ကေ​လး​ ဗဟို​မျ​ပဳ​ပါ​နဲ​႔ ကေ​လး​ကို အထူး​ျ​ပဳ​ေ​ပး​ပါ

Written by တင်ညွ​န့်

ရုပ်သံ အစီအစဉ်က အိန္ဒိယရုပ်ရှင် Every Child is Special ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကို ညက ပြန်ကြည့် လိုက် ရတယ်။ အဲဒီကားကို ဘယ်နှစ်ကြိမ်မြောက် ကြည့်ဖြစ်နေတယ် ဆိုတာ မမှတ်မိဘူး။

ကလေးတစ်ယောက်ကို နားမလည်တဲ့ မိဘတွေ၊ ဆရာတွေကြားမှာ ကလေးပေါင်း ဘယ်လောက် ပျက်စီးပြီး လမ်းပေါ်ရောက်ခဲ့ရပြီလဲ။ ရုပ်ရှင်ထဲမှာဆိုတော့ ကောင်းတဲ့ဘက် ပြန်ရောက်သွားခဲ့တာပေါ့။ ဘဝဆိုတာ ရုပ်ရှင် အတိုင်းမဟုတ်တော့ နားလည်ခြင်းမခံရတဲ့ ကလေးပေါင်းများစွာရဲ့ဘဝ …. ကျွန်တော် သက်ပြင်းချလိုက်မိပါ တယ်။

ကျွန်တော်တို့ကလေးတွေအပေါ် လူကြီးတွေ နားမလည်ခဲ့ပါဘူး။ နားလည်အောင်လည်း မကြိုးစားဘူး။ ကိုယ့်စိတ်နဲ့ မတွေ့ရင် သူပုန်လို့ထင်ချင်ကြတယ်။ သုံးစားလို့မရဘူး။ အလကားကောင်တွေလို့လည်း ထင်တတ် ကြတယ်။ ကလေးတွေကို လက်တွဲခေါ်ချင်တဲ့ သူတွေ ရှားတယ်။ ဘာကြောင့် ဒီလို လုပ်နေ ရသလဲ ဆိုတာကို သေသေချာချာ သဘောပေါက်အောင် ကြိုးစားချင်စိတ်တွေလည်း မရှိကြဘူး။

အဲဒီရုပ်ရှင်ဟာ လူကြီးတွေကို ပြင်ခိုင်းတဲ့ဇာတ်ကား။ ကလေးတစ်ယောက်မှာ အားနည်းချက်ရှိနေပြီဆိုရင် ဘာကြောင့်အားနည်းတာလဲဆိုတာ ဆင်ခြင်ပြီးမှ လိုချင်တဲ့ အနေအထားရောက်အောင် လက်တွဲခေါ်နိုင် တာမှ ပညာဆိုတာ သင်ခန်းစာကောင်းကောင်း ပေးသွားတယ်။

မြန်မာနိုင်ငံမှာ လူဖြစ်နေရတဲ့ ကလေးတွေ အလွန်ကံဆိုးပါတယ်။ လူကြီးဖြစ်လာရင် ပြောချင်တိုင်း ပြော လို့ရ တယ်။ လုပ်ချင်တိုင်း လုပ်လို့ရတယ်။ စီမံချင်တိုင်း စီမံပိုင်ခွင့်ရှိတယ်။ စကားနားထောင်တဲ့ကလေး လူလိမ္မာ။ စကားနားမထောင်တဲ့ကလေး သူပုန်ဆိုတဲ့ အမြင်တွေ ပြင်ဖို့ကောင်းတယ်။

ကလေးစိတ်ပညာကို နားမလည်ဘဲ စာသင်ချင်တဲ့သူတွေ၊ ပြည်သူရဲ့ ခံစားချက်တွေကို နားမလည်ဘဲ တိုင်းပြည် အုပ်ချုပ်ချင်တဲ့သူတွေ Every Child is Special ဆိုတဲ့ရုပ်ရှင်ကို ပြန်ကြည့်ပြီး ဆင်ခြင်စဉ်းစားပေးဖို့ အကြံပြုချင်ပါတယ်။

ပညာသင်တာလည်း အနုပညာရှိပါတယ်။ တိုင်းပြည်အုပ်ချုပ်တဲ့ နေရာမှာလည်း အနုပညာရှိပါတယ်။ အနုပညာနဲ့ တိုင်းပြည်ကို မအုပ်ချုပ်ဘဲ အကြမ်းပညာနဲ့ တိုင်းပြည်ကို အုပ်ချုပ်တတ်တာ စစ်အာဏာရှင် စရိုက်တွေပါ။ စရိုက်ဆိုးဟာ ကူးစက်တတ်တယ်။ စစ်စရိုက် အကျင့်ဆိုးတွေကို ကူးစက်နေတဲ့ ပညာရေး ဌာနက ခွက်ထိုးခံ ပညာရှင်တွေခေါင်းထဲက အာဏာရှင်စရိုက်တွေ ဖျောက်နိုင်အောင် ကြိုးစားမှ ပညာရေးပြုပြင် ပြောင်းလဲမှုဟာ အောင်မြင်နိုင်မယ်လို့ ယူဆပါတယ်။

၇.၃.၂၀၁၅
http://www.maukkha.org
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...