မုန်လာဥနီသုပ်

ဟင်းလျာ၏ အစိုဓာတ်ကို ထိန်းပေးရန်၊ ရောင်စုံခြယ် လှပရန်၊ မုန်လာဥနီရဲ့ သဘာဝ အချိုဓာတ်က အသုပ် ရဲ့ အရသာကို အားဖြည့်စေရန် စသည်တို့ အတွက် ယိုးဒယား သင်္ဘောသီးထောင်း၊ မာလာ ဟင်း၊ သခွားသီး သုပ်၊ မုန်ညင်းချဉ်သုပ်၊ ပဲကြာဇံသုပ်၊ ထမင်းသုပ်၊ ငါးခူ မွကြော်သုပ်၊ စတဲ့ အသုပ် ဟင်းလျာတို့ မှာ မုန်လာဥနီ ကို ခြစ်ထဲ့ပြီးတော့ သုပ်ကြတာပါ။ အသားနဲ့ ပင်လယ်စာ သုပ်တွေမှာလဲ ကြိုက်တတ်ရင် ထဲ့သုပ်လေ့ ရှိကြတာပါဘဲ။
အသုပ်ဟင်းလျားများမှာ ဆီနဲနဲသာပါခြင်း၊ ဟင်းသီးဟင်းရွက်သစ်သီးတွေက အမျှင် ဓာတ်ရရှိခြင်း၊ အစာ စားချင်စိတ်ကို အာသာပြေစေပြီး ကိုယ်အလေးချိန် မတိုးပွားစေခြင်းတို့ ကြောင့် ကျန်းမာရေး နဲ့ ညီညွတ် လို့  ကမ္ဘာ့ နိုင်ငံအသီးသီးမှာ ကျန်းမာရေးအမြင်ရှိသူတိုင်း အသုပ်ကိုဟင်းလျာ (သို့ မ ဟုတ်) အဆာပြေ သွားရည်စာအဖြစ် နေ့ စဉ်သုံး အစားအစာ မီနူးဆွဲကာ စားသုံးလျှက်ရှိကြပါတယ်။ ထမင်းဝိုင်းမှာ ချဉ်/ငန်/စပ် အသုပ်တစ်ခုခုပါရင် ထမင်းပွဲစိုပြည်စေပြီး၊ ခံတွင်းလည်း လိုက်စေတာမို့ ၊ ကျွန်မတို့ မြန်မာ လူမျိုးများ အသုပ်ကိုအရံဟင်းလျာအဖြစ် စားလေ့ရှိကြပါတယ်။

လူအချို့ က ဥနီရဲ့  အနံ့ ကို မခံနိုင်လို့ ၊ ၄င်းကို အပူပေး ချက်ပြုတ်စားပေမယ့်၊ အသုပ်သုပ်စားလေ့တော့ မရှိကြပါဘူး။ ဒီ့အတွက်မပူပါနဲ့ ။ မုန်လာဥနီ ကိုခြစ်ပြီး ဆားရည်မှာ ခဏစိမ်ပွတ်ဆေးပေး လိုက်ရင် အနံ့ ပျောက်စေပါတယ်။ ပြီးရင် ကြက်သွန်ဖြူ/နီ၊ နနွင်း အနည်းငယ်ထည့် ဆီသတ်၊ မြေပဲလှော်ကို အခွံ ဖယ်ထောင်းပြီး၊ အဲဒါတွေအားလုံးကို မုန်လာဥခြစ်ထဲရောထည့်ပါမယ်။ အရသာမှုန့် ၊ ပုစွန်ခြောက် မှုန့် ၊ ငံပြာရည် နှင့် ဆားအနဲငယ်၊ သံပုရာသီး ညှစ်ထည့်ပြီး၊ ငရုပ်သီးစိမ်း ပါးပါးလှီး၊ နံနံပင်ကိုလှီး၍ အပေါ် က ဖြူးလိုက်ပြီး နောက်မှာတော့၊ အနံ့  အရသာနဲ့ ပြည့်စုံတဲ့ မုန်လာဥနီ သုပ်ဖြစ်ပြီပေါ့။ အစပ်ကြိုက်သူများ၊ ကြက်သွန်ဖြူလေး ကိုက်ဝါး၍၊ ငရုပ်သီးလှော် မှုန့်ပါ ထဲ့စားနိုင်ပါတယ်။


(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)
promise.pauk
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...