၁၃၇၇-ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ခေါင်းဆေးမင်္ဂလာ ပြုလုပ်ရန် မင်္ဂလာအခါနာရီ

၁၃၇၇-ခု ၊ မြန်မာ နှစ်ဆန်း တစ်ရက်နေ့ ၊ ၁၇-၄-၂၀၁၅ ရက်နေ့ - သောကြာနေ့တွင် အတိတ်နိမိတ် ကောင်းယူ ၍ ခေါင်းဆေးမင်္ဂလာ ပြုလိုကြကုန်သော ခုနှစ်ရက် သားသမီး အပေါင်းတို့ အနေနှင့် အထက်တွင် ဖော်ပြခဲ့ သည့် အစီအစဉ်အတိုင်း နှစ်ဆန်းတစ်ရက်နေ့ နံနက် ပိုင်းတွင် ဆောင်ရွက်နိုင်ကြပါသည်။ အချိန်နာရီ အတိအကျ ဆောင်ရွက် လိုပါသော အောက်ပါအတိုင်း ဆောင်ရွက်နိုင်ပါသည်။

တနင်္ဂနွေသားသမီးများသည် နှစ်ဆန်းတစ်ရက်နေ့တွင် နံနက် (၇) နာရီ (၄၅) မိနစ်မှာ စတင်ပါ။
တနင်္လာသားသမီးများသည် နှစ်ဆန်းတစ်ရက်နေ့တွင် နေ့ခင်း (၁၂) နာရီ (၁၀) မိနစ်မှာ စတင်ပါ။
အင်္ဂါသားသမီးများသည် နှစ်ဆန်းတစ်ရက်နေ့တွင် နံက် (၆) နာရီ (၁၀) မိနစ်မှာ စတင်ပါ။
ဗုဒ္ဓဟူး-ရာဟုသားသမီးများသည် နှစ်ဆန်းတစ်ရက်နေ့တွင် နံက် (၁၀) နာရီ (၄၅) မိနစ်မှာ စတင်ပါ။
ကြာသပတေး သားသမီးများသည် နှစ်ဆန်းတစ်ရက်နေ့တွင် ညနေ (၃) နာရီ (၁၀) မိနစ်မှာ စတင်ပါ။
သောကြာသားသမီးများသည် နှစ်ဆန်းတစ်ရက်နေ့တွင် နံက် (၉) နာရီ (၁၀) မိနစ်မှာ စတင်ပါ။
စနေသားသမီးများသည် နှစ်ဆန်းတစ်ရက်နေ့တွင် နေ့ခင်း (၁) နာရီ (၄၅) မိနစ်မှာ စတင်ပါ။


ခေါင်းဆေးမင်္ဂလာပြုလုပ်ရန်အစီအစဉ်

တနင်္ဂနွေသားသမီးများအတွက်

တနင်္ဂနွေသားသမီးများသည် အနောက်အရပ်သို့ မျက်နှာမူ၍ ညာခြေဖြင့် ရွက်လှ(၄)ညွန့် ၊ ဘယ်ခြေဖြင့် ဆီးညွန့် (၃)ညွန့်ကို နင်းထားပါ။ အနီးတွင် ကလပ်သို့ မဟုတ် လင်ဗန်းထဲ၌ မေမြို့ (၅)ပွင့် ၊ ကံကော် (၂) ညွန့် ၊ သပြေ (၆)ညွန့်ကို ထည့်ပြီး အမြင့် တစ်နေရာတွင် တင်ထားပါ။ တရော်ကင်ပွန်းဖြင့် ခေါင်းလျှော်ပြီးနောက် ရေးဆေး ချပြီးလျှင် ရေသန့်သွားသောအခါ ဆံပင်မှ ထိုရေတို့ကို လင်ဗန်းထဲမှ ပန်းများပေါ်သို့ ညှစ်ချရင်း ကံဇာတာ ထွန်းပစေရန် ဆုတောင်းပါ။ ခြေဖြင့် နင်းခဲ့သော ပန်းများကို အခြားတစ်ယောက်က ယူပြီး တောင်အရပ်သို့ သွား၍ စွန့်ပါ။ မိမိကမူ လင်ဗန်းထဲမှ ပန်းများကို အနောက်အရပ်သို့ သွား၍ စွန့်ပါလေ။ ပြီးနောက် အ၀တ်အစားလဲကာ မြတ်ဘုရားတွင် အမွှေးတိုင် (၆)တိုင် ဖယောင်းတိုင် (၆) တိုင် လှူဒါန်းပြီး ကံဇာတာ ပွင့်လန်းစေရန် ဆုတောင်းရ ပါမည်။

တနင်္လာသားသမီးများအတွက်

တနင်္လာသားသမီးများသည် မြောက်အရပ်သို့ မျက်နှာမူ၍ ညာခြေဖြင့် မေမြို့ပန်း(၅)ပွင့် ၊ ဘယ်ခြေဖြင့် ရွက်လှ(၄) ညွန့်ကို နင်းထားပါ။ အနီးတွင် ကလပ်သို့ မဟုတ် လင်ဗန်းထဲ၌ နှင်းဆီ (၇)ပွင့် ၊ စံပယ် (၃) ကုံး ၊ သပြေ (၆)ညွန့်ကို ထည့်ပြီး အမြင့် တစ်နေရာတွင် တင်ထားပါ။ တရော်ကင်ပွန်းဖြင့် ခေါင်းလျှော်ပြီးနောက် ရေးဆေး ချပြီးလျှင် ရေသန့်သွားသောအခါ ဆံပင်မှ ထိုရေတို့ကို လင်ဗန်းထဲမှ ပန်းများပေါ်သို့ ညှစ်ချရင်း ကံဇာတာ ထွန်းပစေရန် ဆုတောင်းပါ။ ခြေဖြင့် နင်းခဲ့သော ပန်းများကို အခြားတစ်ယောက်က ယူပြီး မြောက်အရပ်သို့ သွား၍ စွန့်ပါ။ မိမိကမူ လင်ဗန်းထဲမှ ပန်းများကို အနောက်တောင် အရပ်သို့ သွား၍ စွန့်ပါလေ။ ပြီးနောက် အ၀တ်အစား လဲကာ မြတ်ဘုရားတွင် အမွှေးတိုင် (၁၅)တိုင် ဖယောင်းတိုင် (၁၅) တိုင် လှူဒါန်းပြီး ကံဇာတာ ပွင့်လန်းစေရန် ဆုတောင်းရပါမည်။

အင်္ဂါသားသမီးများအတွက်

တနင်္ဂနွေသားသမီးများသည် အနောက်တောင် အရပ်သို့ မျက်နှာမူ၍ ညာခြေဖြင့် သရက် (၆) ရွက် ၊ ဘယ်ခြေဖြင့် မေမြို့(၅)ပွင့်ကို နင်းထားပါ။ အနီးတွင် ကလပ်သို့ မဟုတ် လင်ဗန်းထဲ၌ နှင်းဆီ (၇)ပွင့် ၊ ရွက်လှ(၄)ညွန့် ၊အုန်းညွန့် (၁)ညွန့်ကို ထည့်ပြီး အမြင့် တစ်နေရာတွင် တင်ထားပါ။ တရော်ကင်ပွန်းဖြင့် ခေါင်းလျှော်ပြီးနောက် ရေးဆေးချပြီး လျှင် ရေသန့်သွားသောအခါ ဆံပင်မှ ထိုရေတို့ကို လင်ဗန်းထဲမှ ပန်းများပေါ်သို့ ညှစ်ချရင်း ကံဇာတာ ထွန်းပစေရန် ဆုတောင်းပါ။ ခြေဖြင့် နင်းခဲ့သော ပန်းများကို အခြားတစ်ယောက်က ယူပြီး အနောက်မြောက် အရပ်သို့ သွား၍ စွန့်ပါ။ မိမိကမူ လင်ဗန်းထဲမှ ပန်းများကို အနောက်တောင်အရပ်သို့ သွား၍ စွန့်ပါလေ။ ပြီးနောက် အ၀တ်အစား လဲကာ မြတ်ဘုရားတွင် အမွှေးတိုင် (၆)တိုင် ဖယောင်းတိုင် (၆) တိုင် လှူဒါန်းပြီး ကံဇာတာ ပွင့်လန်းစေရန် ဆုတောင်းရပါမည်။

ဗုဒ္ဓဟူးသားသမီးများအတွက်

ဗုဒ္ဓဟူးသားသမီးများသည် အရှေ့မြောက်စူးစူး အရပ်သို့ မျက်နှာမူ၍ ညာခြေဖြင့်- နှင်းဆီ(၇)ပွင့် ဘယ်ဘက်ခြေ- သရက်ညွန့် (၆)ညွန့်ကို နင်းထားပါ။ အနီးတွင် ကလပ်သို့ မဟုတ် လင်ဗန်းထဲ၌ အုန်း (၁)ညွန့် ၊ ကံ့ကော် (၂)ညွန့် ၊ မေမြို့(၅)ပွင့် ကို ထည့်ပြီး အမြင့် တစ်နေရာတွင် တင်ထားပါ။ တရော်ကင်ပွန်းဖြင့် ခေါင်းလျှော်ပြီးနောက် ရေးဆေး ချပြီးလျှင် ရေသန့်သွားသောအခါ ဆံပင်မှ ထိုရေတို့ကို လင်ဗန်းထဲမှ ပန်းများပေါ်သို့ ညှစ်ချရင်း ကံဇာတာ ထွန်းပစေရန် ဆုတောင်းပါ။ ခြေဖြင့် နင်းခဲ့သော ပန်းများကို အခြားတစ်ယောက်က ယူပြီး အနောက်မြောက် အရပ် သို့ သွား၍ စွန့်ပါ။ မိမိကမူ လင်ဗန်းထဲမှ ပန်းများကို အရှေ့မြောက်စူးစူး အရပ်သို့ သွား၍ စွန့်ပါလေ။ ပြီးနောက် အ၀တ်အစားလဲကာ မြတ်ဘုရားတွင် အမွှေးတိုင် (၁၇)တိုင် ဖယောင်းတိုင် (၁၇) တိုင် လှူဒါန်းပြီး ကံဇာတာ ပွင့်လန်းစေရန် ဆုတောင်းရပါမည်။

ကြာသပတေးသားသမီးများအတွက်

ကြာသပတေး သားသမီးများသည် အရှေ့စူးစူး အရပ်သို့ မျက်နှာမူ၍ ညာခြေဖြင့် အုန်းညွန့် (၁) ရွက် ၊ ဘယ်ခြေဖြင့် နှင်းဆီ (၇)ပွင့်ကို နင်းထားပါ။ အနီးတွင် ကလပ်သို့ မဟုတ် လင်ဗန်းထဲ၌ ကံကော်(၂)ညွန့် ၊သပြေ(၆)ညွန့် ၊စံပယ်(၃)ကုံး ကို ထည့်ပြီး အမြင့် တစ်နေရာတွင် တင်ထားပါ။ တရော်ကင်ပွန်းဖြင့် ခေါင်းလျှော်ပြီးနောက် ရေးဆေး ချပြီးလျှင် ရေသန့်သွားသောအခါ ဆံပင်မှ ထိုရေတို့ကို လင်ဗန်းထဲမှ ပန်းများပေါ်သို့ ညှစ်ချရင်း ကံဇာတာ ထွန်းပစေရန် ဆုတောင်းပါ။ ခြေဖြင့် နင်းခဲ့သော ပန်းများကို အခြားတစ်ယောက်က ယူပြီး အရှေ့မြောက် အရပ်သို့ သွား၍ စွန့်ပါ။ မိမိကမူ လင်ဗန်းထဲမှ ပန်းများကို အရှေ့အရပ်သို့ သွား၍ စွန့်ပါလေ။ ပြီးနောက် အ၀တ်အစားလဲကာ မြတ်ဘုရားတွင် အမွှေးတိုင် (၁၉)တိုင် ဖယောင်းတိုင် (၁၉) တိုင် လှူဒါန်းပြီး ကံဇာတာ ပွင့်လန်းစေရန် ဆုတောင်းရ ပါမည်။

သောကြာသားသမီးများအတွက်

သောကြာ သားသမီးများသည် တောင်စူးစူး အရပ်သို့ မျက်နှာမူ၍ ညာခြေဖြင့် ကံကော် (၂)ညွန့် ၊ ဘယ်ခြေဖြင့် အုန်းညွန့် (၁)ညွန့်ကို နင်းထားပါ။ အနီးတွင် ကလပ်သို့ မဟုတ် လင်ဗန်းထဲ၌ စံပယ်(၃)၊နှင်းဆီ(၇)၊ရွက်လှ(၄) ကို ထည့်ပြီး အမြင့် တစ်နေရာတွင် တင်ထားပါ။ တရော်ကင်ပွန်းဖြင့် ခေါင်းလျှော်ပြီးနောက် ရေးဆေးချပြီးလျှင် ရေသန့် သွားသောအခါ ဆံပင်မှ ထိုရေတို့ကို လင်ဗန်းထဲမှ ပန်းများပေါ်သို့ ညှစ်ချရင်း ကံဇာတာ ထွန်းပစေရန် ဆုတောင်း ပါ။ ခြေဖြင့် နင်းခဲ့သော ပန်းများကို အခြားတစ်ယောက်က ယူပြီး အရှေ့တောင် အရပ်သို့ သွား၍ စွန့်ပါ။ မိမိကမူ လင်ဗန်းထဲမှ ပန်းများကို တောင် အရပ်သို့ သွား၍ စွန့်ပါလေ။ ပြီးနောက် အ၀တ်အစားလဲကာ မြတ်ဘုရားတွင် အမွှေးတိုင် (၂၁)တိုင် ဖယောင်းတိုင် (၂၁) တိုင် လှူဒါန်းပြီး ကံဇာတာ ပွင့်လန်းစေရန် ဆုတောင်းရပါမည်။

စနေသားသမီးများအတွက်

စနေသားသမီးများသည် တောင်စူးစူး အရပ်သို့ မျက်နှာမူ၍ ညာခြေဖြင့် စံပယ်ပန်း (၂)ညွန့် ၊ ဘယ်ခြေဖြင့် ကံ့ကော်ညွန့် (၂)ညွန့်ကို နင်းထားပါ။ အနီးတွင် ကလပ်သို့ မဟုတ် လင်ဗန်းထဲ၌ ရွက်လှ(၄)ညွန့် ၊အုန်း(၁)ညွန့် ၊ပိတောက်(၅)ညွန့် ကို ထည့်ပြီး အမြင့် တစ်နေရာတွင် တင်ထားပါ။ တရော်ကင်ပွန်းဖြင့် ခေါင်းလျှော်ပြီးနောက် ရေးဆေးချပြီးလျှင် ရေသန့်သွားသောအခါ ဆံပင်မှ ထိုရေတို့ကို လင်ဗန်းထဲမှ ပန်းများပေါ်သို့ ညှစ်ချရင်း ကံဇာတာ ထွန်းပစေရန် ဆုတောင်းပါ။ ခြေဖြင့် နင်းခဲ့သော ပန်းများကို အခြားတစ်ယောက်က ယူပြီး မြောက် အရပ်သို့ သွား၍ စွန့်ပါ။ မိမိကမူ လင်ဗန်းထဲမှ ပန်းများကို တောင်အရပ်သို့ သွား၍ စွန့်ပါလေ။ ပြီးနောက် အ၀တ်အစားလဲကာ မြတ်ဘုရားတွင် အမွှေးတိုင် (၁၀)တိုင် ဖယောင်းတိုင် (၁၀) တိုင် လှူဒါန်းပြီး ကံဇာတာ ပွင့်လန်းစေရန် ဆုတောင်းရပါမည်။

ခေါင်းဆေးမင်္ဂလာနှင့် ပါတ်သက်၍ ရှေးမြန်မာ မင်းများသည် အရေးအကြောင်း ကြီးငယ် ရှိသော အခါတို့၌ ခေါင်းဆေးမင်္ဂလာ ယတြာဟူ၍ ဆောင်ရွက်လေ့ ရှိကြ၏။ မြို့တည် နန်းတည် သောအခါများ ၊ စစ်ထွက်သော အခါများ၌ အထူးသဖြင့် ဆောင်ရွက်လေ့ ရှိကြလေ၏။ ဇာတာသန့်သည်ဟုလည်း ခေါ်လေ၏။

ဘုရင်မင်းမြတ် များသာမက တိုင်းသူပြည်သားများသည်လည်း အဆိုပါ ခေါင်းဆေးမင်္ဂလာ ယတြာကို ဆောင် ရွက်လေ့ရှိကြလေ၏။ မြန်မာ နှစ်ဆန်းတစ်ရက်နေ့ များတွင် တစ်နှစ်တာလုံးအတွက် ကံအညံ့ အခိုက်များ ကင်းစင် ပြေပျောက်ကာ ကျက်သရေ မင်္ဂလာ အောင်ခြင်း အဖြာဖြာ တိုးပွားစေခြင်းငှာ ဆောင်းဆေး မင်္ဂလာယတြာကို ဆောင်ရွက်လေ့ ရှိကြလေ၏။

ရာထူးတက်ရန် ရန်အပြိုင်အဆိုင် များနေ၍ အောင်နိုင်လိုသောအခါ လာဘ်လာဘများ ပိတ်ဆို့သော အခါ ဒုက္ခ အခက်အခဲများ တစ်ခုပြီးတစ်ခု ကြံနေရသော အခါ စသည် စသည် တို့၌လည်း ခေါင်းဆေး မင်္ဂလာ ယတြာကို ဆောင်ရွက်လေ့ ရှိကြလေ၏။ ထို့ကြောင့် နှစ်သစ်ကူး ကာလတွင် နောင် ရောက်လာမည့် နှစ်တစ်နှစ်တာ ကာလအတွင်း ကံဇာတာ အညံ့အခိုက်များ ကင်းစင်ပြီး ကံဇာတာ ပွင့်လန်း တိုးတက်ခြင်းကို အလိုရှိကြကုန်သော မိတ်ဆွေအပေါင်းတို့အတွက် နှစ်သစ်ကူး လက်ဆောင်အဖြစ် တင်ပေးလိုက်ရပါသည်။ (12-ရက်နေ့ မှ စတင်ကာ သင်္ကြန်ရက် ဟောခန်းပိတ်ပါမည်)

သင်တို့၏ အကျိုးကို ထာဝစဉ် လိုလားသော
ဆရာဟိန်းတင့်ဇော် (9-4-2015)
(၁၀၈)တောင်ဘုရား၊ သာကေတ၊ရန်ကုန်
(09421167282 - 09791136527
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...