟာ လူ့ သဘာဝအရ ခေါင်းမာတတ်တဲ့အကျင့်၊ လူတွေ အထင်ကြီးတာကို လိုချင်တဲ့ အကျင့်၊ အန္တရယ်ရှိတာကို လက်မခံချင်တဲ့အကျင့်၊ အကျင့်ဆိုးမှန်းသိလျက်နဲ့  ကိုယ့်ကိုယ်ကိုယ်ပါ လိမ်ညာပြီး ဆက်လုပ်နေတတ်တဲ့အကျင့်၊ မျိုးရိုးဗီဇအရ စွဲလန်းစိတ်ကြီးမားတဲ့ အကျင့် တို့  ကြောင့် ဖြစ်တယ်လို့  စိတ်ပညာရှင် များက ဆိုပါတယ်။

အနိုင်ကျင့်တတ်ကြပါတယ်။ ကျောင်းမှာ တစ်ခြားကလေးတွေကို နိုင်စားတတ်တဲ့ ကလေးတွေဟာ အိမ်မှာ လည်း မောင်နှမတွေ ကို အနိုင်ကျင့်တတ်ပါတယ်။ တစ်ကယ်တော့ နိုင်စားတဲ့အကျင့်ကို အိမ်ကနေစပြီး တတ်လာတာပါ။ အိမ်မှာ မောင်နှမအချင်းချင်း အနိုင်ကျင့်တာကို မိဘက လျစ်လျူရှုထားမယ်ဆိုရင် ဒီအကျင့် ဟာ ကျောင်းအထိ ပါသွားနိုင်ပါတယ်။ ဒါပေမယ့် ကလေးတွေမှ အနိုင်ကျင့်တတ်တာ မဟုတ်ပါဘူး။ အမေရိကန်ပြည်ထောင်စုမှာ လုပ်ငန်းခွင်လောကထဲက ၀န်ထမ်း ၃၀ ရာခိုင်နှုန်းလောက်က အနိုင်ကျင့်တတ် တဲ့ အလုပ်ရှင်တွေအောက်မှာ အလုပ်လုပ်နေရတာပါ။ အလုပ်ရှင်ကနေ အလုပ်တစ် ခုပြီးမြောက်အောင် ဆောင်ရွက်ဖို့  အရေးပါတဲ့ သတင်း အချက်အလက်တွေကို ထိန်ချန်ထားတာ၊ ရှက်ဖို့ ကောင်းတဲ့ ကောလာဟာလတွေကို ဖြန့် လွှင့်တာ၊ အရှက်တကွဲ အကျိုးနဲအောင် တမင်တကာပြောဆို ဆက်ဆံတာတွေကို ကြုံတွေ့ ကြရပါတယ်။ တစ်ကယ်တော့ လူတွေ တစ်ယောက်နဲ့  တစ်ယောက် အနိုင် ကျင့်တယ်ဆိုတာ ကိုယ့်အဆင့်အတန်းပိုမြင့်တယ်၊ ကိုယ်ကသြဇာအာဏာပိုကြီး တယ် ဆိုတာကို ပြချင် စိတ်နဲ့ ဖြစ် တယ်လို့  စိတ်ပညာရှင်များက ဆိုပါတယ်။

တက်တူးထိုးကြပါတယ်။ အရေပြားဖောက်ပြီး ပစ္စည်းတွေချိတ်ဆွဲကြပါတယ်။ ၂၀၁၅ ခုနှစ် မကုန်ခင်မှာကို အမေရိကန်ပြည်ထောင်စုမှာ တက်တူး သို့ မဟုတ် အရေပြားဖောက် ဆွဲခြင်းပြုလုပ်ထားသူ ဦးရေဟာ လူဦးရေ စုစုပေါင်းရဲ့  ၁၇ ရာခိုင်နှုန်း ရှိလာနိုင်ပါတယ်။ တစ်ချို့ ကလည်း ဒါဟာ အနုပညာတဲ့။ တစ်ချို့  ကလည်း မကျေနပ် ချက်ကို ဖွင့်ဟခြင်းတဲ့။ တစ်ချို့ ကလည်း ဂိုဏ်းဖွဲ့ တဲ့အခါ တူညီအမှတ်အသားအဖြစ် ထိုးကြ၊ဆွဲကြပါတယ်။

ရှေးတုန်းက အောက်လမ်း သမားတွေက တက်တူးတွေ သုံးခဲ့ကြသလို ဘာသာရေးအမှတ်အသား၊ အာဏာ၊ အဆင့်အတန်းကို ခွဲခြားဖော်ပြဖို့ လည်း တက်တူးတွေ သုံးခဲ့ကြပါတယ်။ ငွေဝယ်ကျွန်စနစ်က ကိုယ့်ကျွန်၊ သူ့ ကျွန် ခွဲခြားနိုင်ဖို့  ကျွန်တွေရဲ့  နဖူး၊ လည်ဂုတ်၊လက်ဖမိုးတွေမှာ တက်တူးထိုးပြီး အမှတ်အသား လုပ်ခဲ့ကြပါတယ်။ ခန္ဓာ ကိုယ်အရေပြားကို ဖောက်ထွင်းတာ၊ ဆေးပန်းချီ ချယ်တာတွေက လည်း နှစ်ပေါင်းထောင်နဲ့ ချီ လုပ်လာခဲ့ကြတဲ့ အလေ့အကျင့် တစ်ခုဖြစ်ပါတယ်။

စိတ်ဖိစီးမှုခံစားကြရပါတယ်။ စိတ်ဖိစီးမှုဟာ နှလုံးရောဂါနဲ့  ကင်ဆာရောဂါတို့ ကို ဖြစ်ပွားစေနိုင်တဲ့ အတွက် သေစေ နိုင်ပါတယ်။ ရောဂါကြောင့်မသေတောင် စိတ်ဓါတ်ကျဆင်းပြီး မိမိကိုယ်ကိုယ် သေကြောင်း ကြံစည်သွားနိုင်ပါတယ်။ မျက်မှောက်ခေတ်ရဲ့  နည်းပညာကြောင့် လူတွေရဲ့ အလုပ်ချိန်ဟာ တိုးမှန်းမသိ တိုးလာနေပါတယ်။ မိုဘိုင်းဖုန်းနဲ့  အင်တာနက်တို့ ရဲ့ ကျေးဇူးကြောင့် ဘယ်မှာဘဲရှိရှိ ဆက်သွယ်လို့ ရနေပြီး အလုပ်ကိစ္စကို အချိန်မရွေး ဖြေကြား ဆောင်ရွက်ပေးနေရလို့  ဖြစ်ပါတယ်။ အလုပ်ကိစ္စမလုပ်ဘူး ဆိုရင် လည်း အွန်လိုင်းကြည့်နေတာနဲ့  အရည်အသွေး ပြည့်ဝတဲ့ နားချိန်ဆိုတာ ပျောက်ကွယ်လုနီးပါး ဖြစ်နေပါ တယ်။ ရလာဒ်ကတော့ စိတ်ဖိစီးမှုပါပဲ။ ကလေးရော လူကြီး တွေပါ စိတ်ဖိစီးမှုဒဏ်ကို ခံနေကြရတာ ဖြစ်ပါ တယ်။

ဒါ့အပြင် လောင်းကစားကြသလို လူတွေအကြောင်း အတင်းမပြောလည်း မနေနိုင်ကြပါဘူး။ ဒီတော့ သတ္တ၀ါတွေထဲ မှာ အသိဥာဏ်အမြင့်ဆုံးလို့ ဆိုတဲ့ လူသားတွေမှာ ဒီလိုဆိုးရွားတဲ့ အမူအကျင့်တွေလည်း ရှိနေကြောင်း၊ မိမိအနေနဲ့  ဒီလိုအမူအကျင့်မျိုးတွေကို ရှောင်ရှားသင့်ကြောင်း လေ့လာရေးသား တင်ပြလိုက် ရပါတယ်။

Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...