တကယ့်ဘဝထဲ တိုးဝင်လာတဲ့ ဖေ့စ်ဘွတ်ခ်ပြဿနာများ

တကယ်တမ်းတွင် ပြဿနာ က ဘာမျှကြီးကြီး ကျယ်ကျယ် မဟုတ်။ အေမီချိုက ၎င်း၏ ခင်ပွန်း ကလေးပုခက်လွှဲပြီး ဟင်းချက်နေသည့် ဓာတ်ပုံတစ်ပုံကို သူငယ်ချင်းများ ကိုပြချင် သည့်စိတ်၊ အိမ်အလုပ်များ ကူလုပ်ပေးသည့် ခင်ပွန်းဖြစ်သူ ကို ကြွားဝါချင်စိတ်ဖြင့်သာ ဖေ့စ်ဘွတ်ခ် အင်တာနက် စာမျက်နှာပေါ် တင်လိုက်ခြင်းဖြစ် ပါသည်။ သို့သော် အေမီချိုမေ့လျော့နေသည့် အချက်ကား ၎င်း၏ များပြား လှစွာသောဖေ့စ်ဘွတ်ခ် သူငယ်ချင်းများ ထဲတွင် ၎င်း၏ယောက္ခမကြီးလည်း ပါဝင်နေသည် ဆိုသည့် အချက်ဖြစ် သည်။ ပြဿနာကား အေမီချို တင်ထားသော ဓာတ်ပုံအောက်မှာ ယောက္ခမကြီးက အောက်ပါအတိုင်း ကွန်မန့် (ခေါ်)မှတ်ချက် တစ်ခုရေးရာမှ စတင်တော့သည်။

‘ယောက်ျားကို အိမ်အလုပ်တွေ မတရားခိုင်းတာ အမျိုးကောင်း သမီး မဟုတ်ဘူး’

ထိုမှတ်ချက်ကို ဖတ်လိုက် ရသောအခါ အေမီချို သွေးဆူသွားသည်။ အေမီချို့ထက် ပို သွေးဆူသည် ကား အေမီချို၏ ဖေ့စ်ဘွတ်ခ် သူငယ်ချင်းထဲမှာရှိနေသည့် မိခင်ဖြစ်ပါသည်။ ၎င်းက ဖေ့စ်ဘွတ်ခ် ဓာတ်ပုံအောက်က အေမီချို၏ယောက္ခမမှတ်ချက်ကိုမြင်နေရသည်။ ခမည်းခမက်တော်သူက သမီးကို အမျိုးကောင်းသမီး မဟုတ်ဟုဆိုသော စကားက သူ့ကိုပါတိုက်ရိုက် သက်ရောက်နေသည် မဟုတ်ပါ လား။ ဖေ့စ်ဘွတ်ခ်ပေါ်တွင် ခမည်းခမက်များ အပြန်အလှန် စကားစစ်ပွဲနွှဲကြ၏။ သူ့ဘက်ကိုယ့်ဘက် အမျိုးများ၊ မိတ်ဆွေများက လိုက်ခ်(like)များနှိပ်ကာ အားပေးကြ၏။ ကွန်မန့်မှတ်ချက်ပေါင်း ၂၀ကျော် အပြန်အလှန်ရေးအပြီးမှာတော့ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ဘလော့ဂ်ပြီး ပွဲသိမ်းလိုက် ကြ၏။ အပြင်မှာလည်း တစ်ယောက်နှင့်တစ်ယောက် စကားမပြောကြတော့။

အေမီချိုတို့ သားအမိသာမဟုတ်၊ မြန်မာနိုင်ငံတွင်ဖေ့စ်ဘွတ်ခ်ပေါ်လာပြီး ကတည်းက သတင်း၊ ဖျော်ဖြေရေး၊ လူမှုရေး၊ ပညာရေးများအတွက် အကျိုးရှိ စွာ အသုံးချနေကြသူများရှိသလို အပြင်မှာ ဘာမှမဖြစ် ဘဲ ဖေ့စ်ဘွတ်ခ်ပေါ်လာခါမှ အငြင်းပွား ပြဿနာများတက်ကာ မခေါ်နိုင် မပြောနိုင်သူများ အများကြီးရှိလာပါ သည်။ ထို့အတူ နေ့စဉ်ဘဝ မှာဖေ့စ်ဘွတ်ခ်အတွက် အတော်များများ အချိန်ပေး လာသူတွေလည်း အများအပြား တိုးလာနေပါသည်။

၂၀၁၅ ဇန်နဝါရီ ၂၇ ရက်က ဖေ့စ်ဘွတ်ခ် အင်တာနက်စာမျက် နှာတစ်နာရီလောက်ပြတ်တောက် သွားခဲ့ရာတွင် မြန်မာနိုင်ငံမှ သုံးစွဲသူများ အပါအ၀င် နိုင်ငံအများအပြားက ဖေ့စ်ဘွတ်ခ်ပရိသတ် များ ပွက်လောရိုက် ဆူညံသွားခဲ့သည်။

သည်အရာက သိပ်တော့ထူး ဆန်းသည့် အချက်မဟုတ်။ Forbes မဂ္ဂဇင်း၏ပြောကြားချက် အရ ဖေ့စ်ဘွတ်ခ် သည် ကမ္ဘာပေါ်မှလူများအတွက် အကြီးဆုံးလူမှုရေး ကွန်ရက်အင်တာနက် စာမျက်နှာတစ်ခုဖြစ်လာပြီဟု ဆိုပါသည်။ သို့သော် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်က အခြားနိုင်ငံများနှင့် ယှဉ်ပါက ကမ္ဘာပေါ် တွင် ဖေ့စ်ဘွတ်ခ် အင်တာနက် စာမျက်နှာသုံးစွဲသူ အနည်းဆုံးနိုင်ငံများ၌ ရှိနေပါသေးသည်။

လက်ရှိပြုစုထားသည့် စာရင်းများအရ မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ခ် သုံးစွဲသည့်အရေအတွက်မှာ လေးသန်း နီးပါးရှိနေပြီဖြစ်သည်။

ဖေ့စ်ဘွတ်ခ်၏တရားဝင် ထုတ်ပြန်ချက်များအရ တစ်ကမ္ဘာလုံးတွင် အသုံးပြုသူလူပေါင်း သန်း တစ်ထောင့်နှစ်ရာအထိပင် ရှိသည်ဟု ဆိုပါသည်။ ဖေ့စ်ဘွတ်ခ်ကိုအရွယ်စုံ၊ လူမျိုးစုံအသုံးပြုလာကြပြီး သုံးသူများထဲမှာ အမေရိ ကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တွင်နေသည့် အသက် (၁၀၇)နှစ်ရှိနေသည့် အဘွားတစ်ဦးပင်ပါဝင်သည်။ ကမ္ဘာမှာ အသက်အကြီးဆုံးဖေ့စ်ဘွတ်ခ်သုံးစွဲသူဟုပြောကြသည့် အဆိုပါ အဘွား၏အမည်မှာ အက်ဒီသီကီရာမိုင်ရာ (EdytheKirchmaier) ဖြစ်ပြီး ၎င်းက ချီကာဂိုတက္ကသိုလ် မှ ကျောင်းသူဟောင်း တစ်ဦးဖြစ်ပါသည်။ အသက်ကြီးသူ ဆိုသော်လည်း ခေသူတော့ မဟုတ်။

၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာ ၌ သူတင်သမျှကို ပုံမှန်လာဖတ် သူပေါင်း ငါးသောင်းကျော်ရှိသည်ဟုသိရ၏။ ထိုကဲ့သို့ ဖေ့စ်ဘွတ်ခ် သုံးစွဲသူတွေက လူကြီးကနေ ကလေးအထိ အရွယ်စုံ ကဲ့သို့ ဖြစ်လာသောပြဿနာ များကလည်း နေရာမျိုးစုံ၊ ပုံစံမျိုးစုံ ဒုနှင့်ဒေးဖြစ်လာပါသည်။ ရန်ကုန် ကအေမီချိုတို့လို မိသားစုပြဿနာ တင်မက နိုင်ငံရေး၊ စီးပွားရေး ပြဿနာများအထိပင် ပါဝင်ပါသည်။

ထိုအထဲတွင် မြောက်ပိုင်း အင်္ဂလန်မှ အသက် (၁၄)နှစ် အရွယ်ကျောင်းသားလေးဂျော်ဒန် ဖို့ဒ်ဆို သူမှာ ဖေ့စ်ဘွတ်ခ်ကြောင့် အထက်တန်းကျောင်းကနေပါ ထွက်ခဲ့ရသည်အထိ ပြဿနာတက်ခဲ့ ရသည်။ ဂျော်ဒန်ဖို့ဒ်က ဆယ်ကျော်သက်ပီပီ ခေါင်းကို ဆံပင်အနီရောင်ဆိုးသည်။ ၎င်းတို့ ကျောင်းက ဆံပင်အနီကို အခြားသာမန်အရောင်ပြောင်းခိုင်း၏။

ဂျော်ဒန်က မကျေနပ်ပါ။ တစ်နေ့တွင် ဖေ့စ်ဘွတ်ခ်ပေါ်၌ ၎င်းတို့ကျောင်းအုပ် ဆရာမကြီး၏ ဓာတ်ပုံကို သွားတွေ့၏။ ဆရာမကြီးက ဆံပင်ကို ခရမ်းရောင်ဆိုးထားသည်။ ဆရာမကြီးက ဖေ့စ်ဘွတ်ခ်မှာ အဟန့်အတားများနှင့် ကိုယ့်ပုံများကို မဆိုင်သူများမမြင်အောင်လုပ်ရသည့် သဘောကိုနားမလည်။ ထို့ကြောင့် ၎င်း၏ပုံကို ဂျော်ဒန်က အလွယ်တကူ ကူးယူသွား၏။

ထို့နောက် ဆရာမကြီးပုံ အောက်မှာ ဂျော်ဒန်က ပုံစံမျိုးစုံ ဖြင့် ဆရာမကြီး၏ဆံပင်အရောင်၊ ကိုယ်ခန္ဓာနှင့် အခြားရုပ်ပိုင်းဆိုင် ရာများကို လှောင်စာ၊ ပြောင်စာ တွေမျိုးစုံအောင်ရေးပြီး ဖေ့စ် ဘွတ်ခ်၌ပြန်တင်သည်။ အခြား ကျောင်းသားများကပါ ဝင်ရေး ကြ၊ ဝင်ဟားကြ၏။ ဆရာမကြီးလည်း အရှက်ကြီးစွာရခဲ့၏။ ထို အချက်ကြောင့် ၎င်းကိုကျောင်းကထုတ်ပယ်ခဲ့တာဖြစ်ပါသည်။

ဂျော်ဒန်၏ဖခင်က ယင်းအဖြစ်အပျက်ကို အင်္ဂလန်တယ် လီဂရပ်ဖ်သတင်းစာကိုပြောကြား ရာတွင်သူ၏ သားမှာ လူပြောင်ဖြစ်ပြီးဆရာမကြီးကို စနောက်ခြင်း သာဖြစ်ပါသည်ဟု ဆိုပါသည်။

သို့ရာတွင် ကျောင်းအုပ်ချုပ် ရေးအဖွဲ့က ဂျော်ဒန်၏အပြုအမူ ဆောင်ရွက်ချက်များသည် လူမှု ရေးဆိုရှယ် မီဒီယာစည်းကမ်းများ ကိုဖောက်ဖျက်နေသည်ဟုဆိုပါ သည်။

‘‘ဂျော်ဒန်နဲ့မိဘတွေက ကျောင်းသားတွေ အနေနဲ့ ဆိုရှယ် မီဒီယာကို ဘယ်လို သုံးရမလဲဆို တာ ကျောင်းအပ် ကတည်းက လက်မှတ်ထိုးပြီးသားပါ။ ကိုယ့် အချိန်ကို ကိုယ်သုံးပြီး လုပ်တယ်ဆိုပေမယ့် တခြားသူတွေရဲ့ ကိုယ် ပိုင်စာမျက်နှာကို ကျူးကျော် ဓာတ်ပုံကူးချပြီး အဲဒီလိုလုပ်တာကို လက်မခံနိုင်ပါဘူး’’ ဟု ကျောင်း အုပ်ချုပ်ရေးအဖွဲ့ကဝေဖန်သည်။

ယင်းအဖြစ်အပျက်မှာ ဖေ့စ် ဘွတ်ခ်ကြောင့်ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ ဖေ့စ်ဘွတ်ခ် မရှိမီက ဂျော်ဒန် ကဲ့သို့ကျောင်းသားကလေး တွေက ကျောင်းဆင်းလျှင် အိမ်သို့ပြန်ကြသည်။ သူငယ်ချင်း များနှင့်တွေ့ကြ သည်။ ဆရာများနှင့်ပြော ဆိုဆက်ဆံပြီး ၎င်းတို့၏ လူမှုပြဿနာများကို အချင်းချင်း ဖွင့်ဟဆွေးနွေးကြသည့် သဘောရှိ သည်။

ယခုအခါမူ အားလုံးက အချင်းချင်း စကားမပြောအား။ လူကိုယ်တိုင်မတွေ့အားကြ။ အားလုံးဖေ့စ် ဘွတ်ခ်ပေါ်မှာတွေ့ သည်။ အသိပေးသည်။ စာရင်း ရှင်းကြသည်။ ရန်ဖြစ်ကြသည်။ ရန်ကုန်က အေမီချို တို့လို မိသားစု ဝင်အချင်းချင်း ကိုယ်ရေးကိုယ်တာကိစ္စများကိုလည်း ဖေ့စ်ဘွတ်ခ်ပေါ် မှာလူသိရှင်ကြား ရှင်းလင်းကြတာများလည်းရှိသည်။

သည်အရာတွေက ဖေ့စ်ဘွတ်ခ်၏ကောင်းကျိုးလား၊ ဆိုးကျိုးလား ယခုအချိန်မှာတော့ အေမီချိုတစ်ယောက် မစဉ်းစား အားနိုင်သေး။ အချိန်ရတုန်း သူ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဘလော့စရာ ရှိသူတွေကို ဘလော့ရဦး မည်ဖြစ် ပါသည်။

‘ယောက္ခမက ဖေ့စ်ဘွတ်ခ် ပေါ်မှာ အမေနဲ့ရန်ဖြစ်ကြတော့ ကျွန်မကို ဘလော့ဂ်သွားတယ် လေ။ ဘယ်ရ မလဲ နေဦး ကျွန်မကလည်း ဖေ့စ်ဘွတ်ခ်ပေါ်က သူတို့အမျိုးတွေကိုပါ ပြန်ဘလော့ဂ်ပြီး ရီပို့ပါ လုပ်ပေးလိုက် ဦးမယ်’

7Day Daily
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...