အင်္ဂလိပ် စကားပြောသည့်အခါ သင်သတိထားရမယ့် အချက် ငါးချက်

ရိုးရာလေး စာဖတ်သူတွေ ထဲမှာ အင်္ဂလိပ် စကား ပြောကျင့် နေသူများ ရှိပါလိမ့်မယ်။

အင်္ဂလိပ်စကား ပြောတတ်သူတွေဟာ မပြောတတ် သူများထက် စာရင် အလုပ်အကိုင် အခွင့်အလမ်း များစွာ ရှိပါတယ်။ အင်္ဂလိပ် စကားပြောတတ်ခြင်းက ကမ္ဘာ့ဘာသာ စကားတစ်ခုကို တတ်မြောက် ထားခြင်း ဖြစ်ပြီး အလုပ်ခွင် မှာလည်း မျက်နှာပန်း လှပြီး ဂုဏ်ရှိပါတယ်။ အခွင့် အလမ်းတွေလည်း ပိုရပါတယ်။ ဒါကြောင့်မို့ အင်္ဂလိပ် စကား ပြောကျင့် တဲ့အခါ သတိထား ရှောင်ကျဉ်ရမှာလေးတွေကို မျှဝေပေးလိုက်ရ ပါတယ်။

၁) ဝါကျရှည်များ ဖွဲ့၍ ပြောခြင်း

အင်္ဂလိပ်စကားပြောတဲ့ အခါ စာရေးတာနဲ့ မတူပါဘူး။ စာမှာက Complicated sentence များ ဖန်တီးပြီး ရေးသားခြင်းက အဆင်ပြေပေမယ့် ပြောတဲ့ အခါကျ ဝါကျ အဖြတ်များနဲ့ ပြောခြင်းက အကောင်း ဆုံး ဖြစ်ပါတယ်။ ဒါမှ နားထောင်သူမှလည်း ပိုလို့ ရှင်းလင်းစွာ နည်းလည်မှာ ဖြစ်ပါတယ်။ ဝါကျဖွဲ့တဲ့ အခါလည်း စိတ်ထဲမှာ ခက်နေတာကြောင့် အမှားလည်း များနိုင်ချေ ပိုများ ပါတယ်။ နောက်မှပဲ တဖြည်းဖြည်းနဲ့ ပိုရှည်တဲ့ ဝါကျကို ကြိုးစား ဖွဲ့နိုင်ပါတယ်။

၂) မိမိနှင့် မရင်းနှီးသော စကားလုံးကို ပြောဆိုခြင်း

မသိတဲ့ စကားလုံးကို ရမ်းတန်းမှန်းတန်းနဲ့ ပြောတာဟာလည်း မှားယွင်းတဲ့ အမူအကျင့် ရှိပါတယ်။ အကယ် ၍ အဲ့ဒီလိုပြောရင် တစ်ဖက်သားလည်း နားမလည်တဲ့အပြင် မိမိကိုယ်လည်း အရှက်ရစေ ပါလိမ့်မယ်။ ဒါပေမယ့် မပြောပြန်တော့လဲ မသိဘူး ဖြစ်ရမှာ စိုးပါတယ်။ ဒီတော့ ကိုယ်က စာများများ လေ့လာရန် လိုအပ်ပြီး ယင်းစကားလုံး တစ်လုံးကို ဖော်ပြလို့ရတဲ့ အခြား meaning တစ်ခုရှိရင် ယင်း meaning နဲ့ အစားထိုး ဖော်ပြ နိုင်ပါသေးတယ်။

၃) မိမိ၏ အားနည်းချက်ကို မျက်ကွယ်ပြုထားခြင်း

အားနည်းချက် အများစုကတော့ အထက်က ပြောခဲ့သလိုပဲ ဝါကျဖွဲ့ခြင်းမှာ ပဲ ဖြစ်ပါတယ်။ ဥပမာ သူငယ်ချင်း တစ်ယောက်ဆိုရင် မိန်းကလေးတစ်ယောက် အကြောင်းကို နာမ်စားတစ်ခုသုံးပြီး ပြောတော့မယ်ဆိုရင် His နဲ့ Her ကို မခွဲနိုင်သေးပါဘူး။ နောက်ထပ် မိတ်ဆွေ တစ်ဦးကတော့ Active နဲ့ passive ကို မခွဲနိုင်သေးတာ ။ သူက I phoned them ဆိုတဲ့အစား I am phoned them အစရှိသဖြင့် am, is, was, were တို့ကို မှားယွင်း အသုံးပြုခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ မိမိရဲ့ အားနည်းချက်ကို သိရှိပြီး ပြင်နိုင်အောင်လည်း ကြိုးစားဖို့ အထူးလိုအပ် ပါတယ်။

၎) ကျွမ်းကျွမ်းကျင်ကျင် မပြောနိုင်မှာကို စိုးရိမ်ခြင်း

ကျွမ်းကျင်တယ် ပိုင်နိုင်တယ် ဆိုတဲ့အဆင့်ကို ရောက်ဖို့က အင်္ဂလိပ် စကားပြောတဲ့ အခါမှာ ဆိုရင် အလေ့ အကျင့်နဲ့ များစွာ သက်ဆိုင်ပါတယ်။ အလေ့အကျင့်မှာတောင် ဝါကျအမှားတွေကိုပဲ ခပ်မြန်မြန်နဲ့ ခပ်များ များ ပြောကျင့်ရှိနေသူ တစ်ဦး အတွက်ကတော့ ဘယ်လောက် အလေ့အကျင့် များများ တိုးတက်လာမှာ မဟုတ်ပါဘူး။ အကောင်းဆုံး ကတော့ သဒ္ဒါအရ မှန်ကန်အောင် အရင်ဆုံး ကျင့်ကြံပြောဆိုပြီး၊ နှေးနှေးနဲ့ စိတ်ရှည်ရှည် ပြောရာကနေ တဖြည်းဖြည်းနဲ့ အလိုလို မြန်ဆန်ကောင်းမွန် လာမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မစိုးရိမ် ပါနဲ့။

၅) အသံထွက် မသိပဲ ပြောဆိုခြင်း


အသံထွက်ကို ပီပီပြင်ပြင်နဲ့ မှန်မှန်ကန်ကန် သိအောင် အရင်ဆုံးလုပ်ရမှာပါ။ ဒါကို သိအောင် မလုပ်ပဲ ကိုယ် သိသလောက် မှတ်သလောက် ပြောရင်တော့ အမှားများစွာနဲ့ မထူးပါဘူး။ တစ်ဖက်လည်း နားလည်မှာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ မိခင်ဘာသာစကား မဟုတ်တာကြောင့် အသံထွက် လွဲတာကတော့ ကြိမ်းသေ ရှိမှာပါ။ ဒါကို ထပ်တူ မဟုတ်တောင် အနီးစပ်ဆုံးဖြစ်အောင် ဘယ်လို ရယူမယ် ဆိုတာက လေ့ကျင့်မှုနဲ့ပဲ သက်ဆိုင်ပါတယ်။

အောင်ခမ်း
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...