လူမှုဘ၀ သာယာမှုကို ထိခိုက် စေသော အကျင့်ဆိုးများ

By ကိုထိုက်

အထိုင်များ လွန်ခြင်း

လေ့လာမှု စစ်တမ်းများ အရ လူတစ်ယောက်သည် တစ်ရက်လျှင် ပျမ်းမျှ ခြောက်နာရီ ၀န်းကျင် ထိုင်ဖြစ်ကြောင်း သိရသည်။ သွားရင်း လာရင်း ကား ပေါ် မှာ ရထားပေါ်မှာ ထိုင်ကြသည်။ အလုပ်ထဲ မှာလည်း ထိုင်ကြသည်။ တစ်နေကုန် လုပ်ကိုင်ပြီး အိမ်ရောက် တော့လည်း နားနား နေနေနဲ့ ထိုင်ဖြစ် ကြ ပြန်သည်။ ကျွန်ုပ်တို့ ခန္ဓာကိုယ်သည် ထိုင်နေရ တာကို သဘာဝ အားဖြင့် ပိုသဘောကျပုံ ရသည်။ သို့သော် ထိုင်ပါ များခြင်းသည် ကျန်းမာရေး အား ဆိုးဝါးစွာ ထိခိုက် စေသည်ကို သတိပြု ရမည်။ အ၀ လွန်ခြင်း၊ ဆီးချို၊ စိတ်ကျရောဂါ၊ ကင်ဆာ၊ အရိုးပွ၊ ခုခံအား စနစ် အားနည်းခြင်း များသည် အထိုင် များခြင်း၊ မလှုပ်ရှားခြင်း တို့ကြောင့် အဓိက ဖြစ် ပွားကြောင်း လေ့လာမှု စစ်တမ်းများက ထောက်ပြနေ ကြပြီ။

အိပ်ရေး မ၀ခြင်း

အိပ်ရေးမ၀ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေသော တစ်ချက် ဖြစ်သည်။ အလုပ်လုပ်ရင်း ညဥ့်နက်ခြင်း၊ သူငယ်ချင်းများနဲ့ အပြင် ထွက်ရင်း ညဥ့်နက်ခြင်း စသဖြင့် မည်သည့် အကြောင်းကြောင့်ပဲ ညဥ့်နက်နက် မနက် အလုပ်သွားဖို့ ကုန်းရုန်း ထရပြီ ဆိုလျှင်တော့ အိပ်ပျက်ခြင်းဒဏ်ကို တစ်နေ့လုံး ခံရ တော့မည်။ အိပ်ချင် မူးတူး ဖြစ်နေ သဖြင့် အလုပ်များလည်း အဆင်မပြေ နိုင်တော့။ မိမိ၏ ခန္ဓာကိုယ် သည်လည်း လောင်စာ ပြည့်ပြည့်၀၀ မရသော ကားလိုပင် လိုရာ ခရီးရောက်မည် မဟုတ်။ ပုံမှန် လူ တစ်ယောက် အနေဖြင့် ပျမ်းမျှ အားဖြင့် တစ်ရက်ကို ခုနစ် နာရီခန့် အိပ်စက် သင့်သည်။ အိပ်ရေး မ၀ခြင်း သည် ရေတို ဖျားနာမှုအစ ရေရှည် သွေးတိုး၊ ဆီးချိုများထိ ဖြစ်ပွား နိုင်သည်။ အိပ်ရေးမ၀ခြင်းကြောင့် ခန္ဓာကိုယ် ပင်ပန်းနေသည့် အခါ နေ့စဉ် အလုပ်များ ကိုလည်း ထိခိုက်သည်၊ လုပ်ကိုင် နိုင်စွမ်းလည်း ကျဆင်းသည်၊ လုပ်လျှင်လည်း အမှားမှား အယွင်းယွင်းနှင့် မတော်တဆမှုက မကြာ မကြာ ဖြစ်ရသည်။

ကလေး ဆန်ဆန် လက်သည်းကိုက်ခြင်း

လက်သည်းကို ကိုက်မည်။ နှာခေါင်းကို နှိုက်မည်။ ပါးစပ်ထဲ နှိုက်မည်။ ထိုသို့သော အပြုအမူများသည် ကလေးဆန်ပြီး လူကြားထဲ တွင်လည်း သိက္ခာကျ စေသော ကိစ္စဖြစ်သည်။ ကျန်းမာရေး အတွက်လည်း အကျင့်ဆိုး ဖြစ်သည်။ အားလုံး သိကြသည့် အတိုင်း လက်ဟူသည် နေရာတကာ လျှောက်ကိုင် သည်။ ဘက်တီးရီးယားတွေက အချိန်ပြည့် ကပ်နေ တတ်သည်။ ဆပ်ပြာနဲ့ နိုင်နိုင်ဆေး နိုင်ပါမှ တော်ကာ ကျသည်။ နှာခေါင်းထဲ ယားနေလို့ လက်နဲ့ တစ်ချက်လောက် ကလော် လိုက်ခြင်းမျိုး၊ သွားကြားထဲ အသားဖတ် လေးကပ်နေလို့ လက်သည်းလေးနဲ့ ထိုးထုတ်လိုက်ခြင်းမျိုးသည်ပင် လက်က ဘက်တီးရီးယား အများအပြား ခန္ဓာကိုယ်ထဲ ၀င်သွားဖို့ တံတားထိုးပေး လိုက်ရာ ရောက်သည်။ လက်သည်း ကိုက်ခြင်းသည် လည်း အလားတူ ဖြစ်သည်။ လက်က ဘက်တီးရီးယားများ ခန္ဓာကိုယ်ထဲ ရောက်သွား နိုင်သည်။ ၀မ်းရောဂါ ကဲ့သို့ ရောဂါ များသည် မသန့်ရှင်းသော လက်မှ ဘက်တီးရီးယားများ ခန္ဓာကိုယ်ထဲ ရောက်သွားခြင်းက အများဆုံး ဖြစ်ပွားရသည်။ ထို့အပြင် နှာခေါင်း နှိုက်လိုက်၊ ပါးစပ် နှိုက်လိုက်၊ လက်သည်း ကိုက်လိုက် လုပ်နေခြင်းသည် စိတ်မရင့်ကျက်သူ တို့၏ လက္ခဏာ အဖြစ် သာမက စိတ်ဝေဒနာသည်တို့၏ လက္ခဏာ လည်း ဖြစ်တတ်သည်။

ဆေးလိပ်သောက်ခြင်း

ဆေးလိပ် သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေသည် ဟူသော စကားသည် ကြားရပါ များလွန်းလို့ ရိုးပင် နေလောက်ပြီ။ သို့သော် သွေးထွက်အောင် မှန်သော စကား ဖြစ်၏။ ဥပမာအားဖြင့် အမေရိကန် နိုင်ငံတွင် ဆေးလိပ် သောက်သူ (၄၂) သန်း ရှိနေ သေးသည်။ ဆေးလိပ် သောက်သူ အရေ အတွက် ကျသထက် ကျလာနေသည့် အတွက်ကား ၀မ်းသာစရာ ဖြစ်သည်။ သို့သော် ဆက်သောက် နေဆဲ လူများ သတိထားမိ နိုင်ဖို့ ဆက်လက်ပြီး ပညာပေးနေရ ဦးမည်သာ ဖြစ်သည်။ အဆုတ် ကင်ဆာ၊ ပါးစပ် ကင်ဆာ၊ အစာအိမ် ကင်ဆာ၊ ပန်ကရိယ ကင်ဆာ တို့သည် ဆေးလိပ် သောက်ခြင်းကြောင့် အဓိက ဖြစ် ပွားသည်။ ဆေးလိပ် သောက်ခြင်းသည် နှလုံးရောဂါ ဖြစ်နိုင်ခြေ ကိုလည်း တိုးပွား စေသည်။ ဆေး လိပ် သောက်သူ ကိုယ်တိုင် သာမက ဘေးလူများ ကိုပါ အလားတူ ဖြစ်ပွားစေ နိုင်သည်။ ဒါ့အပြင် ဆေး လိပ် သောက်ခြင်းသည် ငွေသိပ် ကုန်စေသော အကျင့်ဆုံးလည်း ဖြစ်သည်။ ဈေးခပ် ပေါပေါ ငါးဒေါ်လာ တန်ဘူးလောက် နေ့စဉ် သောက်မည် ဆိုလျှင်ပင် တစ်နှစ်ကို ဒေါ်လာ (၁၈၀၀) ကျော် ကျသင့်သည်။

မနက်စာ လွတ်ခြင်း။

မနက်စာ စားခြင်းသည် ခန္ဓာကိုယ်ကို ဆီဖြည့်ခြင်း ဖြစ်သည်။ မနက်မှာ ကလည်းက ဆီ လုံလောက်အောင် ဖြည့်ထားပါမှ ခန္ဓာကိုယ် ဟူသော ကားသည် တစ်နေကုန် ကောင်းကောင်း မောင်းနိုင် မည်။ သုတေသန စစ်တမ်းများ အရလည်း မနက်စာ ၀၀လင်လင် စားထားသူ များသည် အလုပ်ထဲ မှာ၊ ကျောင်းမှာ အခြားသူ များထက် ပိုကောင်းကောင်း လုပ်နိုင်၊ လေ့လာ နိုင်ကြောင်း တွေ့ရသည်။ ဟားဗတ် တက္ကသိုလ်က လုပ်ထားသော လေ့လာမှု စစ်တမ်းအရ လည်း မနက်စာ လွတ်သူသည် မလွတ်သူများ နဲ့ ယှဉ်ပါက နှလုံးရောဂါ ဖြစ်နိုင်ခြေ (၂၇) ရာခိုင်နှုန်း ပိုများကြောင်း လေ့လာ တွေ့ရှိထား သည်။

ငွေဖြုန်းလွန်းခြင်း။

လူမှုဘ၀ သာယာမှုကို ထိခိုက်စေသော နောက်ထပ် အကျင့်ဆိုး တစ်ခုမှာ သုံးဖြုန်းလွန်းခြင်း ဖြစ် သည်။ ရှောပင်းစင်တာများ ပေါများလာသော ယနေ့အချိန်တွင် သုံးဖြုန်း ကျင့်ရှိသူ အဖို့ ရှောပင်း စင်တာထဲ ၀င်သွားသည်နှင့် တစ်ခုမဟုတ် တစ်ခုက ပါလာနိုင်သည်။ ခရတ်ဒစ်ကတ်များ တွင်တွင် ကျယ်ကျယ် သုံးနေသော နိုင်ငံ များတွင် ပိုဆိုးသည်။ ငွေကိုင် ၀ယ်စရာ မလိုသဖြင့် ကတ်ကလေး ထိုးထိုးပြီး သုံးလိုက်ရာ လကုန် စာရင်းချုပ်မှ နောင်တရ ကြရသည်။ သုံးဖြုန်းခြင်းက စိတ်ပိုင်းဆိုင်ရာ အရလည်း စွဲလွယ်သည်။ အသစ် အသစ်များ ၀ယ်လာခြင်းဖြင့် ပျင်းစရာ တစ်နေ့တာ ဘ၀ကို အသစ်နဲ့ ဖြည့်ကာ ခဏတာ လန်းဆန်းစေမှုကို လူတွေ စွဲလန်းတတ် ကြသည်။ ငွေသုံးလိုက် နိုင်ခြင်းကြောင့်လည်း ကိုယ့်ကိုယ်ကိုယ် တယ်ဟုတ်ပါလားဟု စိတ်ကြီး ၀င်ကာ ကျေနပ်ရသည့် ခံစားချက်ကို စွဲပြီး သုံးဖြုန်းလိုက် နောင်တရလိုက် သံသရာက မထွက်နိုင်ဖြစ်ရ တတ်သည်။

သီချင်း ကျယ်ကျယ် နားထောင်ခြင်း။

အသံခပ် တိုးတိုးနဲ့ အကြာကြီး ကြားနေရခြင်းသည်လည်း နားကို ဒုက္ခပေးတတ် သလို၊ အသံကျယ်ကျယ်ကို ခဏလောက် မခံသာအောင် ကြားရ ခြင်းသည်လည်း နားကို ဒုက္ခပေး တတ်သည်။ ထိုသို့ တိုးတိုးနဲ့ ကြာကြာအသံ ဒုက္ခပေးခြင်း၊ ခဏတဖြုတ် ဖြစ်သော်လည်း ကျယ်လောင်စွာ ဒုက္ခ ပေးခြင်း များကြောင့် အကြား အာရုံ ချို့ယွင်းရသူ အသက် (၂၀) မှ (၆၉) ကြားက အမေရိကန် နိုင်ငံတွင် (၁၅) ရာခိုင်နှုန်း ရှိ သည်။ တစ်ချက် တစ်ချက် ကျယ်လောင်စွာ ကြားရသည့် အသံမျိုးသည် အကြားအာရုံ ထိခိုက်စေသည့် အဓိက အချက် ဖြစ်သည်။ (၈၅) ဒက်စီဘယ် (ကားဟွန်း သံခန့်) နှင့်အထက် ဆိုလျှင် နားကို ဒုက္ခပေးတော့ မည်။ နှစ်ပေ သုံးပေ လောက်သာ ကွာသောလူကို အော်ပြောနေရ လောက်အောင် နှောင့်ယှက်သော အသံမျိုး ဖြစ်ပါက (၈၅) ဒက်စီဘယ်ထက် ကျော်ပြီဟု သတ်မှတ် နိုင်သည်။ နားကြပ်ဖြင့် သီချင်းသံ အကျယ်ကြီး ဖွင့်ကာ နားထော်ခြင်းသည်လည်း အကြား အာရုံ ထိခိုက် စေသော အချက် ဖြစ်သည်။

ဖုန်း စွဲလွန်းခြင်း

ဖုန်းစွဲခြင်းသည် လူကို စိတ်အနားမရ စေသော အဓိက တစ်ချက် ဖြစ်သည်။ အနားမရသော စိတ်သည် ပင်ပန်းကာ လုပ်ကိုင် နိုင်စွမ်း ကျဆင်းသည်။ စမတ်ဖုန်းများ၏ အချက်ပေး စနစ်များက ထိုပြဿနာကို ပိုဆိုး စေ သည်။ မိမိက ဖုန်းကို မဖွင့်လျှင်ပင် အကြောင်း တစ်ခုခု ၀င်လာသည်နှင့် ဖုန်းက တီတီ တောင်တောင်နဲ့ အချက်ပေး တော့သည်။ ထိုအခါ ကိုယ်ကလည်း မနေနိုင်၊ ကောက်ကိုင်ရ တော့သည်။ ကြာလာတော့ အကျင့် ဖြစ်လာသည်။ ဖုန်းက အသံ နည်းနည်း ထွက်လာသည်နှင့် လက်က ကောက်ကိုင်ပြီးသား ဖြစ်နေ သည်။ ထိုအကျင့်သည် နေ့စဉ်ဘ၀ အနှစ်သာရ များကို ဖျက်ဆီးပစ်သည်။ အလုပ်တစ်ခုကို ကိုယ်က အာရုံစိုက် လုပ်နေစဉ် ဖုန်းက မြည်လာသော အချက် ပေးသံကြောင့် အာရုံပျက်ကာ အလုပ်မှာလည်း ဆက်ပြီး အားမစိုက် ဖြစ်တော့။ သူငယ်ချင်းနဲ့၊ မိသားစုဝင်များနဲ့ စကားပြောနေလျှင်လည်း ဖုန်းအချက်ပေး သံ မြည်လာလို့ ကောက်ကိုင်သဖြင့် စကား အရှိန်ပျက် ရသည်။

Ref: Common Bad Habits And How To Break Them (yahoo.com)

The Messenger
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...