ကော်ဖီ နဲ့ သမိုင်းကြောင်း

၁၅-ရာစုနှစ်မှ စ၍ ကမ္ဘာပေါ်တွင် အာရပ်လူမျိုး တို့ သည် အာရှ၏ Yemeni ခရိုင်တွင် ကော်ဖီပင် များကို ပထမဦးဆုံး စီးပွားဖြစ် စိုက်ပျိုးကာ၊ ကုန် သွယ်မှု ပြုလုပ်လာခဲ့ကြပါသည်။ ၁၆-ရာ စုနှစ်ရောက်သော အခါ၊ ကော်ဖီသည် ပါရှား၊ အီဂျစ်၊ ဆီးရီးယား၊ တူရကီ စသည့် အာရပ်ဒေသများ အထိ နေရာယူ လာခဲ့ပါသည်။ မွတ်ဆလင် ဘာသာ ၏ ကိုရမ်ကျမ်းများတွင် မူးယစ် အရက်သေ စာသောက်သုံးခြင်းကို တားမြစ်ထားသည့်အတွက်၊ စိတ်ကိုတက်ကြွလှုံ့ ဆော်ပေးနိုင်သည့် ကော်ဖီကို အစား ထိုးသောက်သုံးလာ ခဲ့ကြပါသည်။ မွတ်ဆ လင် ဘာသာရေး အထွတ်အထိပ်မြို့ တော် မက္ကာ (Mecca) သို့ နှစ်စဉ်နှစ်တိုင်း တစ်ကမ္ဘာလုံးရှိ ဘုရား ၀တ်ပြုဆု တောင်းသူထောင်ပေါင်း များစွာ လာရောက်ကြရာ၊ ၄င်းတို့ သည် 'အာရေဗျဝိုင်' ဟုခေါ်သော 'ကော်ဖီ ' ကို နှစ်ခြိုက်စွာ သောက်သုံး ခဲ့ကြပါ သည်။ ထိုမှအစပြု၍ အာရေဗျကျွန်းဆွယ်၏ ကော်ဖီသည် တစ်ဦးတည်း မူပိုင်ကုန် သွယ်မှုပစ္စည်းအဖြစ် တစ် ကမ္ဘာလုံးသို့  ကုန်သွယ် ဖောက်ကား လာခဲ့ပါတော့သည်။ ၁၆၁၅ ခုနှစ်တွင် ဗင်းနစ်သို့ ကော်ဖီ ရောက်ရှိ လာခဲ့ပါသည်။ ဗင်းနစ်ရှိ ဒေသခံ ခရစ်ယာန် ဘုန်းတော်ကြီးများသည် ကော်ဖီကို မူးယစ်သေစာ တစ်မျိုးဖြစ် ၍ သောက်သုံးရန်မသင့်ဟု ပြစ်တင်ရှုံ့ ချ ခဲ့ပါသည်။ ထိုအခါ ဘုန်းတော်ကြီး များနှင့်ပြည်သူများ အကြား
အငြင်းပွားမှုကို ပုပ်ရဟန်းမင်းကြီး Clement VIII က ကြားဝင်ဖျန်ဖြေ ပေးခဲ့ရပါသည်။ ပုပ်ရဟန်းမင်းကြီးက ဆုံးဖြတ်ချက်မချမှတ်ခင် ကော်ဖီကို မြည်းစမ်းသောက်သုံး ကြည့်ရာ၊ စိတ်ကျေနပ် မှုကိုဖြစ် ပေါ်စေခဲ့ သဖြင့် ကော်ဖီ ကိုသောက်သုံးရန် ထောက်ခံအားပေး ခဲ့ပါသည်။ မည်သို့ ပင်အငြင်းပွားမှုများ ရှိခဲ့သော် လဲဘဲ၊ အင်္ဂလန်၊ သြစတေးလျ၊ ပြင်သစ်၊ ဂျာမနီ၊ ဟော်လန် စသည့် နိုင်ငံများ၏ မြိုတော့် အသီးသီး တွင် ကော်ဖီဆိုင်များသည် အချိန် တိုအတွင်းမှာပင် တိုးချဲ့ ဖွင့်လှစ် လာခဲ့ကြပါသည်။ ယနေ့ ကမ္ဘာပေါ်တွင် စီးပွားဖြစ် ကော်ဖီအမြောက်အမြား ထွက်ရှိသော နိုင်ငံများမှာ ဘရာဇီး လ်၊ ကိုလံဘီယာ၊ ဟာဝိုင်အီ၊ Costa Rica၊ ဒိုမီနီကန်၊ အီကွေဒေါ၊ အီသီယိုးပီးယား၊ ဂွါတဲမာလာ၊ Hiati၊ ဟွန်ဒူးရက်စ်၊ အင်ဒိုနီး ရှား၊ ဂျမေကာ၊ ကင်ညာ၊ မာလ၀ီ၊ မက္ကဆီကို၊ Nicaragua၊ Popua New Guinea၊ Tanzania၊ ယူဂန်ဒါ၊ ဗင်နီဇွဲလား၊ ဇမ်ဘီယာ၊ ဇင်ဘာဘွေ၊ ပြင်သစ် စသည်ဖြင့် နိုင်ငံပေါင်း ၈၀ ခန့် ရှိပါသည်။

< ကော်ဖီရာဇ၀င် >

ကော်ဖီစေ့မှ ကော်ဖီတစ်ခွက် ရရှိရန်အတွက်၊ အချိန် အများကြီးဖြတ်သန်း လာရပါသည်။ ဦးစွာ ပထမ ကော်ဖီစေ့ကို အပင်ပျိုးပေးရပါသည်။ ထိုပျိုးပင်ကလေးများကို မြေဆီလွှာပြုပြင် ထားသော စိုက်ခင်းသို့  ရွှေ့ ပြောင်းစိုက်ပျိုးပေးရပါသည်။ ရေကြိုက်သောပင် အမျိုးအစားဖြစ်ပါသည်။ ပျိုးပင်လေးများ ၂-နှစ် ခွဲခန့် ကြာသောအခါ၊ ပန်းပွင့်ပါသည်။ ထိုပန်းပွင့်မှ အနီရောင်ကော်ဖီ အသီး ကိုသီးပေးပါသည်။ အနီရောင်အသီး၏ အလည်ခေါင်တဲ့တဲ့တွင် အစိမ်းရောင်ကော်ဖီစေ့ နှစ်လုံးစီပါရှိကြပါသည်။ အနီရောင် သီး များသည် ရင့်မှည့်လာချိန်တွင် နီညိုရောင်အဖြစ်ပြောင်းလဲသွားရာ၊ ခူးဆွတ်နိုင်ပါပြီ။ ခူးဆွတ်ပြီးသော ကော်ဖီ သီးများကို နေဖြင့် အခြောက်ခံကြသလို၊ စက်ဖြင့်လဲ အခြောက်ခံကြပါသည်။ ခြောက်သွားသော အသီးများ ကို စက်ဖြင့် အခွံချွတ်ကြပါသည်။ ထို့  နောက် ရရှိလာသော ကော်ဖီစေ့များကို အရွယ်အစား၊ အဆင့် အတန်း ခွဲကာ ဂုံလှော်အိတ်ထဲထဲ့၍ " အစိမ်းရောင်ကော်ဖီ " (ခေါ်) ကော်ဖီကုန်ကြမ်းများအဖြစ် နိုင်ငံ တကာ သို့ သင်္ဘောဖြင့်တင်ပို့ ရောင်းချကြပါသည်။ ယေဘုယျအားဖြင့် အစိမ်းရောင် ကော်ဖီ စေ့များ ကို လှော်စက်ထဲ ထဲ့ကာ ၅၅၀ ဒီဂရီဖာရင်ဟိုက်အထိ အပူပေးလှော် ရပါသည်။ ကော်ဖီစေ့များသည် အညိုရောင်သို့  ပြောင်းသွားကာ၊ အစေ့သည် အတန်ငယ်ဖောင်းကြွ လာပြီး၊ ရနံ့ လဲမွှေးလာပါသည်။ ကော် ဖီ စေ့ များလတ်ဆတ်လေလေ၊ ရနံ့  မွှေးလေလေ ဖြစ်ပါသည်။ လှော်ထားသော ထိုကော်ဖီစေ့များသည် ပါးစပ်ဖြင့်ကျွတ်ကျွတ် ကိုက်ဝါး၍ရသော အခြေအနေသို့  ပြောင်းလဲလာပါက၊ ၄င်းတို့ ကို လှော်စက်ထဲမှ ချက် ချင်းထုတ်ယူပြီးနောက် အအေးခံပေးရပါသည်။ ထို့ နောက်အမှုန့် ကြိတ် စက်ထဲထဲ့ကာ ကော်ဖီမှုန့်  ရအောင် ကျိတ်ချေပေးရပါသည်။

သို့ သော် လူတစ်ကိုယ်အကြိုက် တစ်မျိုးစီရှိတတ်ပေရာ၊ ကော်ဖီ ကိုလှော်သောအခါတွင် မီးအပူရှိန်ကို အလျော့အတင်းချိန်ဆ ပေးခြင်းအားဖြင့်- (၁) Light Roast (၂) Medium Roast (၃) Medium-dark Roast (၄) Dark Roast ဟူ၍ မတူညီသော အမျိုး အစား (၄)မျိုး ကော်ဖီအရသာ တို့ ကို စားသုံးသူများ
စိတ်ကြိုက် ရွေးချယ်နိုင် ပါသည်။ (၁) Light Roast ဖြင့်လှော်ထားသော ကော်ဖီစေ့သည် အညိုရောင်ဖျော့ဖျော့ဖြစ်ပါသည်။ အချိန်အကြာကြီး မလှော်ထားသည့်အတွက်၊ ကော်ဖီစေ့၏ မျက်နှာပြင် တွင် အဆီ မထွက်ဘဲ၊ ၄င်းကိုကြိတ်ချေ၍ ရရှိလာသော ကော်ဖီမှုန့်  ၏အရသာသည်လည်း ခပ်ပျော့ပျော့ဖြစ် ပါသည်။ (၂) Medium Roast ဖြင့်လှော်ထားသော ကော်ဖီစေ့၏ အရောင်မှာ အညို ရောင်ဖြစ်ပါသည်။ Light Roast ကဲ့သို့ ပင်၊ ကော်ဖီစေ့၏မျက်နှာပြင် တွင် အဆီမထွက်သော်လဲဘဲ၊ အနံ့ အရ သာကတော့ Light Roast ထက် နဲနဲပိုပြင်းပါသည်။ ထိုအရသာမျိုးကိုအမေရိကန်တို့ စွဲလန်း နှစ်ခြိုက်ကြသည် ဟုသိရပါ သည်။ (၃) Medium Dark Roast ဖြင့် လှော်ထားသောကော်ဖီစေ့၏ အရောင်မှာ အညို ရင့် ရောင်ဖြစ်ပြီး၊ ကော်ဖီစေ့၏ မျက်နှာပြင်သည် အဆီဝေ့၍ပြောင်ချော နေပါသည်။ အရသာမှာ အတန်ငယ် ချိုခါးပါသည်။ ထိုအရသာ မျိုးကို ကမ္ဘာပေါ်ရှိ ကော်ဖီကြိုက် သူ အများစုက ခံတွင်းတွေ့ ကြကြောင်း သိရပါ သည်။ (၄) Dark Roast ဖြင့် လှော်ထားသော ကော်ဖီစေ့၏အရောင်မှာ အနက်ရောင်ဖြစ်ပြီး၊ အစေ့၏ အပေါ်ယံ မျက်နှာပြင်သည် အဆီများထွက်ကာ ပြောင်လက်နေပါသည်။ အရသာမှာ ခါးသက်ပါသည်။
ထိုကော်ဖီခါးခါးကို Espresso ကော်ဖီ အဖြစ် အီတလီ နှင့်ပြင်သစ်နိုင်ငံများတွင် လူကြိုက်များ ရေပန်း စားလျှက်ရှိပါသည်။ ကော်ဖီကောင်းတစ်ခွက် ရရှိရန်အတွက် ၀ယ်ထားသော ကော်ဖီမှုန့် ကို သင့်အိမ်တွင် စံနစ်တကျ သိမ်းဆည်း ထားတတ်ဖို့  လိုပါသည်။ လတ်လတ်ဆတ်ဆတ် ထုပ်လုပ်ထားသော ကော်ဖီ မှုန့် ရက်စွဲကို စစ်ဆေးကြည့်ရှုကာ၊ မိမိအိမ်တွင် လေလုံသော ဖန်ပုလင်း(သို့ မဟုတ်)ကြွေပုလင်းထဲတွင် သိမ်းဆည်း ထားရပါမည်။ လေသလပ်ခြင်း၊ ပူလွန်းသောနေရာနှင့် ရေခဲသေတ္တာထဲ တွင် သိမ်းဆည်း ထားခြင်းက ကော်ဖီ၏အရသာကို ပျက်ပြယ်စေပါသည်။ ကော်ဖီမှုန့် အရည်အသွေး မည်မျှပင်ကောင်းစေ ကာမူ၊ ထိုကော်ဖီမှုန့် ကို ကျွမ်းကျင်စွာနှပ်တတ်မှသာ အရသာရှိသော ကော်ဖီကို သောက်သုံးနိုင်မည် ဖြစ်ပါ သည်။ ကော်ဖီနှပ်အိုးထဲသို့  ရေအေးအေး ၆-အောင်စ တွင် ကော်ဖီမှုန့်  ၁ဇွန်း မှ ၂ဇွန်း(စားပွဲတင်ဇွန်း)ထဲ့၍ အပူချိန် ၁၉၅ ဒီဂရီဖာရင်ဟိုက်တွင် ၅-မိနစ်ကြာ မျှ နှပ်ပေးရပါမည်။ ထို့ ထက်ပို၍ အပူရှိန်ပြင်းပြင်းဖြင့် အချိန်ကြာမြင့်စွာနှပ်ပါက၊ ကော်ဖီ၏အရသာမှာလဲ ပျက်ပြယ်သွားတတ်ပါ သည်။ နှပ်ထားသော ကော်ဖီကို ၄၅-မိနစ် အတွင်း သောက်သုံးသင့်ပါသည်။ အေးသွားပါက ကော်ဖီ၏အရသာကို ခံစားနိုင်မည် မဟုတ်ပါ။ ထို့ ပြင် ကော်ဖီမှုန့် ကို တစ်ကြိမ်သာ နှပ်သင့်ပါသည်။

< ကော်ဖီနှင့် ကျန်းမာရေး >

ဆေးပညာ ရှုထောင့်မှကြည့်ပါလျှင် ကဖိန်းဓာတ်သည် အနာအကိုက်အခဲများကို သက်သာပျောက် ကင်းစေနိုင်သဖြင်၊့ ၁၅၈၃ ခုနှစ်တွင် ဂျာမန်ဆရာဝန် Leonhard Rauwolf ဆိုသူသည် လူနာများ ကို ကော် ဖီသောက်ရန် ဆေးညွှန်းပေးခဲ့ကြောင်း မှတ်သားရပါသည်။ ကဖိန်းဓာတ်သည် စိတ်ကို လန်းဆန်းစေပါ သည်။ ဇရာကြောင့်ဖြစ်ပေါ်သော စိတ်ကစဥ့်ကလျားဖြစ်ခြင်း၊ ခြေတုန်လက်တုန်ဖြစ်ခြင်း နှင့် စိတ်ဓာတ် ကျခြင်း စသည်တို့ ဖြစ်ပေါ်လာမှုကို ကိုနှောင်းနှေးစေပါသည်။ ဂေါက်ရောဂါကို သက် သာစေပြီး၊ ၀မ်းပျော့စေကာ၊ ဆီးကိုလဲသက်စေပါသည်။ အရေပြားကင်ဆာ နှင့်ရင်သားကင်ဆာတို့  ကိုလဲ ဟန့်  တားပေး နိုင်ပါ သည်။

အမေရိကန်ပြည်ထောင်စုရှိ Cornell တက္ကသိုလ်မှ ထုတ်ပြန်ထားတဲ့ လေ့လာတွေ့ရှိမှု အသစ်အရ ကော် ဖီ သောက်သုံး သည် မျက်လုံးအားတိုးစေပြီး မျက်စိမှုန်ခြင်း၊ ကန်းခြင်း မဖြစ်အောင်ပါ ကာကွယ်ပေးကြောင်း သိရပါသည်။ မျက်လုံးထဲရှိ retina အလွှာမှာ အလင်းရောင်ကို ခံစားတုံ့ပြန်နိုင်သော ဆဲလ်ပေါင်း သန်းချီနဲ့ ဖွဲ့စည်း ထားခြင်းဖြစကြောင်း၊ အောက်ဆီဂျင်ဓာတ် ချို့တဲ့ခြင်း၊ radical(ခေါ်)unpaired electron များ ထွက်ရှိခြင်းကြောင့် မျက်လုံးအမြင်အာရုံကို ချို့တဲ့စေပြီး အချိန် ကြာလာတဲ့ အမျှ ကန်းသွားစေနိုင်ကြောင်း၊ ၄င်းပြဿနာအတွက် ကော်ဖီထဲတွင်ပါရှိသော antioxidant တစ်မျိုးဟာ အောက်ဆီဂျင် ဓာတ် တိုးစေပြီး radical တွေကို ဖယ်ရှားပေးနိုင်ကြောင်း၊ ဒါကြောင့် သေဆုံးသွားတဲ့ retina က အလင်းဆဲလ်တွေ ကို ပြန်လည် အစားထိုးမယ့် ဆဲလ်တွေ မွေးဖွားပေးစေပြီး အမြင်တိုးတက်လာစေမှာ ဖြစ်ကြောင်း၊ သို့ ပါ၍ ကော်ဖီကို ပုံမှန် သောက်သုံး သူတွေဟာ သောက်သုံးလေ့ မရှိသူများ နဲ့ စာရင် အမြင်အာရုံ ပိုကောင်းပြီး မျက်လုံးကန်း နိုင်ချေ နည်းပါးသွားကြောင်း သိရပါသည်။

သို့ သော် လောကနိယာမအရ အကောင်းနှင့်အဆိုး၊ အားနည်းချက်နှင့် အားသာချက်တို့ သည် အမြဲဒွန် တွဲနေတတ်ပါသည်။ American Dietetic Association က လူတစ်ဦးချင်းစီ၏ စားသောက်နှုန်းသည် တစ်နေ့ လျှင် (ကဖိန်း ဓာတ်) 200-300 mg ထက် မပိုသင့်ကြောင်း၊သို့  မဟုတ်ပါက အိပ်ပျက်စေခြင်း၊
အရိုးပါးစေခြင်း၊ ကိုလက်စထရော များစေခြင်း၊ အစာအိမ်နှင့်အူလမ်း ကြောင်း အတွင်းဖုံးလွှာများကို ထိခိုက်စေခြင်း၊ သွားများကိုညိုစေခြင်း၊ သွေးဖိအားတက်စေခြင်း နှင့် အသဲကို ထိခိုက်စေနိုင်ပါ သည်။
ကိုယ်ဝန်ဆောင်မိခင်များ အလွန်အကျွံသောက်သုံးပါက သားလျောသားပျက်စေခြင်း၊ သံဓါတ်နည်း သွေး အားနည်းရောဂါ နှင့်၊ နှလုံးသွေးကြောရောဂါ တို့ ကို ဖြစ်ပေါ်စေပါသည်။

< ကော်ဖီဆိုရင် ကြိုက်မှကြိုက် >

ယနေ့ ကမ္ဘာပေါ်တွင် သောက်သုံးစရာ Beverage အမျိုးမျိုးရှိကြပါသည်။ ၄င်းတို့ အနက် ကော်ဖီ သည် ပေါ်ပြူလာ အဖြစ်ဆုံးနှင့် အသက်အပိုင်း အခြားမရွေး၊ လူမျိုးဘာသာမရွေး တွင်ကျယ်စွာ သောက် သုံးနိုင်သည့် “အရည်တစ်မျိုး” ဖြစ်ပါသည်။ နာမည်ကြီး စာရေးဆရာ (အိုလီဗာ-ဟုမ်းစ်) ၏ Over the Teacups ထဲတွင် “အိပ်ယာထ သောက် ရတဲ့ ကော်ဖီတစ်ခွက်က ရတဲ့ လန်းဆန်း-တက်ကြွမှုနဲ့ ခွန်အား မျိုးကို ညနေခင်း လဖက်ရည်ကနေ ပြန်ထပ် လုပ်မပေးနိုင်ဘူး” ဟု ညွှန်းဆိုထားပါသည်။ မြန်မာပြည် တွင် ကော်ဖီရောက်ရှိ လာပုံကို တိတိကျကျ သမိုင်းအထောက်အထားများဖြင့် ဖော်ပြထားခြင်း မရှိသော် လဲဘဲ၊ တောင်ငူခေတ် နတ်ရှင် နောင် လက်ထပ်တွင် ပေါ်တူဂီ ကုန်သည်များသည် အောက်မြန်မာပြည် သို့ လာရောက်၍ ကုန်သွယ်ကူးလူးဆက်ဆံ လာကြကာ ကော်ဖီ နှင့် စပျစ်ဝိုင်များ သောက်သုံးကြသည့် သမိုင်းအတိအကျကိုတော့ လေ့လာတွေ့ ရှိရပါသည်။

မည်သို့ ပင်ဆိုစေကာမူ၊ ယနေ့ မြန်မာနိုင်ငံသားများ အပါအ၀င်၊ လူသားအားလုံးသည် ကော်ဖီကို နံက် အိပ်ယာထ၊ နေ့ လည် အဆာပြေ နှင့် ညနေခင်း အပျင်းပြေ အဖြစ်နှစ်ခြိုက်စွာ သောက်သုံးလျှက် ရှိကြ ပါသည်။ ထို့  ပြင် ကျောင်းသား/သူများကလည်း ခေါင်းကြည်စေရန်အတွက်၊ အချို့ လူနာများက လည်း ဆေးသောက်ရလွယ်ကူ စေရန်အတွက်၊ စသည့် အကြောင်းအမျိုးမျိုးဖြင့် သောက်သုံးလျှက် ရှိကြပါ သည်။ အလှုမင်္ဂလာပွဲများတွင်လည်း ကော်ဖီ သောက်သုံးသော ယဉ်ကျေးမှု ထွန်းကားလျှက် ရှိပါသည်။ နှပ် ၍သောက်ရသော ကော်ဖီများ သာမက၊ အလွန်ခါးသော Maxwell ကော်ဖီ၊ ကော်ဖီ Latte၊ Ness ကော်ဖီ၊ မိုခါး၊ Cappuccino, Espresso, Creamy, Floating ကော်ဖီ၊ Black ကော်ဖီ၊ Decaf (ခေါ်) ကဖိန်းဓာတ် ပါဝင်မှုအလွန်နည်းသောကော်ဖီ ... စသည် ဖြင့် တံဆိပ်အမျိုးမျိုး နှင့် နိုင်ငံစုံ Ready Made (2 in 1), (3 in 1) ကော်ဖီများကို ကော်ဖီဆိုင်ထိုင်၍ သော်လည်းကောင်း၊ မိမိအိမ်တွင် လည်းကောင်း သောက်သုံးနေ ကြပါသည်။ မြန်မာပြည်၏ Coffee Shops ဆိုင်များတွင် ကော်ဖီစက်ကိုသုံးကာ၊ အီတလီမှ လာသောကော် ဖီစေ့ များကို အမှုန့် ကြိတ်၍၊ ယခုဖျော်ယခုသောက် ပုံစံခေတ်စားလျှက် ရှိပါသည်။ မြန်မာပရိတ်သတ်
ခံတွင်းလိုက်စေသည့် ကော်ဖီ ၃၀ မီလီ လီတာကို အဆီမပါ သောနို့ ကရမ် ၁၂ မီလီလီတာ၊ သကြားစားပွဲ တင်ဇွန်း(၂)ဇွန်း ဖြင့် အရစ်(၃)ရစ်ခွဲကာ pump စက်ကိုသုံး၍ အပေါ်မှ အမြှုပ်ရိုက်ကာ လိပ်ပြာပုံ၊ အသည်း ပုံ နှင့် အရုပ်ကလေးများ ဖြင့်အလှဆင် ထားသော Italy Cappuccino ၊ ထိုပုံစံမျိုးဖြင့် အဆီ မပါသောနို့  ကရမ် ၁၆ မီလီ လီတာ ထဲ့ကာ ခွက်ပုံစံပြောင်းထားသော Café Latte ၊ ထိုပုံစံမျိုးဖြင့် ချောကလက်တစ်လွှာ ခင်းထားသော Mocha Coffee ၊ ဘလက်ကော်ဖီကဲ့သို့ နို့ လုံးဝမပါဘဲ ၊ ကော်ဖီအဆီ ၁၀ဂရမ် ထဲ့ ထားသော Italy Espresso ကော်ဖီပြင်းပြင်း …စသည်တို့ ကို သောက်သုံးနိုင်ကြပါပြီ။ Italy Espresso ၏ အရသာမှာ အလွန်ခါးပါသည်။ အနောက်နိုင်ငံသားများက ထိုကော်ဖီခါးခါးတွင် သကြားလုံးဝမထဲ့ ဘဲ ကော်ဖီ အဆီ၏အရာကို ဇိမ်ခံ၍ သောက် ကြသော်လဲ၊ မြန်မာပရိတ်သတ်များကတော့ သကြား စားပွဲတင် ဇွန်း (၂)ထက်မနဲ ထဲ့သောက်ကြပါသည်။

(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)
promise.pauk
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...