Written by သ​င်ြး​မေ​အး(ခ​ရ​မ်း)
‘ဆရာမလေးရေ၊ ကျော်ကျော်လာတယ်’
‘ခဏထိုင်ပါလို့ ပြောပေးပါ ဒေါ်လေး၊ ကျွန်မရေချိုးနေလို့ပါ’
ဆရာမလေး ဒေါ်အိအိခိုင် စနေနေ့ကျောင်း ပိတ်ရက်ဖြစ်၍ ဆေးစရာတွေဆေး၊ လျှော်စရာတွေလျှော်၊ လှမ်းစရာတွေလှမ်း အလုပ်ရှုပ်နေပါသည်။ တူတော်မောင်နှစ်ဝမ်းကွဲ မောင်ကျော်ကျော် လာတယ်ဆို၍ လုပ်လက်စများကို ချထားကာ အိမ်ရှေ့ခန်းသို့ ထွက်ခဲ့ရပါသည်။
‘အန်တီခိုင်၊ ကျွန်တော်ကျောင်းမတက်ချင်တော့ဘူး’
‘ဟယ် . . . . ဘယ်လိုဖြစ်တာလဲ၊ အန်တီ့ကိုပြောစမ်းပါဦး’
တက္ကသိုလ်ဝင်တန်းကျောင်းသား ကျော်ကျော်ကစာရေးသူတို့မြို့၏ အထက(၂) မှာကျောင်းတက်ပါ သည်။ ကျွန်မက အထက(၁) မှာ အထက်တန်းပြဆရာမပါ။ တာဝန်ယူရသည့်ဘာသာက တက္ကသိုလ် ဝင်တန်း ဓာတုဗေဒဘာသာပါ။
‘ကျွန်တော်စာမေးပွဲလည်း အောင်ချင်ပါသည်။ ဂုဏ်ထူးတွေနဲ့ အမှတ်များများလည်းရချင်တယ် အန် တီ။ လိုင်းကောင်းကောင်း ရချင်လို့ပါ’
‘အေးပါ။ မင်းရဲ့ရည်မှန်းချက်ကို အန်တီ သိပြီးသားပါ။ အခုဘယ်လိုဖြစ်လို့ စိတ်ဓာတ်တွေ ကျရတာ လဲ။ ကျောင်းမတက် ချင်လောက်အောင် ဖြစ်ရတာလဲ’
‘ဘာသာရပ် ခြောက်ခုမှာ ဘယ်ဘာသာမှာ အခက်အခဲရှိလို့လဲ၊ အန်တီ့ကိုပြည့်ပြည့်စုံစုံ ပြောပြစမ်းကွာ’
‘ဘာသာရပ်တွေထဲမှာ ကျွန်တော်အားအနည်းဆုံးက သင်္ချာဘာသာပါ။ ကျန်တဲ့ဘာသာတွေအားလုံး ၅၀ ရာခိုင်နှုန်းကျော် အမှတ်တွေရပါတယ်’
‘သင်္ချာတစ်ခုကတော့ အစမ်းစာမေးပွဲဖြေတိုင်း ၂၀ ကျော်ကျော်ပဲရနေလို့ ကျွန်တော် စိတ်ဓာတ်ကျတာ ပါ’
‘သင်္ချာကို မင်းတို့ကျောင်းမှာ ဘယ်သူသင်သလဲ’
‘ဆရာဦးတိုးမောင်ပါ အန်တီ’
‘အို . . . . သူလည်းအသင်အပြကောင်းတဲ့ ဆရာတစ်ယောက်ပဲ၊ နှစ်စဉ်ဂုဏ်ထူးတွေရအောင် သင်ခဲ့သူ ပဲ’
‘တစ်ခုခုတော့ မှားနေပြီကျော်ကျော်။ ကဲ . . . . ပြောပြစမ်း၊ အတန်းထဲမှာ မင်းဘယ်လိုသင်ယူသလဲ၊ ဆရာပြတုန်း သေသေချာချာ စူးစူးစိုက်စိုက်နားထောင်ရဲ့လား၊ ဖမ်းယူဆုပ်ကိုင်မိရဲ့လား’
‘ဆရာသင်နေတုန်းတော့ နားလည်ပါတယ်။ ဆရာကအိမ်စာပေးတယ်။ ပုစ္ဆာပေးတာနဲ့ သားမတွက် တတ်တော့ဘူး’
‘အေးဟုတ်ပြီ။ အန်တီပြောမယ်။ ဆရာကလည်း တော်တယ်။ မင်းကလည်း အတန်းထဲမှာ အပြည့်အဝ ဂရုတစိုက်သင်ယူတယ်။ ဒါဆိုမင်းလေ့ကျင့်တွက်ချက်မှုနည်းလို့ဖြစ်မယ်’၊ ‘ဟုတ်ကဲ့အန်တီ၊ သားအိမ် ကျရင် ပြန်တွက်ရတာ စိတ်မပါဘူး။ စိတ်မပါတပါနဲ့တွက်တော့ အဖြေကိုမထွက်ဘူး။ အဖြေမထွက် လေ သားက စိတ်ပျက်လေပဲ။ ဆက်မတွက်ချင်တော့ဘူး’
‘ဟုတ်ပြီ၊ ကဲ ဒါဆိုအန်တီသဘောပေါက်ပြီ။ သားကိုဆရာမကူညီမယ်။ သင်္ချာဘယ်လိုတော်အောင် ကြိုးစားရမယ်ဆိုတဲ့ သော့ချက်ကို အန်တီမင်းကိုပြောပြမယ်၊ နားထောင်ကျော်ကျော်’
‘ဟုတ်ကဲ့ပါ အန်တီ၊ သားကိုကူညီပါ။ နားထောင်ပါ့မယ်၊ လိုက်နာပါ့မယ် အန်တီ’
‘တက္ကသိုလ်ဝင်တန်းမှာ ခြောက်ဘာသာရှိတယ်နော်။ ဘာသာရပ်အားလုံး အမှတ် ၄၀ ရာခိုင်နှုန်းစီရပါမှ စာမေးပွဲအောင်မှာ ကျော်ကျော်။ ငါးဘာသာမှာ ရမှတ်တွေကောင်းပြီး မင်းအားနည်းတဲ့သင်္ချာဘာသာ မှာ ၄၀ ရာခိုင်နှုန်းအောက်ရောက်သွားရင် မအောင်နိုင်တော့ဘူး’
‘မင်းအခုအခက်တွေ့နေတာ သင်္ချာဘာသာနော်။ သင်္ချာဘာသာဆိုတာ သဘောပေါက်နားလည်ဖို့ လို တယ်။ ဆရာရှင်းပြတုန်း သေသေချာချာ ဂရုစိုက်ရမယ်။ ဆရာပြတုန်းနားမလည်ရင် အိမ်ကျမှ ပြန် တွက်လို့ မရဘူး။ ပုစ္ဆာကိုလည်း တွက်နိုင်တော့မှာ မဟုတ်ဘူး။ ဆရာပြတုန်း မျက်စိရှင်ရှင်၊ နားပါးပါးနဲ့ ဖမ်းယူ ဆုပ်ကိုင် မိပါမှ ဆရာမပါဘဲ ပုစ္ဆာတစ်ပုဒ်ကို မင်းပြန်တွက်နိုင်မှာ’
‘ဟုတ်ကဲ့ပါ အန်တီ၊ သားဆရာပြတုန်းက ဂရုစိုက်ပြီး နားလည်သလိုလိုပဲ၊ ကိုင်တွယ်တွက်တဲ့အခါ အဖြေမထွက်ဘူး’
‘ဆရာသင်တုန်းနားလည်ရင် အိမ်ပြန်ရောက်တဲ့အခါ ဆရာသင်ပြီးသားကို ပြန်တွက်ကြည့်ရတယ်။ ကိုယ့် အားကိုယ်ကိုးမှ အကျိုးများမယ့် ဘာသာရပ်ပဲကွဲ့။ ပုံသေနည်းတွေသုံးရတယ်။ ကိန်းဂဏန်းတွေ ကိုတော့ ကိုယ့်ထိုးထွင်းဉာဏ်နဲ့တွက်ရတယ်။ ကိန်းဂဏန်းတွေကို ပေါင်းနုတ်၊ မြှောက်စား၊ ဂရပ်တွေ ဆွဲ၊ ပုံတွေလည်း ဆွဲပြရသေးတယ်။ လော့ဂရစ်သမ်ခေါ် ကိန်းဂဏန်းပြဇယားကိုလည်း ကျွမ်းကျင်ပိုင် နိုင် ထားရမယ်’
‘သင်္ချာဘာသာဆိုတာ Maths is like a sport. To excely you need lots of practice. လို့ပညာရှိ တစ်ဦးက ဆိုဖူးတယ်။ အဓိပ္ပာယ်ကတော့ သင်္ချာဘာသာဟာ အားကစားတစ်မျိုးပါပဲ။ သင်္ချာဘာသာကို ပိုမိုကောင်းမွန်စွာ တတ်ကျွမ်းချင်ရင် အလေ့အကျင့်များစွာ လိုပါတယ်လို့ ဆိုလိုတာပေါ့ကွယ်’
‘ကျော်ကျော် ဘောလုံးအားကစားခြင်းပဲဖြစ်ဖြစ်၊ ကြက်တောင်ရိုက် အားကစားပဲဖြစ်ဖြစ်၊ အပြေး၊ အခုန်၊ အပစ်စတဲ့ အားကစားအားလုံးကို သင်ယူပြီးနောက် များစွာလေ့ကျင့်ကြရတယ် မဟုတ်လား’
‘ဟုတ်ပါတယ် အန်တီ၊ သားဘောလုံးအသင်းမှာ ကစားရပါတယ်။ နည်းပြက ဘောလုံးကိုပို့နည်း၊ ကန် နည်း၊ သယ်နည်း၊ ဂိုးသွင်းနည်း၊ တစ်ဖက်အသင်းသားတွေ ဂိုးမသွင်းနိုင်အောင် ကာကွယ်နည်းတွေကို နားလည်အောင် သရုပ်ပြသွန်သင်ပါတယ်’
‘အေး . . . အဲဒီအားကစားကို ထူးချွန်အောင်၊ အလွန့်အလွန် ကျွမ်းကျင်အောင် လေ့ကျင့်ရတယ် မဟုတ် လား။ Training ကိုအထပ်ထပ်ဆင်းရတယ်။ ဒါမှ အဲဒီအားကစားကို ကျွမ်းကျင်တဲ့ ကစားသမားကောင်း တစ်ဦးဖြစ်လာမှာပေါ့’
‘အဲဒီလိုပဲ ကျော်ကျော်၊ သင်္ချာဘာသာကိုလည်း သင်ကြားသူဆရာက တာဝန်ကျေစွာသင်ပြီးရင် မင်း ဘက်က လေ့ကျင့်မှုကို များများပေးဆပ်ရမယ်’
‘တစ်နေ့တစ်နေ့ သင်ခန်းစာကို မကျော်မလွှား၊ မခြွင်းမချန် မှန်မှန်လေ့လာရမယ်။ အိမ်စာပေးတဲ့ ပုစ္ဆာ တွေကို ကုန်စင်အောင် တွက်ရမယ်။ အဖြေမထွက်မချင်း ပြန်ပြန်တွက်ရမယ်။’
‘အဲဒီတော့မှ ပုစ္ဆာတွေရဲ့ အလှည့်အပြောင်း၊ အချိုးအကွေ့၊ Problem ဆိုတဲ့ အရှုပ်ကိုရှင်းနိုင်မယ်။ အသိုအဝှက်၊ အတိမ်အနက်ကို ဖော်ထုတ်နိုင်မယ်’
‘နောက်တစ်ချက်က မင်းသင်္ချာတော်ချင်ရင် စိတ်ကိုတည်ငြိမ်အောင်၊ ကြည်လင်အောင် ထားတတ်ရ မယ်။ စိတ်ကြည်လင်မှ ဉာဏ်ရွှင်မယ်၊ ဉာဏ်ရွှင်မှ ပုစ္ဆာကိုအဖြေထုတ်နိုင်မယ်။ တွက်ချက်တဲ့အခါမှာ လည်း ကိန်းဂဏန်းရေးခြင်း ပီသရမယ်။ ဆခွဲကိန်းခွဲရင် တိကျမှန်ကန်ရမယ်။ ဂရပ်ဝင်ရိုးတွေကလည်း တစ်ခုနဲ့ တစ်ခု ထောင့်မှန်ကျရမယ်’
‘မင်းရဲ့ လက်ရေးကလည်း ရှင်းရမယ်။ ကိန်းဂဏန်းသဲကွဲအောင်ဖော်ပြရမယ်။ တစ်ခုပေါ်တစ်ခုထပ် ရေး၊ ဖျက်ရာခြစ်ရာတွေ ဗရပွမဖြစ်သင့်ဘူး။ လက်ရေးရှင်းရှင်း၊ တင်ပြပုံရှင်းရှင်း အဖြေကိုကွင်းကွင်း ကွက်ကွက် မြင်သာအောင် ဖော်ပြဖြေဆိုတတ်ဖို့လည်းလိုတယ် ကျော်ကျော်’
‘နောက်ဆုံး အန်တီပြောချင်တာက စာမေးပွဲမတိုင်ခင်ကြိုတင်ပြင်ဆင်စိတ်ကြိုက်လေ့ကျင့်ပြီး စာမေးပွဲ ခန်းမ ကို လက်နက်ခဲယမ်းနဲ့ စစ်ပညာရဲစွမ်းသတ္တိပြည့်စုံတဲ့ စစ်သည်တော်တစ်ဦး တိုက်ပွဲကိုတည်ငြိမ် စွာဝင်တဲ့ အလား မင်းလည်း ‘ကျိန်းသေအောင်ရမယ်၊ ဂုဏ်ထူးတွေထွက်ရမယ် ဆိုတဲ့ အောင်စိတ် ဓာတ်အပြည့်နဲ့ ဝင်ရောက်နိုင်ရမယ်’
‘ဟုတ်ကဲ့ပါအန်တီ၊ ကျွန်တော်သင်္ချာကို ကြောက်ရွံ့ခြင်းကင်းစွာ သင်္ချာဘာသာနဲ့ ဂုဏ်ယူရနိုင်အောင် ဒီနေ့ကစပြီး အန်တီညွှန်ကြားတဲ့အတိုင်း ကြိုးစားပါတော့မယ်။ မလျှော့သောဇွဲနဲ့ လေ့ကျင့်မှုများစွာရင်း ပြီး သင်္ချာဘာသာ ထူးချွန်သူဖြစ်ရပါစေ့မယ်အန်တီ။ သင်္ချာဘာသာမှာ ဂုဏ်ထူးရှင် တစ်ဦးဖြစ်အောင် ကြိုးစား ပါ့မယ်အန်တီ။ ကျွန်တော့်ရဲ့ ကျောင်းဂုဏ်၊ ဆရာ၊ ဆရာမတို့ရဲ့ဂုဏ်၊ မိဘတွေရဲ့ဂုဏ်၊ မြို့နယ် ရဲ့ဂုဏ် ကို မြှင့်တင်နိုင်သူအဖြစ် ဝင့်ထည်စွာ ဂုဏ်ယူချင်ပါတယ်။ လာမယ့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင် စာရင်းမှာ သားရဲ့ဇွဲလုံ့လအစွမ်းကို အံ့မခန်းဖြစ်လောက်အောင် အန်တီမြင်တွေ့ရပါစေမယ်လို့ . . . .’
စံတော်ချိန်သတင်းစာ
ဖေဖော်ဝါရီလ (၂၈) ရက်၊ ၂၀၁၅ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...