နှမ်းဖတ်ချဉ် လုပ်နည်း


 
 နှမ်းဖတ်ချဉ် ဆိုပေသိ ဒါက လန်ဒန် နှမ်းဖတ်ချဉ်လို့သာ မှတ်ရပါမယ်ရှင်။ နှမ်းဖတ်ခဲလေးများ အလွယ် ရနိုင်ရင်တော့အညာဒေသတွေမှာလို ဆားလေးနယ်စဥ့်အိုးလေးထဲ ပိတ်ထားနိုင်ရင် ၄- ၅ရက်နေရင် နှမ်းဖတ်လေးတွေ ချဉ်လာပါမယ်နော်( ဒါက အဖေနဲ့ဖုန်းဆက်ရင်းစပ်စုရတာ) အညာမှာက မြေပဲတို့ နှမ်းတို့ ဆီကြိတ်တဲ့အခါ ဆုံထဲ ကျန်ခဲ့တဲ့အဖတ်လေးတွေကို အခဲဖြစ်အောင်နေလှန်းထားတာ များလွန်းရင်လဲ နွားစာခွက်ထဲ ထဲ့လိုက်တာမြင်ဖူးသလိုပဲ ပြီးမှသူတို့က ဆားနဲ့ချဉ်တာပေါ့ ။ အဲဒါနဲ့ အညာအကြောင်းပြောလို့ ကျမတို့ အဖေ့ရွာမှာနားသတုန်းက ဖရဲသီးတွေ့တော့ စားချင်တာလေ ပြီးတော့ ရွာက လူတွေက အဲဒါ နွားပဲကျွေးတာတဲ့ နင်သွားရော အဲဒါ တခါ။ နောက်တခါကျတော့ ကျမတို့ကလေးတွေက ရွာရိုးကိုးပေါက်လျှောက်လည်တော့ တအိမ်က လဘက်ရည်တိုက်မတဲ့။ ကျမကိုထိန်းတဲ့ ဟိန္ဒို အကားကြီးက( အမကြီးလို့ဟိန္ဒို လိုခေါ်တာ) အရမ်း လဘက်ရည် ကြိုက်တာလေ အဲဒါနဲ့ အဲဒီသတင်းကို ကျမ က ကြားကြားချင်း အဖွားအိမ်ကို ဆတ်စလူးထ အမြန်ပြေးပြီး ရန်ကုန်ကပါသူတွေကို ဝမ်းသာအားရပြောတာပေါ့။ အဲဒီအချိန်မှာ တချိန်လုံး အိနြေ္ဒကြီးနဲ့ အိမ်ထဲက အိမ်ပြင်မထွက်ပဲ အဖွားအိမ်ထဲမှာပဲ နေတဲ့ ကျမအမ အပျိုကြီးမမလှလှ၂ယောက်က အလှလေးတွေပြင်ပြီး လိုက်လာတာပေါ့ ဟိုရောက်တော့ လေ ရေနွေးကြမ်းကြီးတွေ တိုက်ရော မုန့်တွေတော့ စုံလို့ပဲ။ အခါတင်တဲ့ရက်ပိုင်းတွေကို အိမ်တိုင်းမှာ မုန့်မျိုးစုံရှိပါတယ်။ သို့သော် အဲဒီညမှာ ကျမကို အကားရော မမကြီး မမလေးကကြိတ်ပြီး နမောနမဲ့ သတင်းအမှားပေးမှုနဲ့ ဆူပါလေရော ( အခုတောင်ထပ်ဆူမလား မသိဘူး စာထဲ ထဲ့ရေးလို့)
ကဲ ကျမတို့ရဲ့ နိုင်တငံခြားက နှမ်းဖတ်ချဉ်ကရောတဲ့ ဒီလိုပါ။.ဒီမှာက အာရပ်အစားအစာဆိုင်တွေ တူရကီ တွေရောင်းတဲ့ grocery ဆိုင်တွေမှာရှိပါတယ်။ သူတို့ အခေါ် တဟိနိ လို့ခေါ်တဲ့ နှမ်းအနှစ်ပေါ့နော် အဲဒီဟာကို ကျမက အလွယ်သုံးပါတယ်။ နှမ်းကို ကြိတ်ထားတာလေ။ သံလွင်ဆီကို ထဲ့ ထားသေးတယ်။ ကျမက အဲဒီဆီတွေကို လုံးဝထုတ်ပလိုက်တယ်။ သိမ်းထားသေးတယ်နော်။ အသုတ် ထဲပြန်ထဲ့မယ်လေ။ ဆီစစ်ပြီးသား နှမ်းဖတ်အနှစ်ကို ဆား ၂ဇွန်းနဲ့ ရေလေး ဇွန်း၁ဇွန်းစာနဲနဲလေးနဲ့ ရောမွှေ လေလုံးဗူးနဲ့ပိတ်ပြီး နဲနဲပူတဲ့နေရာမှာထားလိုက်တယ်။ နေလှန်းနိုင်ရင်ပိုကောင်းပါတယ်။ ၄- ၅ရက်နေတော့ နှမ်းဖတ်ချဉ်ဆန်ဆန်လေးဖြစ်နေပြီ။


 
ဒါက ဝယ်လို့ရတဲ့ နေရာက လူတွေ အတွက်ပေါ့နော်။
မရတဲ့နေရာက လူတွေက
- နှမ်း ၁ကီလို
-ရေ ၃ဇွန်း ( စားပွဲတင်)
- နေကြာဆီ ၃ဇွန်း(စားပွဲတင်)
-ဆား ၃ဇွန်း (စားပွဲတင်)
စစချင်း နှမ်းကို blender မှာထဲ့ နေကြာဆီ ၃ဇွန်း(စားပွဲတင်), ရေထဲ့ မွှေလိုက်ပါတယ်။ လုံးဝကျေသွားရင် ခဏလက်နဲ့ ညှစ်ညှစ်ပေးပြီး အဝတ်ပါးထဲ ထဲ့ ကျပ်နေအောင် ချည် ဇကာပေါ်တင်ပြီး အပေါ်က အလေး ဖိထားလိုက်တယ်။ ၂၄ ကြာရင် ဖြည်ပြီး ဆားနယ်လေလုံးဗူးနဲ့ပိတ်ပြီး နဲနဲပူတဲ့နေရာမှာ ထားလိုက်တယ်။ နေလှန်းနိုင်ရင်ပိုကောင်းပါတယ်။ ၄- ၅ ရက်နေတော့ နိုင်ငံခြားက နှမ်းဖတ်ချဉ် လေးရပါပြီ။

C@Danuphyu Daw Saw Yee (London)
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...