ခြင်အန္တရာယ် သက်ရောက်မှု

ခုတလော ခြင်ဆေးခွေတွေ ရဲ့အန္တရာယ်ကို စာနယ်ဇင်းတွေ က ထောက်ပြနေ ပါတယ်။ ခြင်ဆေး ခွေ သုံးစွဲရခြင်းကို ပြောပြပါဆရာ။ အဓိကကတော့ ခြင်ကြောင့် ခြင် ဆေးခွေ သုံးစွဲတယ်ဆိုရင် ခင်ဗျား ရယ်ချင် မှာပဲ။ အမှန်ကတော့ ကျွန် တော်တို့မှာ ခြင်အန္တရာယ်က အင် မတန်ကြီးမားတယ်။ မိုးဦးကျ ရောက်လာရင် ကလေးတွေ ဟာ သွေး လွန်တုပ်ကွေးဖြစ်တာ ကြားဖူး ကြမှာပါ။ ဒါဟာခြင် ကျားကြောင့် ပဲ။ သွေးလွန် တုပ်ကွေးဖြစ်တဲ့အခါ ကလေးရဲ့ အသက်ရှင်ဖို့ လမ်းဟာ ၅ဝ/၅ဝ ပါပဲ။ မိဘတွေအင်မ တန်မှ ပူဆွေးရ တယ်။

အချို့ခြင်က ငှက်ဖျားဖြစ် စေတယ်။ ဒါလည်း လူသေစေတယ်။ ကျွန်တော်တို့ မော်လမြိုင် ကောလိပ်မှာ တာဝန်ထမ်းစဉ်က ဆိုရင် တောင်ဝိုင်းကဒူရင်းခြံ၊ မင်း ကွတ်ခြံ၊ ကြက်မောက်ခြံတွေမှာနေ တဲ့ ခြံလုပ် သားတွေဟာ ငှက်ဖျား ဖြစ်လေ့ရှိတယ်။ သူနဲ့ နီးတဲ့မော်လမြိုင်ကောလိပ်မှာဆိုရင်လည်း ငှက်ဖျားတွေဖြစ် တယ်။ ငှက်ဖျားပိုး ဦးနှောက်ထဲရောက်သွားရင်တော့ သေတာပါ ပဲ။ တောင်ဝိုင်း ခြံတွေကို လေ့လာကြည့် တဲ့အခါ မသေဆုံး ဖူးတဲ့ ခြံဆိုလို့ တစ်ခြံမှမရှိပါဘူး။

ကျွန်တော်တို့ မိသားစုဟာ မော်လမြိုင်ကောလိပ်ဝင်းထဲမှာနေတာ ၁၂ နှစ်ကျော်ကြာခဲ့တယ်။

မော်လမြိုင်မှာနေမလား။ ရန်ကုန် ပြောင်းမလားဆိုတာကို ဆုံးဖြတ်ရတော့မယ့်အချိန်မှာ ကျွန်တော်တို့ ရန်ကုန်ကိုပြောင်းခဲ့ကြ တယ်။ ၁၉၈၄ ခုနှစ်ကပါပဲ။ တောမှာခြင် တွေကြောင့်ဖြစ်ပွားတဲ့ ငှက်ဖျား ကြောက် လို့ ရန်ကုန်ပြောင်းခဲ့တဲ့ ကျွန်တော်တို့မှာ ရန်ကုန်ရောက် တော့ ခြင်ကြောင့်ပဲ ဒုက္ခရောက်ခဲ့ ပါတယ်။ ကျွန်တော့်သားလေး ရှစ် နှစ်သားဟာ ခြင်ကျားအကိုက်ခံရ ပြီး သွေးလွန် တုပ်ကွေးဖြစ်ခဲ့ပါ တယ်။ ကလေးဆေးရုံမှာ ကျွန် တော်ဇနီးသွားစောင့်ရပါတယ်။

သွေးလွန်တုပ်ကွေးဖြစ်တဲ့ ကလေးတွေအများကြီးပေါ့။ ခေါင်း ရင်းမှာတစ်ယောက်၊ ခြေရင်း မှာ တစ်ယောက်၊ ခုတင်လေးတွေ နဲ့၊ ဟယ်လပင်လမ်း (ပြည်ထောင်စု ရိပ်သာလမ်း)က ကလေးဆေးရုံမှာ ပါ။ တော်ကြာခေါင်းရင်းက က လေးသေသွားပြန်ပြီ၊ ခြေရင်းက ကလေးသေသွားပြန်ပြီနဲ့ ဇနီး သည်က ကြိတ်ငိုတာပေါ့။ ဘုရား စာတွေဆို၊ ဘုရားအာရုံပြုပဲလုပ် နိုင်တယ်။ ကံအားလျော်စွာပဲ မြန် မာ့ရုပ်မြင် သံကြားအဖွဲ့က ဆေးရုံကိုလာပြီး ခြင်အန္တရာယ်ကြောင်းရိုက်မယ်တဲ့။ ကျွန်တော့်ဇနီးနဲ့ သားလေးအခြေ အနေကို မြင် တော့ သူတို့ ရိုက်မယ်လို့ပြောတယ်။ သူတို့ရိုက်တော့ (အဲဒီခေတ်က ရှား ပါးလှတဲ့) သကြားရည် Glucose Drip တွေ တစ်ပုလင်းပြီး တစ်ပုလင်း ချိတ်တော့တာပါပဲ။ TV ရိုက်တာသိတဲ့အတိုင်း ကင်မရာချိန်၊ မိုက်ချိန်နဲ့ အတော်ကြာတယ်။ Drip တွေ ချိတ်ခံရ တဲ့ သားလေး ဟာ တဖြည်းဖြည်းလန်းလာ တယ်။ တီဗီရိုက်သူတွေက သားလေးကို ကြည့်ကာ ''ဒုက္ခပါပဲ'' လို့ညည်း ကြပါတယ်။

''ဘာဖြစ်လို့လဲ''

''ဒီကလေးကော်ဖီရောင် တွေမအန်တော့ဘူး''

ကော်ဖီရောင်အန်တာက တော့ သွေးနီဥတွေကြေပျက်ပြီး အန်တာ။ ခုသွေးနီဥတွေမကြေမ ပျက်တော့ အခြေအနေကောင်းပြီ ပေါ့။ ကျွန်တော်တို့အတွက် အဆင်ပြေပေမယ့် တီဗီရိုက်သူတွေ အ တွက်တော့ ပြကွက်ကအဆင်မ ပြေဘူး။ ''ဒီလိုလုပ်ကွာ'' ဟုဆိုပြီး တစ်ယောက်က အကြံပေးတယ်။ ဒါနဲ့ တစ်ယောက်ကို အပြင်က ကော်ဖီသွားဝယ်ခိုင်းတယ်။ ''သား ရေ၊ ကော်ဖီငုံပြီး အံပြ'' သားလေး က ကော်ဖီ ငုံကာ အန်ပြတယ်။ ''ညိုမည်းနေတာပဲ'' အန်တဲ့အရည် ညို မည်းနေတာကို သူတို့သဘော ကျသွားတယ်။ သားရဲ့အမေကို အင်တာဗျူးလုပ်တယ်။ ဒါနဲ့မိုးချုပ် သွားတယ်။ နောက်နေ့သားကောင်း သွားပြီး ဆေးရုံ ဆင်းရတော့တယ်။ ဒါကြောင့် ကျွန်တော်ဆိုရင် မြန်မာ့ရုပ်သံကို အရမ်းကျေးဇူးတင်တယ်။ ကျောင်း သင်ခန်းစာတွေကိုလည်း အများကြီးရိုက်ခဲ့တယ်။ တီဗီ မှာပါ တဲ့ မြန်မာစာမြန်မာစကားအတွက် ဇာတ်လမ်း ကိုလည်း ရေး ပေးခဲ့တယ်။ နောက်ပိုင်း MRTV 4 မှာ Sunday Talk တို့ Intellectual Talk တို့မှာလည်း ပါဝင်ဆောင်ရွက်ပေးခဲ့တယ်။ Readers Channel မှာလည်း ပါဝင်ဆောင် ရွက်ပေးနေပါတယ်။ တစ်ဦး တည်းသောသားခြင်ကိုက်လို့ သွေးလွန် တုပ်ကွေးဖြစ်တယ်။ ဒါကိုကယ် လိုက်တာ ကတော့ မြန်မာ့ အသံနဲ့ရုပ်မြင်သံကြားလို့ ယုံကြည် ခဲ့ တယ်။ ကျေးဇူးကြီးပါတယ်။

သွေးလွန်တုပ်ကွေးနဲ့အ တူ ကျွန်တော်တို့ ငယ်ငယ်က တည်း က သတိပြုမိတာကတော့ ဆင်ခြေ ထောက်ရောဂါပါပဲ။ အထူးသဖြင့် ရန်ကုန်မှာနေထိုင်တဲ့ ဟိန္ဒူကုလား အတော်များများ ဆင်ခြေထောက် ဖြစ်တာကို တွေ့ရတယ်။ သူတို့မှာ ဒီရောဂါဖြစ်တာ က ခြေထောက် တင်မကပါဘူး။ လိင်အင်္ဂါဖြစ်တဲ့ ဝှေးစေ့မှာလည်း ဖြစ်တယ်။ တစ် ချိန်က ရန်ကုန်ခြင်ဟာ နာမည်ကြီး လှတယ်။ ဒီခြင်တွေ က ဆင်ခြေ ထောက်ရောဂါ ဖြစ်စေတယ်။ ယနေ့ ဆင်ခြေထောက်ကာကွယ်ဖို့ ဆေးရှိလာလို့ လူတွေ သက်သာရာ ရပါ တယ်။ ခြင်အန္တရာယ်ကာကွယ်ဖို့ ခြင်ရဲ့သဘာဝကို သိဖို့လိုပါတယ်။ ခြင်ဟာ သွေးပေါ် မှီခိုနေ တယ်။ ရေမှာပေါက် ဖွား တယ်။ ရောဂါ ကူး စက်စေတယ်။ အာဖရိကနဲ့ တောင်အမေရိက တိုက်မှာ တော့ ခြင်ကြောင့် ဖြစ်တဲ့ Yellow Fever ဟာ ဆိုးပါတယ်။ အမှန် က တော့ ခြင်နဲ့ လူဟာ ကမ္ဘာဦးအစ ကတည်းက ရန်ဖက်ဖြစ်ခဲ့တာပါ။ ခြင်ဟာ အင်မတန်အေးတဲ့ ဝင်ရိုး စွန်းကနေ အင်မတန် ပူတဲ့ သဲကန္တာရ ထဲမှာအထိရှိတယ်။ လူသားတွေက ယနေ့ကအထိ ခြင် ကိုမနိုင်သေးဘူး။ ငှက်ဖျားရောဂါ ကို အပြီးမတိုက် နိုင်သေး ပါဘူး။

ဒီအတွက် ခြင်ဆေးခွေတွေကို သုံးတာပေါ့နော်ဆရာ၊ ကမ္ဘာမှာ ခြင်ဆေးခွေ အများဆုံး သုံးတဲ့ အရပ်တွေက ဘယ်အရပ်တွေမှာ လဲဆရာ

ဘယ်အရပ်တွေမှာ သုံး လဲဆိုတော့ တောင်အမေရိက တိုက်၊ အာရှတိုက်နဲ့ အာဖရိက တိုက်တို့မှာ သုံးပါ တယ်။ ကျွန် တော်တို့ အာရှတိုက်ဆိုရင် ဂျပန်လိုဖွံ့ဖြိုးပြီးနိုင်ငံမှာတောင် ခြင် ဆေးခွေတွေ သုံးနေပါသေး တယ်။ ခြင်ဆေးတွေ ဖျန်းတာထက် ခြင် ဆေးခွေ ဟာ ခြင်ကိုက်တာကို သက်သာစေတယ်လို့ အများကယူ ဆတယ်။

ခြင်ဆေးခွေတွေဟာ အန္တရာယ် ရှိတယ်ဆိုရင် သူ့ထဲမှာ ဘာတွေ ပါလဲဆရာ။

Polycyclic aromatic hydrocarbons (PAHs) တွေပါတယ်။ aldehydes တွေပါတယ်၊ Ketones တွေပါ တာပေါ့။ ဒါ့အ ပြင် Particulate လို့ခေါ်တဲ့အင် မတန်သေးတဲ့ အမှုန်လေးတွေ လည်း ပါတယ်။ ဒါတွေဟာ ကျန်း မာရေးအခန်းထဲမှာ ထွန်းထားရင် ကျန်း မာရေး သတ်မှတ်တဲ့စံချိန်စံ ညွှန်းထက် ပိုဆိုးနေတာကိုတွေ့ရ တယ်။စမ်းသပ်ချက်အရ မလေး ရှားကလုပ်တဲ့ ခြင်ဆေးခွေဟာ တ ရုတ်ထက် လေထုညစ်ညမ်းမှုပိုများ တယ်။

ခြင်ဆေးခွေတွေကို ဘယ်နိုင်ငံ တွေက ထုတ်လုပ်လဲဆရာ။ ဘယ် နိုင်ငံက ပိုပြီးအန္တရာယ်ကြီးလဲ။

အာရှတိုက်ရဲ့ အဓိက လေးနိုင်ငံဖြစ်တဲ့ တရုတ်၊ မလေး ရှား၊ ထိုင်း၊ မြန်မာတို့က ထုတ်တယ်။ တကယ် တန်းပြောရရင် တရုတ်နိုင်ငံ က ခြင်ဆေးခွေဟာ မလေးရှားကထုတ်တဲ့ ခြင်ဆေးခွေ ထက်ကို အဆိပ်ပါ ဝင်မှုနည်း တယ်။ တစ်ယောက်ကတော့ သူတို့ ဟာ ဘာမဆိုအရည်အသွေးမပြည့် မီလို့ ဒီလိုဖြစ်တာပါ လို့ ပြစ်တင် သွားတယ်။

သူကဆက်ပြောပြတယ်။ ကျွန်တော်သူငယ်ချင်းတစ်ယောက် စိတ်ညစ်လို့ ကြွက်သတ်ဆေးဝယ် သောက် တယ်။ အဲဒီဆေးဟာ အ တုဖြစ်နေလို့ သူမသေခဲ့ပါဘူး။ ဒီလိုပဲ တရုတ်ခြင်ဆေးဟာလည်းလူတွေကို အန္တရာယ်မပြုဘူးရယ်လို့ ကြံဖန်ကျေးဇူး တင်နိုင်ပါ တယ်။

ခြင်ဆေးခွေတွေကို ဘာလို့အဓိကသုံးလဲ။

သူကလွယ်လွယ်ကူကူ ဝယ်လို့ရတယ်။ သုံးလို့လွယ်တယ်လေ။ မီးရှို့လိုက်ရင်ပြီးရော။နောက်ပြီး တွက် ခြေ ကိုက်တယ်။ တချို့ခြင်ဆေးခွေတွေဆိုရင် ၈ နာရီက နေ ၁၆ နာရီအထိခံတယ်။ သူတို့ဟာ ခြင်ကို ထိထိ ရောက်ရောက်ကာကွယ်နိုင်တယ်။ ဒါပေ မယ့် လူတွေအ တွက်တော့ အန္တရာယ်ရှိတာပေါ့။

ဘယ်လိုအန္တရာယ်တွေလည်း ဆရာ။

ခြင်ဆေးခွေသုံးရင် လတ်တလောကတော့ ချောင်းဆိုးရင်ကျပ်တာမျိုးဖြစ်တတ်တယ်။ ပန်းနာ ရောဂါစွဲ သူများ ပြဿနာတက်တယ်။ အဲဒီ အငွေ့ထဲမှာ အော်ဂဲနစ်ဒြပ်ပေါင်းများစွာပါတယ်။ ဒါတွေဟာ ကင်ဆာဖြစ်နိုင် တယ်လို့ သံသယရှိတဲ့ ဒြပ်ပေါင်းတွေပါပဲ။ မီးခိုးအမှုန် ကတော့ ခြင်ဆေးခွေ တစ်ခွေက ထွက်တဲ့မီးခိုးဟာ စီးကရက် ၇၅ လိပ်ကနေ ၁၃၇ လိပ်အထိ သောက်တဲ့အခါ ထွက်တဲ့ မီးခိုး ပမာဏနဲ့ တူတယ်။ နောက် တစ်ခု က ဖော်မလင် သို့မဟုတ် ဖော်မောဒီဟိုက် ပါ။ ကင်ဆာဖြစ်စေတဲ့ carcinogen ပါ။ ခြင်ဆေးခွေ တစ်ခွေထွန်း တဲ့အခါထွက်လာတဲ့ အဆိပ်ပမာဏဟာ စီးကရက်အလိပ် ၅ဝ သောက်တဲ့အခါ ထွက်တဲ့ ပမာပါပဲ။ ဒါဟာ ဆေး လိပ်သောက် သင့်တယ်လို့ ဆိုလိုတာမ ဟုတ်ပါဘူး။ ဆေးလိပ်မှာ အန္တရာယ်ကြီး တာကို ရုပ်မြင်သံ ကြားတွေ ရေဒီယိုတွေကနေ အများကြီးအသံလွှင့်နေကြ တယ်။ ဆေးလိပ် ထက် ခြင်ဆေးခွေ က အန္တရာယ်ကြီး တာကို လူတွေသိဖို့တော့လိုတယ်။

တောရွာတွေမှာ ခြင်ဆေးခွေကိုတော့ မရှိမဖြစ် သုံးနေကြတာကို ဆရာဘယ်လိုအကြံပြုချင်လဲ။

တကယ်တန်းသုံးမှဖြစ်မယ်ဆိုရင် လေဝင်လေထွက်ကောင်းတဲ့ နေရာတွေမှာသုံးပါ။ အလုံပိတ် အခန်းတွေမှာ မသုံးပါနဲ့လို့ အကြံပြုချင်ပါတယ်။ ဒီဓာတ် ငွေ့တွေဟာ လေထက်လေးပါတယ်။ ဒီအတွက် အချိန် ကြာလာတာနဲ့အမျှ အောက်ဘက်မှာ စုနေတတ် တယ်။ ဒါကြောင့်ကလေးတွေကို ကြမ်းပြင်မှာ မသိပ်ပါနဲ့။ လူကြီးတွေလည်း ဒီလိုပါပဲ။ ကွပ်ပစ်တို့ ခုတင်တို့နဲ့ အိပ်ပါ။

ခြင်ဆေးကထွက်လာတဲ့ အမှုန် Particulates တွေဟာလည်း ကင်ဆာရောဂါဖြစ်စေနိုင်တယ်။ ညဘက် အိပ်တော့မယ် ဆို ရင် ခြင်ဆေး ကို မီးသတ်ပြီး ခြင်ထောင်ထောင်ပြီး အိပ်တာအကောင်းဆုံးပါပဲ။ ကလေးတွေ ရဲ့ ကိုယ်ခန္ဓာအလေးချိန်ဟာ လူကြီးတွေ ထက်နည်းတဲ့အတွက် အဆိပ်သင့်တာကို ခံနိုင်ရည် မရှိတတ်ဘူး။ ခြင်ဆေးဆိပ်သင့်ထားတဲ့ ကလေးတွေရဲ့ ဦးနှောက်ဟာ ဖွံ့ဖြိုးမှု နည်းတာကို သတိပြုသင့် တယ်။

အကောင်းဆုံးနည်းရှိရင်ပြောပြပါ။

အကောင်းဆုံးကတော့ ပတ်ဝန်းကျင်ထိန်း သိမ်းစောင့်ရှောက်ပါ။ သန့်ရှင်းတဲ့အခါ ခြင်မလာ တတ်ပါဘူး။ အိမ်မှာရေထည့်ထားတဲ့ ခွက်တွေ၊ အိုး တွေဇလုံတွေကို ဖုံးထားပါ။ မိုးရွာပြီးရေဝပ်နိုင်တဲ့ အိုင် တွေမထားရှိ ပါနဲ့။ တာယာအဟောင်းတွေကို သတိထား ပြီး ရေတွေမဝပ်နိုင် မနေနိုင်အောင်ကြိုးစားဆောင် ရွက်ပါ လို့ ပြောချင်ပါတယ်။

ဒေါက်တာ ခင်မောင်ညို
ဈေးကွက်ဂျာနယ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...