သင့်ရဲ့ နဂိုစိတ်ရင်း ဘယ်မှာလဲ?

လူ့လောကမှာပျော်ရွှင်စွာ နေထိုင်နေ ကြတာကို မကောင်း ဆိုးဝါးကြီး က တွေ့တော့ “ဒီလူတွေ ကို နှောက်ယှက်ရမယ်။ ငါ့ ကိုမေ့နေကြတယ်။” ဆိုပြီး မကောင်းဆိုးဝါးလေး တစ်ကောင် ကိုလွှတ်ပြီး လယ်သမား တစ်ဦးကို အကျင့်ပျက်အောင် လုပ်ခိုင်းစေခဲ့တယ်။

လယ်သမားက လယ်ထွန်ရင်း သူ့ဘ၀ကို သူကျေနပ် တင်းတိမ်နေခဲ့တယ်။ မကောင်းဆိုးဝါးလေး က ထိုလယ်မြေတွေကို မာကြောအောင် ပြုလုပ် လိုက်တယ်။ လယ်သမားက ခဏနားလိုက် ဆက်ထွန်လိုက်နဲ့ ငြီးငြူသံ ကို လုံးဝမကြားရတော့ မကောင်းဆိုးဝါးလေးလဲ လက်လျော့ပြီး ပြန်သွားရှာတယ်။

နောက်ထပ် မကောင်းဆိုးဝါး နောက်တစ်ယောက်ကို စေလွတ်ပြန်တယ်။ ဒါနဲ့ သူဟာ လယ်သမားရဲ့ ပိုင်ဆိုင်မှုတွေကို ယူမယ်ဆိုပြီး သူစားမယ့် ထမင်းဘူး နဲ့ ရေဘူး ကိုယူလိုက်တယ်။ ထမင်းဘူးတွေ မရှိတော့ တာကို သိတော့ “အော် ငါ့ထက်ဆာနေမဲ့သူ ရှိနေရင် ယူပါစေ။ သူဗိုက်ဝရင် ရပါပြီ” ဆိုပြီး လယ်ကို ဆက်ထွန်နေရှာတယ်။ ဒုတိယ မကောင်းဆိုးဝါးလည်း မအောင်မြင်ပဲ ပြန်လာရရှာတယ်။

တတိယ မကောင်းဆိုးဝါးကို စေလွတ်ပြန်တယ်။ သူကတော့ လယ်သမားနဲ့ အရင်မိတ်ဆွေဖွဲ့တယ်။ ပြီးတော့ မကောင်းဆိုးဝါးက အနာဂါတ်ကို မြင်နိုင်တော့ လာမည့်နှစ်မှာ ဆန်ရေစပါး ရှားပါးမှုဖြစ်မယ် ဆိုပြီး လယ်သမားကိုပြောတယ်။ ဒီလိုနဲ့ မကောင်းဆိုးဝါး ဆီက အကြံတွေရယူပြီး လယ်သမားဟာ မကြာမီမှာပဲ သူဌေးဖြစ်လာခဲ့တယ်။

လယ်ယာတွေ မထွန်ယက်တော့ဘဲ မကောင်းဆိုးဝါးရဲ့ အကြံပေးတဲ့အတိုင်း အရက်အရောင်းတွေ စတင် လုပ်ကိုင်လာပြီး ချမ်းသာထက် ချမ်းသာလာခဲ့တယ်။ မကောင်းဆိုးဝါးဟာ သူ လယ်သမားရဲ့ အကျင့်တွေကို ပျက်အောင် လုပ်နိုင်ပြီ ဖြစ်ကြောင်း မကောင်းဆိုးဝါးကြီး ထံလာပြောတယ်။

ကြည့်လိုက်တော့ သူဌေးရဲ့စားပွဲမှာ အခြွေအရံတွေ အရသာရှိတဲ့ စားစရာတွေနဲ့ အကောင်းစား အရက် တွေနဲ့ပေါ့။ အဲဒီချိန်မှာ အစေခံတစ်ဦးက အရက်ပုလင်း ယူလာနေချိန်မှာ ခြေချော်ပြီး သူဌေးပေါ် ကို မောက်ကျကုန်တယ်။ သူဌေးက “ဒါလေးလုပ်တာကို ဂရုကိုမစိုက်ဘူး” ဆိုတော့... အစေခံက “သူဌေးရယ်၊ ကျွန်တော် မနက်ကတည်းက လုပ်နေတာ အရမ်းကို ဗိုက်ဆာလှပါပြီ” လို့ပြောတော.... “အလုပ်မပြီးရင် မစားရဘူး” လို့အော်လိုက်ပါတယ်။

မကောင်းဆိုးဝါးကြီးက “မင်းဘယ်လို အကျင့်ပျက်အောင် လုပ်နိုင်တာလဲ” လို့ဆိုတော့...

“လယ်သမားကို လိုတာထက် ပိုပေးလိုက်တာပါ၊ ဒီလိုနဲ့ သူ့ရဲ့လောဘစိတ်တွေ တက်လာတာပါ”....
"လောဘကြောင့် စိတ်ပြောင်းရင် ပုံစံပြောင်းမယ်။ ပုံစံပြောင်းရင် အကျင့်ပြောင်းမယ်။ အကျင့်ပြောင်းရင် စရိုက်ပြောင်းမယ်။"........ လို့ပြန်ပြောလိုက်တယ်

ဒီပုံပြင်လေးကတော့... ပန်းတိုင်ရောက်အောင် ကြိုးပမ်းနေတဲ့ ကျနော်တို့ အားလုံး.. ကိုယ် အောင်မြင် ကြီးပွား ချမ်းသာလာတဲ့ တနေ့မှာ ကိုယ့်ရဲ့ တကယ့် ဖြူစင် ရိုးသားခဲ့တဲ့ နဂိုစိတ်ရင်း ကို မမေ့ပစ်ဖို့ပါပဲ။
(ရိုးသားဖြူစင်တဲ့ ကိုယ့်ဘဝကို မမေ့ကြပါနဲ့..ဘာပဲဖြစ်ဖြစ်ပေါ့)

ကိုယ်ချင်းစာ တရားတွေနဲ့ ဘဝကိုဖြတ်သန်းနိုင်ကြပါစေ...

ကောင်းသော ညလေးဖြစ်ပါစေ...

Source: ကိုကြီး
Via;အာကာသနှင့် စကြ၀ဠာ
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...