Critical Thinking

Written by တင်ညွန့်

Critical Thinking ဆိုတာ အတွေးအခေါ် ပညာ ရှင်ကြီး ဆိုကရေးတီး နည်းလမ်း လို့ပြော ကြတယ်။ ဘီစီ ၄၀၀ ၀န်းကျင်က အတွေး အခေါ်တွေ လို့ ပြော ရပေမယ့် ခုထိခေတ်မီတယ်။ သူ့အတွေးအမြင်တွေ ဟာ ကြောက်စရာ ကောင်းလောက်အောင် စွမ်း အား ကြီးတယ်။ သူတွေးလိုက်သမျှ၊ ပုံဖော်ပေးလိုက် သမျှ Critical Thinking လို့ လည်းပြောနိုင်သပေါ့။

ဆိုကရေးတီး သင်နည်းက သူ့ထံကိုလာပြီး ပညာယူသူတွေကို မေးခွန်းတွေမေးပြီး သုံးသပ်ခိုင်းတယ်။ သူက ဘယ်တော့မှ အဖြေမပေးဘူး။ ဆင့်ကဲမေးခွန်းတွေနဲ့ အကြောင်းအရာ တစ်ခုကို ပုံဖော်ပြီး တည်ဆောက်သွား တယ်။ တပည့်တွေရဲ့ အဖြေတိုင်းအတွက် ဆင့်ကဲမေးခွန်းတွေ ရှိနေတယ်။ ဘာမှ ပုံသေမရှိဘူး။ ဆင့်ကဲ အဖြေ ရှာသွားလို့ရတယ်။ အမှန်တရား တစ်ခုဆီရောက်အောင် Critical Thinking လုပ်သွားကြရမယ်လို့ သူက လက်တွေ့နည်းနဲ့ သင်တယ်။ ဆိုကရေးတီး method ကတော့

- ဦးတည်ချက် တစ်ခုရှိအောင် လုပ်တယ်

- မေးခွန်းတွေထုတ်တယ်၊ ထုတ်လိုက်တဲ့ မေးခွန်းတိုင်းကို အားလုံးစဉ်းစားနိုင်တယ်

- အဲဒီ မေးခွန်းနဲ့ ပတ်သက်တဲ့ အချက်အလက်ဒေတာတွေကို ဖြန့်ပေးတယ်

- ရလာတဲ့ အချက်အလက်တွေကို ပိုင်းဖြတ် သုံးသပ်ခိုင်းတယ်

- အဓိကကျတာကို ဆွဲထုတ်တယ်

- အဲဒီအချက်ကို ဘာကြောင့် လက်ခံ သင့်တယ်ဆိုတာ သုံးသပ်တယ်

- နိဂုံးဆွဲ အဖြေထုတ်တယ်

ဗုဒ္ဓဟာ ဘီစီ ၅၉၄ ခန့်မှာ အလွန်ထင်ရှားတဲ့ အတွေးအခေါ်တွေကို ထုတ်ဖော်ပြသ ဆိုဆုံးမနေပြီ။ ဗုဒ္ဓပေါ်ထွန်း ချိန်ဟာ ခရစ်တော်ထက် နှစ်ပေါင်း ၆၀၀ ကျော်စောတယ်။ ဗုဒ္ဓဟာ သူ့ခေတ်က အစဉ်အလာ အတွေးအခေါ် အယူအဆတွေကို တွန်းလှန်ခဲ့တဲ့ တကယ့် Critical Thinker လို့ပြောနိုင်တယ်။

Critical Thinking ဆိုတာက ဆန်းစစ်ဝေဖန်နိုင်တဲ့ အတွေးအမြင်တစ်ခုပဲ။ ဘာပဲဖြစ်ဖြစ် ကြောင်းကျိုး ဆင်ခြင်ပြီးတော့ ဝေဖန်ပိုင်းဖြတ်နိုင်မှ Critical Thinking ဖြစ်တာ။ ဗုဒ္ဓက

- သတင်းစကားကို ကြားရုံမျှဖြင့် နားမယောင်နှင့်

- အစဉ်အလာဖြစ်ပေသည် ဟူ၍လည်း လက်မခံနှင့်

- လူပြော သူပြော တဆင့် စကားကိုလည်း မယုံလေနှင့်

- ဘာသာရေး ကျမ်းကြီးများကို ကိုးကားပြော၍လည်း မှန်လှပြီ မထင်လေနှင့်

- တက္ကနည်းနှင့် ဆင်ခြင်ကြံဆ ယူရုံမျှကိုလည်း နားမယောင်လေနှင့်

- ပုံပန်းအမြင် သဏ္ဍန်ကြည့်၍လည်း မဆုံးဖြတ်နှင့်

- ရော်ရမ်းမှန်းဆ ယူရသော သဘောထင်မြင် ချက်ကိုလည်း အမှန်ဟု အမှတ်မယူနှင့်

- ဖြစ်နိုင်ကောင်း၏ဟု ထင်မြင်ရရုံဖြင့်လည်း မယုံကြည် လေနှင့်

- အသင်တို့ ကိုးကွယ်ဆည်းကပ်ရာ ဆရာသမားဖြစ်ပေသည် ဟူသော သဘောကြောင့်လည်း မှန်လှပြီဟု တထစ်ချ မမှတ်ကြလေနှင့် လို့မိန့်ကြားခဲ့ပါတယ်။

အထက်က မိန့်ကြားချက်တွေကိုဆင်ခြင်ကြည့်ရင် ဗုဒ္ဓကလည်း Critical Thinking သဘောတရားတွေကို သူ့ခေတ်မှာ ဖော်ထုတ်ခဲ့သူလို့ဆိုနိုင်တယ်။

ဗုဒ္ဓရဲ့ အတွေးအခေါ်တွေရော၊ ဆိုကရေးတီးရဲ့ အတွေးအခေါ်တွေရော ဘာကြောင့် ယနေ့တိုင် ခေတ် မီ နေရတယ်ဆိုတာ ပြန်ပြီးစဉ်းစားဆင်ခြင်နိုင်အောင်ပါ။

၆.၄.၂၀၁၅
မောက္ခပညာရေးမဂ္ဂဇင်း
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...