အခါးရည်တစ်ခွက်နှင့် ပျားရည်တစ်စက်

ချီးမွမ်းခြင်းနှင့် ကဲ့ရဲ့ခြင်းတို့သည် လောက၏ သဘာဝ တရားများဖြစ် ကြပါသည်။ ဘ၀မှာဖြစ်စေ၊ စီးပွားရေး လုပ်ငန်းမှာဖြစ်စေ လူမှုပတ်ဝန်းကျင်တွင် ဆက်ဆံနေထိုင် ရသူတိုင်း ချီးမွမ်းခြင်းနှင့် ကဲ့ရဲ့ခြင်း တို့ကို ခံခဲ့ရ ဖူးသူတိုင်း ပင်ဖြစ်သည်။ သို့သော် ယနေ့ လူမှုပတ်ဝန်းကျင်တွင် ချီးမွမ်းခြင်းက နည်း၍ ကဲ့ရဲ့ခြင်းကသာ ပိုများနေသည်ကို တွေ့ရှိရပါသည်။ လူတို့သည် အများအားဖြင့် သူတစ်ပါး၏ မကောင်း ကွက်ကို မြိန်ရေ ယှက်ရေ ပြောဆို ကဲ့ရဲ့ဖို့ရာ လွယ်ကူ သလောက် သူတစ်ပါး၏ ကောင်းကွက်ကို ပြောဆိုချီးမွမ်း ဖို့ရာကား အင်မတန် ၀န်လေးတတ် ကြပါသည်။ မကောင်းမြင်စိတ်၊ အပျက်စိတ်၊ အပြုသဘောမဆောင်သော အတွေး အခေါ် (Negative Sharing) များကိုသာ မျှဝေနေကြ သူများပါသည်။ ထိုသို့သော သူများသည် အပျက် သဘောဆောင်သည့် ၀န်းကျင်ကြီး (Negative Surrounding) ကို ဖန်တီးကြသူများ ပင်ဖြစ်ပါသည်။

ကဲ့ရဲ့သည်၊ ပြစ်တင်သည်၊ ရှုတ်ချသည်၊ အတင်းပြောသည် ဆိုသည့် အရာများသည် သဘောထားသေးသိမ် သူတို့၏ အလုပ်ပင်ဖြစ်ပါသည်။ ကဲ့ရဲ့ သည်ဆိုသည်မှာ သူတစ်ပါး၏ မကောင်းကွက်ကို ပြော ဆိုခြင်းဖြစ် ပါသည်။ အတင်းပြောသည်ဆိုသည်မှာ သူတစ်ပါး၏ ချို့ယွင်းချက်၊ မကောင်းကွက်များကို ထိုသူ၏နောက် ကွယ်တွင် အခြားတစ်ယောက်အား တင်ပြပြောဆိုခြင်း ဖြစ်ပါသည်။ အချို့သည် သူတစ်ပါး၏ မကောင်းကြောင်းကို အာပေါင်အာရင်း သန်သန်ပြောရမှ စားဝင်အိပ်ပျော်သူများ ရှိပါသည်။ ကဲ့ရဲ့ခြင်း၊ ပြစ် တင် ရှုတ်ချခြင်းနှင့် သူတစ်ပါးအတင်းပြောခြင်းတို့သည် နှုတ်ဖြင့် ဒုစရိုက်အလုပ်ကို အားရပါးရကျူး လွန်နေခြင်းပင် ဖြစ်သည်။ ထို့အပြင် သူတစ်ပါးအား ပြစ်တင် ကဲ့ရဲ့အတင်းပြောသူများသည် မိမိစကားလုံး၊ မိမိပါးစပ်ဖြင့် မကောင်းမှု (အကုသိုလ်) များအား ၀ယ်ယူ စုဆောင်းနေသူများနှင့်လည်း တူပါသည်။

အတင်းပြောခြင်းဖြင့် မည်သည့်ကောင်းကျိုးမှ မဖြစ်ထွန်းနိုင်ပါ။ သူတစ်ပါး အတင်းပြောသူ၊ နားထောင်သူနှင့် အတင်းပြောခံရသူ မည်သူ့အတွက်မှ အကျိုးမရှိပါ။ သူတစ်ပါး မကောင်းကြောင်း အတင်းကို ပြောမည့် သူသည် နှုတ်က ထုတ်မပြောမီ ထိုသူ၏မကောင်းကွက်များကို စိတ်တွင်ကြံတွေး အာရုံ ပြုရပါသည်။ ထိုသို့ ပြုလုပ်နေခြင်းသည် အကုသိုလ်တွေသာ ရရှိ၍ မိမိအချိန်ကို အလဟဿဖြုန်းတီးနေခြင်းသာဖြစ်ပါသည်။ ထိုမျှမကသေး - နားထောင် နေရသူ၏ တန်ဖိုးရှိသော အချိန်ကိုပါ မိမိ၏ အကုသိုလ်စိတ်ဖြင့် ဖြုန်း တီးရာ ရောက်ပါသည်။

သူတစ်ပါးအကြောင်း ကဲ့ရဲ့အတင်းပြောသူသည် မိမိ၏ စိတ်နှလုံးကို ပူလောင်စေရုံသာမက သူတစ်ပါးကိုပါ ပူလောင်မှုရရှိအောင် မီးရှို့သူ ဖြစ်ပါသည်။ အပြောခံရသူက တစ်နည်းနည်းဖြင့် ပြန်လည်သိရှိ သွားပါ ကလည်း ထိုအပြောခံရသူကို ထပ်မံပူလောင်စေပြန်၏။ ထို့ကြောင့် အတင်းပြောသူများသည် အပူ တရားသောကများကို လိုက်လံမျှဝေပေးနေသူ များဖြစ်ပါသဖြင့် အထူး သတိထားစေလိုပါသည်။ ထိုသူများ သည် လူမှုပတ်ဝန်းကျင်တွင် ချစ်ခင် သူနည်းပါးသည်ကိုတွေ့နိုင်ပါသည်။ မည်သူမျှလည်း အပေါင်းအသင်း လုပ်လို ကြမည်မဟုတ်ပါ။ ထိုသူများကို မည်သို့သိရှိနိုင်မည်နည်း။ အဓိက သတိထားနိုင်စေမည့် အချက်နှစ်ချက်ရှိပါသည်။

(၁) သူများ၏ မကောင်းကြောင်း (အတင်းအဖျင်း ကဲ့ရဲ့ခြင်း) ကို မမေးဘဲနှင့် ပြောတတ်ပြီး၊ မေးလျှင်လည်း ချဲ့ကား၍ ပြောတတ်ခြင်း။

(၂) သူများ၏ ကောင်းကြောင်း (ဂုဏ်ကျေးဇူးချီးမွမ်းခြင်း) ကို မမေးလျှင် မပြော၊ မေးလျှင်လည်း လျော့ပေါ့ ထိန်ချန်၍ ပြောတတ်ခြင်းတို့ ဖြစ်ပါသည်။

အသင်းအဖွဲ့နှင့် လုပ်ရသော လုပ်ငန်းခွင် အဖွဲ့အစည်းတိုင်းအတွက် ထိုသူများသည် အန္တရာယ်ရှိနိုင်ပါ သည်။ ကောင်းသည့် သဘောထားဖြစ်စေ၊ ဆိုးသည့်သဘောထားဖြစ်စေ အဖွဲ့အစည်းတစ်ခုအပေါ် များစွာ အကျိုးသက် ရောက်မှုရှိစေပါသည်။ ပိုဆိုးတာက ဆိုးသည့်သဘောထား (Negative Attitudes) များသည် အဖွဲ့အစည်းအတွင်း ကူးစက်မှု လျင်မြန်လှပါသည်။ ထိုအချက်ကို လုပ်ငန်းခွင်အဖွဲ့အစည်းများတွင် ဦးဆောင်နေသည့် ခေါင်းဆောင်များသည် ကောင်းစွာ သတိထားရမည်။ မိမိအဖွဲ့အစည်းအတွင်း မကောင်း သည့်အတွေးအခေါ် (Negative Thinking)၏ လွှမ်းမိုးမှုများ မဖြစ်ပေါ်အောင် ထိန်းချုပ်ကွပ်ကဲရ မည်။ ပြန့်ပွားခြင်း မရှိအောင်လည်း ကာကွယ်နိုင်ရမည်။

ခေါင်းဆောင်များအနေဖြင့် အဖျက်သဘောထားများ၏ နေရာတွင် အပြုသဘောထားများ၊ အကောင်းမြင် စိတ်များနှင့် တစ်ချိန်လုံး အစားထိုးရန် တာဝန်ရှိသည်။ ကဲ့ရဲ့ခြင်း၊ ပြစ်တင်ရှုတ်ချခြင်း၊ အတင်းပြောခြင်း စသည့် အဖျက်သဘောထားများအစား ချီးမွမ်းခြင်း၊ အသိအမှတ်ပြုခြင်း၊ အားပေး ချီးမြှင့်ခြင်းများနှင့်သာ အစားထိုးနိုင်မည်ဆိုပါက အောင်မြင်သော အပြု သဘောဆောင်သည့် ၀န်းကျင်ကြီးတစ်ခု (Positive Surrounding) ကို ဖန်တီး နိုင်မည် ဖြစ်ပါသည်။

ကမ္ဘာကျော်လူမှုဆက်ဆံရေးပါရဂူကြီး ဒေးလ်ကာနက်ဂျီက ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းတို့နှင့်ပတ်သက်၍ ““တိရိစ္ဆာန်များကိုပြောင်းလဲအောင် သုံးသည့်နည်း များကို လူအများအတွက် အဘယ်ကြောင့် မသုံးကြပါ သနည်း”” ဟု မေးဖူး ပါသည်။ တိရိစ္ဆာန်များကိုပြောင်းလဲအောင် လေ့ကျင့်ပေးရာတွင် တုတ်အစား အစား အသောက်ကို သုံးကြပါသည်။ လူအများနှင့် ပေါင်းသင်းဆက်ဆံရေး တိုးတက်ကောင်းမွန်လာစေဖို့အတွက် ကဲ့ရဲ့ရှုတ်ချ ပြစ်တင်နေမည့်အစား ချီးမွမ်းအသိအမှတ်ပြုပေးခြင်းကို သုံးရမည်ဖြစ်ပါသည်။ ချီးမွမ်းအသိ အမှတ်ပြု ပေးခြင်းအားဖြင့် အခြားသူများအား တိုးတက်သည်ထက် တိုးတက်အောင် လုပ်ဆောင် လိုစိတ် များဖြစ်ပေါ်စေသည်ဟု ဒေးလ်ကာနက်ဂျီက ပြောခဲ့ပါသည်။

မှန်ပါသည်။ လူအယောက်စီတိုင်းသည် မိမိကို ပြစ်တင်ကဲ့ရဲ့ခြင်းထက် ချီးမွမ်း အသိအမှတ်ပြုခြင်းကို ပိုမို လိုလား ကြပါသည်။ လူအများ အလိုချင်ဆုံး သောအရာများထဲတွင် ချီးမွမ်းခြင်း ပါဝင်၏။ ကဲ့ရဲ့ ပြစ်တင်ခြင်း ကိုမူ မည်သူမှ လိုချင်နှစ်သက်ကြမည် မဟုတ်ပါ။ အခါးရည်တစ်ခွက်ထက် ပျားရည် တစ်စက်က ယင်ကောင်များစွာကို ပိုမိုဆွဲဆောင်နိုင်ပါသည်။ လူအများအလိုရှိသော အရာကိုပေးနိုင်သောသူထံ လူ အများ လာရောက်စုဝေးလေ့ရှိကြပါသည်။ ဤအချက်ကို သိရှိထားလျှင် မိတ်ဆွေသူငယ်ချင်းများ ပိုမိုတိုးပွား လာမည် ဖြစ်ပါသည်။

ထို့ကြောင့် လုပ်ငန်းခွင်မှာဖြစ်စေ၊ လူမှုအသိုင်းအ၀ိုင်း ၀န်းကျင်တွင်ဖြစ်စေ အောင်မြင်မှုကြီးကြီးမားမားကို ရရှိလိုလျှင် မိမိပတ်ဝန်းကျင်မှ လူများအား တတ်နိုင်သလောက် အကောင်းမြင်စိတ်နှင့် ကြည့်ပြီး ချီးမွမ်းတတ် သည့် အလေ့အထကို မွေးမြူရမည် ဖြစ်ပါသည်။ ထိုသို့ ပြုလုပ်နိုင်မည်ဆိုပါက လူချစ်လူခင် ပေါများလာစေပြီး သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ် အသီးသီးတိုင်းတွင် ကြီးမားသော အောင်မြင်မှုကို ရရှိနိုင်မည်မှာ မလွဲ ဧကန်ဖြစ်ပါသည်။

Let's Fly Together!

ဖူးကျော်ဇင် (Future Wave)
JOB seekers Journal, Vol.3, No.43
-------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...