စာဖတ်ခြင်း၏ အဓိပ္ပာယ်

Written by ဇဝန စိုးဝင်း (တိုက်ကြီး)

မှတ်ဖွယ် မှတ်ရာ၊ ထိုထိုစာကို
ရှာ၍မပြတ်၊ အိမ်တွင်ဖတ်
ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက
သားမယားပင်
သိမြင်ကင်းကွာ၊ မလိမ္မာလည်း
စာပေစကား၊ နေ့တိုင်းကြားက
ထူးခြားလိမ္မာ၊ ရှိသည်သာတည့်။

ဟူသော ရှင်မဟာ ရဋ္ဌသာရ၏ ဆုံးမစာ ကဗျာသည် စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် စာဖတ်ခြင်း၏ အဓိပ္ပာယ် ကိုပေါ်လွင် ထင်ရှားစေ၏။ လောက တစ်ခုလုံး ငြိမ်းချမ်းရေး၊ တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုး တက်ရေး၊ မိသားစု တစ်စု ကျန်းမာချမ်းသာရေး၊ မိမိတို့ တစ်ဦး တစ်ယောက်တိုင်း ကိုယ်ကျင့်သိက္ခာ ဖြူ စင်မြင့်မြတ်ရေး တို့အ တွက် အဓိကသော့ချက်သည် စာဖတ်ခြင်းသာဖြစ်၏။ ထို့ကြောင့် ‘အလိမ္မာစာမှာ ရှိ’ ဟူသော မြန်မာ စကားပုံသည် ထင်ရှားစွာ ရှိနေ ရခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ စာဖတ်သူသည် အလွန်နည်းပါးပါ၏။ ဤလက္ခဏာသည် ယနေ့မြန်မာနိုင်ငံဖွံ့ဖြိုးတိုး တက်ရေး အတွက် အနုတ်လက္ခဏာပင်ဖြစ်၏။ မြန်မာနိုင်ငံသားအားလုံးတို့ အထူးလိုလားတောင့်တ သောအရာသည် ယနေ့မြန်မာနိုင်ငံကို ကမ္ဘာနှင့်ရင်ပေါင်တန်းပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်စေလိုခြင်းဖြစ်၏။ ထိုလို လားတောင့် တချက်တို့ လက်ဝယ်ပိုင်ပိုင်ရရှိနိုင်ရေးအတွက် စာဖတ်ခြင်းသည် မဖြစ်မနေလုပ် ဆောင်ရမည့်အရာဖြစ်၏။ တိုင်းပြည်တစ်ပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့တစ်ဦးတစ်ယောက် တိုင်း၌ တာဝန်ရှိသည့် အားလျော် စွာ မိမိတို့တစ်ဦးယောက်တိုင်း ကိုယ်ကျင့် သိက္ခာဖြူစင်မြင့်မြတ်ကြဖို့ လိုပေ၏။

အကြောင်းမှာ တစ်ဦးတစ်ယောက်တိုင်း ပါဝင်ဖွဲ့စည်းထားသော လူမှုအဖွဲ့အစည်းသည် တစ်ဦး တစ် ယောက်တိုင်း၌ ကိုယ်ကျင့်သိက္ခာဖြူစင်မြင့်မြတ်ပါမှ ထိရောက်အောင်မြင် မည်ဖြစ်သောကြောင့်တည်း။ မိမိတို့တစ်ဦး တစ်ယောက်တိုင်း ကိုယ်ကျင့် သိက္ခာဖြူစင်မြင့်မြတ်ဖို့အတွက် မဖြစ်မနေစာဖတ်နေကြရ မည်ဖြစ်၏။ ထို့ကြောင့်လည်း ရဟန်းပညာရှိ၊ လူပညာရှိတို့က စာဖတ်ကြဖို့ အထူးအလေးပေးတိုက် တွန်းနေကြခြင်း ဖြစ်ပေသည်။

စာဖတ်ခြင်းသည် အရှုံးဟူ၍မရှိ၊ မမြတ်ချည်းသာဖြစ်၏။ စာဖတ်ခြင်းကြောင့် ဗဟုသုတ ဆုံးရှုံးသည်ဟူ၍ မရှိ၊ ဗဟုသုတတိုးပွားရုံမျှဖြင့် စာမဖတ်သင့်။ ဤမျှလောက်သာ ရည်ရွယ်၍ စာဖတ်ကြပါမူ စာဖတ်ခြင်း ၏အဓိပ္ပာယ်သည် ပြည့်စုံလိမ့်မည်မဟုတ်။ ဗဟုသုတသည် မိမိတို့သန္တာန်၌ ကိန်းအောင်းနေသော မ ကောင်းမှုတို့နှင့်ပေါင်းပြီး ပိုမိုအားကောင်းသော မကောင်းမှုမျိုး ဖန်တီးနိုင်စွမ်း၏။ လောဘ၊ ဒေါသ၊ မော ဟတို့ကို ပိုမိုကြီးထွားစေပြီး လောကကိုကမောက်ကမ ဖြစ်စေတတ်၏။ ထို့ကြောင့်လည်း ဗဟုသုတ တိုးပွားရေးကိုသာ ပန်းတိုင်ထားပါက အာသဝေါတရားတို့၏ ပွားစီးရာသာဖြစ်ကြောင်း ဗုဒ္ဓစာပေ၌ လာ ရှိခြင်းဖြစ်၏။

အချို့သော သူတို့သည် စာပေကို အပျင်းပြေသဘောမျိုး ဖတ်တတ်ကြ၏။ အချို့က ခံယူချက်မရှိ ဖတ် တတ် ကြ၏။ အချို့ကား ဗဟုသုတအလို့ငှာ၊ တစ်ဝါကြီးအလို့ငှာ စာဖတ်တတ်ကြ၏။ ဗဟုသုတအလို့ငှာ တစ်ဝါ ကြီးအလို့ငှာ စာဖတ်ကြသူတို့သည် လောကအတွက် ကြောက်စရာပင်ဖြစ်၏။ ထိုသူတို့သည် စကားဝိုင်း၊ စာပေဝိုင်းတို့၌ မိမိကိုယ်မိမိ အရိယာသူတော်ကောင်းတို့အသွင်ဖြင့် စာသံပေဟန်ကဗျာ ရွတ်သံတို့ဖြင့် အခြားသူတို့အား စာပေမှရရှိသော ဗဟုသုတတို့ဖြင့် တစ်ဝါကြီးပြောဆိုတတ်ကြ၏။ သို့သော်လောက အလယ် လက်တွေ့နယ်ပယ်တို့၌ စာပေမှရရှိသော ဗဟုသုတတို့သည် ထိုသူတို့၏အ တွင်း အဇ္ဈတ္တ၌ ကိန်းအောင်းနေသော လောဘ၊ ဒေါသ၊ မောဟတို့ကို မတွန်းလှန်နိုင်ဘဲ အန္ဓပုထုဇဉ် များကဲ့သို့ အပြော တစ်မျိုး၊ အလုပ်တစ်မျိုး ကျင့်ဆောင်တတ်ကြ၏။ ဤသို့ ကျင့်ကြံဆောင်ရွက်ပါက စာဖတ်ခြင်းသည် လောက အတွက် အကျိုးမဖြစ်စေဘဲ အဆိပ်သဖွယ်သာဖြစ်ပါ၏။ ထို့ကြောင့် ဤစာ ဖတ်မှုမျိုးကို ရှောင်ကြဉ်ကြဖို့ လိုပေ၏။

အမှန်အားဖြင့် စာဖတ်ခြင်းသည် မိမိကိုယ် မိမိဆုံးမခြင်းသာဖြစ်၏။ မိမိကိုယ်မိမိ ဆုံးမခြင်းဟူသည် မိမိ တို့၏သန္တာန်၌ ကိန်းအောင်းနေသော လောဘ၊ ဒေါသ၊ မောဟတို့ကိုမြင်အောင် ကြည့်တတ်ခြင်း၊ သိ အောင်ကြိုးစားခြင်း သာဖြစ်၏။ မိမိတို့သည် မည်ရွေ့မည်မျှ စာဖတ်သည်ဖြစ်စေ၊ စာပေလိုက်စား သည် ဖြစ်စေ မိမိတို့၏သန္တာန်၌ရှိသော လောဘ၊ ဒေါသ၊ မောဟတို့ကို မြင်အောင်မကြည့်နိုင်သမျှကာလ ပတ်လုံး စာဖတ်ခြင်းသည် အချည်းအနှီးသာ ဖြစ်ချေ၏။

တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်ရေး၊ မိသားစုတစ်စု ကျန်းမာချမ်းသာရေးအတွက် မိမိတို့ တစ်ဦး တစ် ယောက် တိုင်း၌ တာဝန်ရှိသည့်အတွက် မိမိတို့ တစ်ဦးတစ်ယောက်တိုင်း ကိုယ်ကျင့်သိက္ခာ ဖြူ စင်မြင့် မြတ်ကြဖို့ လိုပေ၏။ ထို့ကြောင့် မိမိတို့သည် မိမိကိုယ်မိမိ လောဘကြီးမကြီး၊ ဒေါသ ကြီး မကြီး၊ မောဟ ကြီးမကြီး လေ့လာကြည့်ရှုပြီး လောဘ၊ ဒေါသ၊ မောဟ ကြီးနေပါက မပါးပါးအောင် ကြိုးစားကြမှသာ လျှင် စာဖတ်ခြင်း၏ အဓိပ္ပာယ်သည် ပြည့်စုံမည်ဖြစ်ပါ၏။

မိမိတို့သည် အခြားသောသူတို့ လောဘ၊ ဒေါသ၊ မောဟကြီးနေလျှင်သာ မြင်တတ်ကြ၏။ ဝေဖန်ကြ၏။ ကန့်ကွက်ကြ၏။ သို့သော် မိမိတို့ ကိုယ်တိုင်လောဘ၊ ဒေါသ၊ မောဟကြီးနေသည်ကို မမြင်တတ်ကြ။ မိမိ ကိုယ်မိမိသစ္စာဟု ခံယူတတ်ကြ၏။ သို့သော်လက်တွေ့နယ်ပယ်တို့၌ လောဘ၊ ဒေါသ၊ မောဟကြီး နေ ကြ၏။ ထိုသို့ လောဘ၊ ဒေါသ၊ မောဟကြီးနေကြသော်လည်း မိမိကိုယ်မိမိ လောဘ၊ ဒေါသ၊ မောဟ ကြီးနေသည်ဟု မထင်ကြ၊ မသိကြ။ မိမိကိုယ်ကိုမိမိလောဘ၊ ဒေါသ၊ မောဟကြီးနေသည်ဟု မထင် သမျှ၊ မသိသမျှကာလပတ်လုံး မိမိတို့သည် ဘဝတစ်လျှောက်လုံး လောဘ၊ ဒေါသ၊ မောဟတို့ဖြင့် ခရီး ဆက်နေ ကြဦးမည်ဖြစ်၏။ လောဘ၊ ဒေါသ၊ မောဟကြီးမားပါက အမှားအမှန်မဝေခွဲနိုင်ကြောင်း၊ မပိုင်း ခြားနိုင်ကြောင်း ဗုဒ္ဓဒေသနာ၌လာရှိပါ၏။ အမှားအမှန်ကို မဝေခွဲနိုင်၊ မပိုင်းခြားနိုင်ဘဲ မိမိတို့ထင် ရာမြင် ရာဆောင်ရွက်မိပါက တိုင်းပြည်တစ်ပြည်သည်လည်းကောင်း၊ မိသားစုတစ်စုသည်လည်းကောင်း ကမောက်ကမဖြစ်နိုင်ပါ၏။

တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခြင်း၊ ဆင်းရဲချမ်းသာ ကွာခြားမှု ကြီးမားခြင်းတို့သည် လော ဘ၊ ဒေါသ၊ မောဟတို့အားကြီးနေခြင်းကြောင့်ပင် ဖြစ်၏။ ထို့ကြောင့် စာဖတ်ရာ၌လောဘ၊ ဒေါ သ၊ မောဟ တို့ကို မြင်နိုင်သည်အထိ ဖတ်ရှုကြပြီး မိမိတို့သန္တာန်၌ရှိသော လောဘ၊ ဒေါသ၊ မောဟတို့ ကို ပါးသည် ထက် ပါးအောင် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

သုတရသဖြစ်စေ၊ စီးပွားရေး၊ ဘာသာရေး၊ နိုင်ငံရေး စာပေဖြစ်စေ မည်သည့် စာပေတို့၌မဆို လောဘ၊ ဒေါ သ၊ မောဟတို့သည် မလွဲမသွေပါရှိပါ၏။ ထိုပါရှိသော လောဘ၊ ဒေါသ၊ မောဟတို့ကို မြင်နိုင်စွမ်းရှိ သည် အထိ ဖတ်ကြရမည်ဖြစ်၏။ သို့မှသာ လောဘနှင့်လောဘ ၏ဘေး၊ ဒေါသနှင့်ဒေါသ၏ဘေး၊ မောဟနှင့်မော ဟ၏ဘေးတို့ကို သိရှိကာဆင်ခြင်နိုင်ကြမည်ဖြစ်၏။ မိမိတို့မြင်နိုင်စွမ်းသော လောဘ၊ ဒေါသ၊ မောဟ တို့သည် မိမိကိုယ်မိမိ ‘ငါပြင်ရမည်၊ ငါဆင်ခြင်ရမည်၊ ငါ၏သန္တာန်၌ ပါးသည်ထက်ပါး အောင် ကြိုးစားရမည်’ ဟုခံယူကာ လောက၌သတိနှင့် ကျင့်ကြံနေထိုင်ရမည်ဖြစ်၏။ ဤသို့မဟုတ်ပါ ဘဲလောဘ၊ ဒေါသ၊ မောဟ တို့အားကြီးပြီး ‘ငါ’ ကိုဗဟိုပြုသည့် လမ်းစဉ်ကြီးကို လက်ကိုင်ပြုနေသမျှ ကာလပတ်လုံး တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်မှုသည် ဘယ်သောအခါမှ ရရှိကြလိမ့်မည်မဟုတ်။

ထို့ကြောင့် စာပေတိုင်း၌ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ မမြင်သာအောင်ဖြစ်စေ မလွဲမသွေ ပါရှိ သော လောဘ၊ ဒေါသ၊ မောဟတို့ကို မြင်နိုင်သည်အထိ ဖတ်ရှုနိုင်ပါက မိမိတို့သည် လောဘ၊ ဒေါ သ၊ မောဟဦးဆောင်သော ‘ငါ’ ကို ဗဟိုပြုပြီး ဆောင်ရွက်တတ်သော လမ်းစဉ်ကိုစွန့်လွှတ်ပြီး ‘သူ’ ကို ဗဟို ပြုဆောင်ရွက်ကြတော့ မည်ဖြစ်၏။ မိမိတို့ တစ်ဦးတစ်ယောက်တိုင်းသည် လက်တွေ့နယ်ပယ်တို့၌ ‘သူ’ ကို ဗဟိုပြုဆောင်ရွက်ကြမည်ဆိုလျှင် မိမိတို့လိုလားသော လောကတစ်ခုလုံးငြိမ်းချမ်းရေး၊ မိမိတို့နိုင်ငံ ကိုကမ္ဘာနှင့်ရင်ပေါင်တန်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ မိသားစတစ်စု ကျန်းမာရေး၊ ချမ်းသာရေးတို့ သည် တစ်မုဟုတ်ချင်း ထိရောက်အောင်မြင်မည်ဖြစ်၏။

စံတော်ချိန်သတင်းစာ
မတ်လ (၁၅) ရက်၊ ၂၀၁၅ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...