အင်္ဂါဂြိုဟ်ကို (၃၉) ရက်အတွင်း ရောက်နိုင်တော့မည်လား

နယူးယောက် ၊ ဧပြီ ၂

နာဆာက ပိုမိုမြန်ဆန်သည့် တွန်းကန်အား စနစ်များ ပါဝင်သည့် ဂျက်အင်ဂျင် နည်းပညာ ဖန်တီးရန် အတွက် ကုမ္မဏီများကို ရွေးချယ်ခဲ့သည်။

အာကာသ အတွင်းပိုင်း အထိ သွားရောက် လေ့လာနိုင် မည့် လူနေထိုင် နိုင်သော နေရာများ ပါဝင်သည့် ဂြိုဟ်တု အသေးစားလေး များကိုလည်း ဖန်တီး သွားမည်ဟု သိရသည်။ အဆိုပါ ကုမ္မဏီများထဲမှ တစ်ခုက ယင်းတို့တွင် အင်္ဂါဂြိုဟ်ကို ရက် (၄၀) အတွင်း သွားနိုင်သည့် အင်ဂျင် နည်းပညာ ရှိကြောင်း ကြေညာထားသည်။

တွန်းကန်အား အဖြစ် ပလက်စမာကို သုံးထားသည့် Vasmir အင်ဂျင်ကို တက္ကဆက်ရှိ Ad Astra Rocket ကုမ္မဏီ မှ တီထွင်ထားသည်။ အဆိုပါဒုံး အင်ဂျင်သည် အင်္ဂါဂြိုဟ်သို့ သွားမည့် ခရီးကို လမှ ရက်သတ္တပတ်သို့ လျှော့ချနိုင် မည် ဖြစ်ကြောင်း ဖော်ထုတ် ပြောကြား လိုက်သဖြင့် နှစ်အနည်းငယ် အတွင်း နာမည် ရလာခဲ့သည်။ သို့သော် ထိုဒုံးအင်ဂျင် လည်ပတ်နိုင်ရန် နျူကလီးယား စွမ်းအင် လိုအပ်မည် ဖြစ်ကြောင်း သိရသည်။

၂၀၁၃ တွင် ရှေ့ပြေး ပုံစံငယ်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီး ဖြစ်သဖြင့် နာဆာ အနေဖြင့် အင်္ဂါဂြိုဟ်သို့ သွားမည့် အနာဂတ် ခရီးစဉ် အတွက် အသုံးပြုရန် စဉ်းစား နေသည်ဟု ယူဆရကြောင်း သိရသည်။ Ad Astra ၏ ဥက္ကဋ္ဌကလည်း ယင်းတို့ အနေဖြင့် နာဆာ၏ ကြေညာချက်ကြောင့် စိတ်လှုပ်ရှား ရပါကြောင်းနှင့် နည်းပညာ တိုးတက်ရေး၏ နောက်ဆုံး အဆင့်တွင် နာဆာနှင့် ပူးပေါင်းခွင့် ရရှိခြင်းအတွက် ဂုဏ်ယူမိပါကြောင်း ပြောကြား သည်။

ဒုံးအင်ဂျင်ကို အာကာသတွင်း အသင့် သုံးနိုင်သည့် အဆင့်ထိ ရောက်ရှိအောင် လုပ်ဆောင်ပေးရန် အတွက် နာဆာက ကုမ္မဏီကို သုံးနှစ်အတွင်း ဒေါ်လာ (၁၀) သန်းကို အရစ်ကျ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ကမ္ဘာမှ အင်္ဂါဂြိုဟ်သို့ အသွားအပြန် သုံးနှစ်နီးပါးကြာမြင့် မည်ဖြစ်ပြီး အဆိုပါ Vasimr အင်ဂျင်က အဆိုပါကြာချိန်ကို လျှော့ချ ပေးနိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။

Source: Daily Mail
The Messenger
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...