တနင်္ဂနွေနေ့ဖွားတို့ ကံဇာတာ (၁၃၇၇ခုနှစ်)

သည်တစ်နှစ် မှာတော့ တနင်္ဂနွေဂြိုဟ်သည် မရဏဌာနမှာ ရပ်တည်နေ ပါတယ်။ တနည်း အားဖြင့်ကတော့ … သည်တစ်နှစ်အဖို့ တနင်္ဂနွေနေ့ တွင် ဖွားမြင်ထားသူ အားလုံး အဖို့ မရဏဌာနရဲ့ လွှမ်းမိုးမှု သက်ရောက်နေသော ကာလ လို့ ဆိုနိုင် ပါတယ်။

တော်တော်များများသော သူတွေကတော့ မရဏ ဆိုတာနဲ့ အသံကြားရုံဖြင့် ဟင်…ညံ့မှာလား ဆိုတဲ့ အတွေးမျိုး ၀င်လာတတ်ကြပါတယ်။ ဒီလိုဖြင့် တရားသေ မဟုတ်နိုင်ပါ။

ကောင်းပြီ …။ ဒီတစ်နှစ်အတွက် တနင်္ဂနွေနေ့ဖွားတို့ ကံဇာတာကို အနဲငယ် ချိန်ဆကြည့်ကြပါစို့။

တနင်္ဂနွေနေ့ဖွားများ အတွက် ၁၃၇၇ခုနှစ်ခုနှစ် ကံဇာတာ
==============================
သည်တစ်နှစ်မှာတော့ တနင်္ဂနွေနေ့ဖွားများအဖို့ …တာဝန်တွေ ပိုမိုလာတတ်ချိန်ပါ။ ကိုယ်လုပ်ထားခဲ့သော အတိတ်ကံအကြောင်းတရား တို့ရဲ့ အကျိုးဆက်များ …(ဘ၀မကူးပဲ) ဒီဘ၀မှာတင် အကျိုးပြန်လည် သက်ရောက်မှု ကြုံလာတတ်သော ကာလ လို့လည်း ဆိုနိုင်ပါတယ်။

ဆိုလိုသည်က အကြွေးမြီ ရှိခဲ့ရင် သည်တစ်နှစ်သည် ပြန်ဆပ်ရတတ်သော နှစ်ပါ။ ကိုယ်လုပ်ထားခဲ့ဖူးသော မကောင်းမှု (သို့) ကောင်းမှု အလိုက်.. ပြန်လည်ပြီး အသီးအပွင့်များ ဖူးပွင့်လာတတ်သော ကာလ ဆိုလည်း မမှားပါ။

သာမန်အားဖြင့် သတိထားမိမယ် ဆိုရင်တောင်…. သူတစ်ပါးကို ဆေးလိပ်သောက်လို့ မှိုချိုးမျှစ်ချိုး ဝေဖန်ခဲ့ ဖူးသော ကိုယ်ကိုယ်တိုင် ဆေးလိပ်ကလေး တစ်ဖွာနှစ်ဖွာ ကောက်စမ်းဖွာကြည့်ရာကနေ …အပြောအဆို ခံလိုက်ရတာမျိုးလည်း ကြုံရချင် ကြုံရသွားတတ်ပါတယ်။ ဆိုလိုသည်ကတော့ ကိုယ်ကိုယ်တိုင် နောင် တရစေလောက်သော …. ၀ဋ်လည်သကဲ့သို့ ဒဏ်ပြန်ခံရတတ်ခြင်းမျိုး သည်တစ်နှစ်မှာ တနင်္ဂနွေနေ့ ဖွားတွေအပေါ် ကျရောက်နေပါလိမ့်မယ်။ အနဲစုသော တနင်္ဂနွေ သားသမီးအချို့ အဖို့သာလျှင်….တစ်ချိန်က ကိုယ်လုပ်ခဲ့ဖူးသော ကောင်းမှုကုသိုလ်ကံ အကျိုးဆက် နဲ့ ပုံစံတူ ပြန်လည်ခံစားရတတ်ပါတယ်။ ( သြော်…. လူအများစု …မှာကလည်း မကောင်းတာနဲ့ ကောင်းတာနဲ့ ဆို မကောင်းတာကိုသာ ပိုမိုပြုလွယ်ကြတာ ကိုး…။)

သည်တစ်နှစ်ဟာ တနင်္ဂနွေနေ့ဖွားများအဖို့ …ဖြစ်နိုင်သမျှ သီးခံခြင်း နဲ့ စိတ်ရှည်ရှည်ထားနိုင်ခြင်းများ ရှိရမယ့် ကာလဖြစ်ပါတယ်။ နဂိုက မည်မျှပင်စိတ်မြန်သူ ဖြစ်နေစေကာမူ …ဒီတစ်နှစ်ထဲမှာ တော့ ….စိတ်ရှည် သီးခံပြီး အချိန်စောင့်ဆိုင်းတတ်ဖို့ မုချ လိုလာပါပြီ။ ဒါကြောင့် ….. သင်ဟာ တနင်္ဂနွေနေ့မှာ မွေးဖွားခဲ့သူ တစ်ယောက်ဖြစ်မယ်ဆိုရင် ……… သည်တစ်နှစ် အတွင်းဖြတ်သန်းနေစဉ်မှာ…

(က) အထူးစိတ်ရှည်ပါ။
(ခ) သီးခံပါ။
(ဂ) မာန်မာနကို လျှော့ချပြီး …သူတစ်ပါးတို့ကို ဖြစ်နိုင်သမျှ အရိုအသေ အသိအမှတ် ပြုတတ်အောင် ကြိုးစားပါ။

ကောင်းပြီ။ ….ကျန်တဲ့အချက်တွေကိုတော့ …အခန်းကဏ္ဍ နဲနဲဆီ ခွဲပြီး တင်ပြသွားပါမယ်။

(၁) စီးပွားရေး
========
ဒီတစ်နှစ် မိမိတို့ ရှာဖွေနေသမျှ အကျိုးစီးပွား ကဏ္ဍတွေမှာ အပြိုင်အဆိုင် အလွန်ပေါများပါမယ်။ ဘာပဲ လုပ်လုပ် ကိုယ့်ကို ပုခုံးချင်းလိုက်ပြီး ယှဉ်နေမယ့်သူ သိပ်ပေါများနေသလို ဖြစ်နေတတ်သော ကာလပါ။ ယုတ်စွအဆုံး …ခရီးသွားမလို့ လက်မှတ်ဖြတ်ရာမှာတောင် …လက်မှတ်တူ ခုံတူ ..ဖြစ်နေတတ်ခြင်း သို့မဟုတ်..နေရာလုနေရတတ်ခြင်းမျိုး ကြုံရတတ်သော ကာလပါပဲ။

အသက်မွေးဝမ်းကျောင်း လုပ်ငန်းများမှာလည်း ထို့အတူသာ မှတ်ရမယ့်ကာလ ဖြစ်ပါတယ်။ လုပ်ငန်းပြိုင် ဘက်တွေ ပေါ်လွယ်သောကာလ ဖြစ်သလို၊ ၀န်ထမ်းသမားတွေ အတွက်လည်း … ကိုယ့်ကို အတိုက်အခံ လုပ်နေမယ့် ပြိုင်ဘက်အချို့ ပေါ်လာတတ်သော ကာလ ဖြစ်ပါတယ်။

အရမ်းကြီး အနိုင်ကျင့်ခံနေရမယ် ဆိုရင်တော့ …အောက်ပါယတြာလေးကို ဆန္ဒရှိသူများ လေးနက်စွာ လုပ်ကြည့်နိုင်ကြပါတယ်။

အင်္ဂါထောင့်တွင် …ရေ (၁၅) ခွက်တိတိ ရေသပ္ပါယ်ပါ။ အနဲဆုံး တစ်ပတ်တစ်ခါ ပုံမှန်လုပ်ကြည့်ပါ။ အဆိုပါ အင်္ဂါထောင့်တွင်ပင်…မေတ္တာသုတ်တော်ကို (၁၅) ခေါက်တိတိ..ဖြေးဖြေးမှန်မှန် ရွတ်ဆိုပြီး ..အမျှဝေပါ။

(၂) လူမှုရေး
=========
အဆင်မသင့်ရင်….အလွန်ရင်းနှီးသောသူများ နဲ့သော်မှ….ရန်သူရန်ဘက်သဖွယ် ဖြစ်လာတတ်သော ကာလမို့ သတိထားရမယ့်ကာလပါ။ ကိုယ့်သွေးကိုယ့်သား ဆွေမျိုးသွေးသားများ နှင့်သော်လည်းကောင်း ..ရန်မီးပွားရကိန်းလည်း ရှိနေတာမို့…မေတ္တာနဲ့ အရာရာကို ဖြေရှင်းတတ်ပါမှ သင့်မယ့်ကာလဖြစ်ပါတယ်။ ထူးခြားတာတစ်ခုကတော့ အမျိုးသမီးအချို့ရဲ့ ရန်ပြုမှုကို ရင်ဆိုင်ရတတ်သော ကံဟာ …တနင်္ဂနွေနေ့ ဖွားတွေ အပေါ်မှာ ကျရောက်နေပါတယ်။ ဒီကံကို အချို့သော တနင်္ဂနွေနေ့ဖွားများအဖို့ …ကြီးကြီးမားမား ပိုမိုခံစားရပါလိမ့်မယ်။ အတ္တဟိတကို ရှေ့တန်းတင်လို့ မရနိုင်တဲ့ကာလဖြစ်ပြီး…ဖြစ်နိုင်သမျှ ပရဟိတ လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ခြင်းဖြင့် လူမှုရေးကဏ္ဍကို ထိမ်းညှိနိုင်ကြပါလိမ့်မယ်။

(၃) အချစ်ရေး
========
မရေရာတတ်သော ကာလပါ။ ချစ်သူရှိပြီးသူများ ကံမကောင်းရင် …ကိုယ့်ချစ်သူ သူများလက်ပါသွား တတ်သော ကာလလည်း ဖြစ်ပါတယ်။ ချစ်သူမရှိသေးသူများ အဖို့ …ခရီးသွားလာ ရင်း မေတ္တာရေး ပေါ်ပေါက် တတ်သော ကာလဖြစ်သလို…၊ ရေနဲ့နီးစပ်သော အရပ်ဒေသများမှာ မိမိတို့ရဲ့ မြှားနတ်မောင် …ပျော်မွေ့နေသော နှစ်တစ်နှစ်ဖြစ်ကြောင်း ကြိုတင်သိထားဖို့ လိုအပ်ပါလိမ့်မယ်။
ဘာပဲဖြစ်ဖြစ် မေတ္တာရေးကံ အားသာချက်ကလေးရလာနိုင်ဖို့အတွက် ….ရေထဲကို နံ့သာမွှေးမွှေးလေး ထည့်ပြီး ၊ (ရေမွှေးရ၏) ..ဘုရားမှာ ပူဇော် ဆုတောင်းနိုင်ပါတယ်။ ဘုရားစေတီ ပုထိုးများ ရောက်ချိန် မှာတော့ ….မိမိတို့ မေတ္တာရေးကံ အတွက် ဆုတောင်းလိုပါလျှင်…တနင်္လာထောင့်မှာ …သီးညွန့် (၂၁) ညွန့် ပူဇော်ပြီး ၊ ဆုတောင်းနိုင်သော နှစ်တစ်နှစ်ဖြစ်ပါတယ်။

ဒီတစ်နှစ်အတွင်းသာ ဖြစ်တယ်ဆိုတာကို သတိပြုပါ။

(၄) အိမ်ထောင်ရေး
===========
အမျိုးသားတွေအဖို့ ပိုမိုဂရုစိုက်ရမယ့် ကာလပါ။ အဆင်မသင့်ရင် ဇနီးဖြစ်သူနဲ့ နှောင်ဂျိမ်တွယ် ရတတ် ချိန် ဖြစ်ပြီး၊ အိမ်ပေါ်ကနေ ဆင်းသွားရမယ့်သူကတော့ မိမိပဲ ဖြစ်ပါလိမ့်မယ်။ သာမန်အားဖြင့်ကတော့ …. မိမိအိမ်သူက မိမိကို ..တော်လှန်လိုသော ဆန္ဒ အနဲနဲ့အများ ဖြစ်လာတတ်ချိန်လို့ မှတ်ယူနိုင်ပါတယ်။ ဗုဒ္ဓဟူးနေ့သည် မေတ္တာရေးကံကို …အားနဲစေနိုင်သော အကြောင်းအရာ ဖြစ်တာကြောင့်…အိမ်ထောင်ရေး အားနဲချိန်ကြုံနေသော အိမ်ထောင်စုများအဖို့….အစိမ်းရောင်ရှိသော ပရိဘောဂအသုံးအဆောင်များ ကို လျှော့ချ သုံးစွဲဖို့လိုအပ်ပါလိမ့်မယ်။

တစ်ကယ်လို့ အိမ်ထောင်ရေး မသာမယာဖြစ်နေပြီး ယတြာအဖြစ်တစ်စုံတစ်ရာ လုပ်ဆောင်လိုသူများ ရှိခဲ့မယ်ဆိုရင်တော့ …..တနင်္လာနေ့ နံနက်စောစောမှာ…သီးညွန့်ကို ဘုရားမှာ အပတ်စဉ်ကပ်ပေး သင့်ပါတယ်။ မကပ်မီမှာ ..ရေမွှေးထည့်ထားသော ရေနဲ့ ဘုရားကို ရေအရင် သပ္ပါယ်သင့်ပါကြောင်း…။

(၅) ကျန်းမာရေး
=========
ပူလွန်းသော အေးလွန်းသော အစားအစာများ ရှောင်ကျဉ်သင့်ချိန်ပါ။ ကျောက်ကပ်နဲ့ အစာအိမ်ပိုင်းဆိုင်ရာ မှာ ဥပါဒ်အနဲငယ်ကပ်ညိ လွယ်သော ကာလဖြစ်ပါတယ်။ အမျိုးသမီးများအဖို့တော့ …ရင်သားနဲ့ မီးယပ်ပိုင်း ဆိုင်ရာ ဂရုပြုရမယ့်ကာလပါပဲ။ သာမန်အားဖြင့်ကတော့ …ချောင်းဆိုးခြင်း၊ အခြားသူထံမှ ရောဂါဘယ ကူးစက်တတ်ခြင်းနဲ့ …ခြေခါး နာကျင်တတ်ခြင်းများ ကျရောက်လာတတ်ချိန်လို့ မှတ်ယူနိုင်ပါတယ်။
ကျန်းမာရေးအတွက် ယတြာကတော့…သက်ကြီးရွယ်အိုများကို …အားဆေး(အရည်) ၊ ကြက်ပေါင်းရေ၊ ငှက်သိုက် စသဖြင့်တို့ …လှုဒါန်းခြင်းပဲ ဖြစ်ပါတယ်။

(၆) ပညာရေး
=========
ပညာသင်ကြားရေးမှာ ရန်အနှောက်အယှက် အပြိုင်အဆိုင်များတတ်သော ကာလ ဖြစ်ပါတယ်။ သို့သော်... ဇွဲရှိပြီး ..မိမိကိုယ်ကိုယ် အရည်အသွေး တိုးတက်အောင် ကြိုးစားနေသူများအဖို့တော့ ...အရမ်းတန်ဖိုး ရှိတဲ့ ကျောင်းမျိုးတွေ ၊ စူပါကျောင်း စူပါသင်တန်းတွေ တက်ခွင့်ရတတ်သော ကာလဖြစ်ပါတယ်။
အထူးသဖြင့် နိုင်ငံရပ်ခြားဆိုင်ရာ ...သင်တန်းနဲ့ ကျောင်းများကို ပိုမိုအားပြုလျှောက်ထား ကြိုးစားကြည့် သင့်ကြသော ကာလမျိုး ဖြစ်ပါတယ်။

အထွေထွေ
======
သည်တစ်နှစ်ဟာ တနင်္ဂနွေသားသမီးများ စွာ အဖို့ ခရီးသွားလာနေစဉ် အန္တရယ်ကြုံရတတ်ခြင်းမျိုးကံ သင့်ရောက်နေချိန်ပါ။ ဥပါဒါန် ဖြစ်မှာစိုးပေမယ့် …ဒီအချက်ကို မဖော်ပြဘဲ ထားခဲ့လို့လည်း မသင့်တာကြောင့် ထည့်သွင်းရေးသားလိုက်ရခြင်းသာ ဖြစ်ပြီး….အစိုးရိမ်ကြီးမှု နဲ့ ကြောင့်ကြမှု မများဖို့တော့ တင်ကြိုနှလုံးသွင်းထားစေလိုပါတယ်။

တနင်္ဂနွေနေ့ဖွားများထဲမှာမှ…နာမည်အဖျားစာလုံး( နာမည်အဆုံးစာလုံး) ကို တနင်္ဂနွေနံ (အ၊ဥ) ဖြင့် ………….အေးအေးအောင်၊ အောင်နိုင်ဦး ၊ စသည်ဖြင့် မှည့်ခေါ်ထားသူများ နဲ့ တနင်္ဂနွေဂြိုဟ် အင်အားကြီး စိုးသော နာမည်ရှင်များ ဖြစ်သည့် ( ဥပမာအားဖြင့် …လင်းနေခြည်၊ သူရိန်ထွန်း၊ နေလင်း ၊ သူရမင်း၊ အဂ္ဂမောင် …စသည်ဖြင့်သော) နာမည်ရှင်များ အတွက်….ခရီးသွားလာစဉ် အန္တရယ်ကံ ပိုမို အင်အား များနိုင်ပါတယ်။

ဒီနာမည်ရှင်တွေ ထဲမှာမှ မူလဇာတာ နဲ့ ဖြတ်သန်းနေဆဲ အသက်ပိုင်းခြား( ဒသာများ အရ) တိုက်ဆိုင်နေခဲ့ မယ်ဆိုရင်သာ ထိုကံသည် အနဲနဲ့အများ၊ အထူအပါး ကွဲပြားစွာ ကံအင်အား သက်ရောက်မှု ရှိလာပါမယ်။ ထားပါစို့..။

ဆက်ရမယ် ဆိုရင် …သည်တစ်နှစ်မှာ …တနင်္ဂနွေနေ့ဖွားများအဖို့ ပရဟိတ လုပ်ငန်းများ နဲ့ ပတ်သက် ဆက်နွယ်နေမှု ရှိပါမှ …ကံအညံ့ကင်းလွတ်သက်သာမှု ရှိမယ့် ကာလဖြစ်ပါတယ်။

ရန်သူ အတိုက်အခံ ပေါများတတ်ချိန်လည်း ဖြစ်တာမို့…ခန္ဓသုတ်တော်ကြီးကို မမေ့မလျော့ မပေါ့မဆ တစ်ဖွဖွ ရွတ်နေပါမှ ..သင့်မယ့်ကာလပါ။

အထင်ရှားဆုံးကံတစ်ခုကတော့ ကိုယ့်မှာရှိထားတဲ့ ပိုင်ဆိုင်မှု ပိုင်ဆိုင်ခွင့်တွေကို မတော်မတရား ရှယ်ယာလာခွဲချင်နေကြတဲ့ ရန်သူမျိုးတွေ ပေါ်လာတတ်ခြင်း ကံပါပဲ။ ရန်သူတွေက အားကောင်းပြီး ကိုယ့်ကို ညီညီညွတ်ညွတ်ဝိုင်းတိုက်ကြ၊ ကိုယ့်ကိုယ် ၀ိုင်းပယ်ချင်ကြတဲ့ သည်ကာလမျိုးမှာ…စိတ်ရှည်သီးခံနိုင်ခြင်း ဟာ အကောင်းဆုံး အမြတ်ဆုံး ယတြာသာ ဖြစ်ပါလိမ့်မယ်။

အကယ်၍ သဘာဝ ယတြာ အဖြစ် ဆောင်ရွက်လိုသေးတယ်ဆိုရင်တော့ … သိပ်ပြီးရန်များလာတဲ့ အချိန်မှာ. … စနေဂြိုဟ်တိုင်ထောင့်မှာ … စနေနံ အညွန့်အခက်တွေကိုလှုဒါန်းရင်း…စနေဂြိုဟ်မင်းကို အထူးမေတ္တာပို့သ ပြီးတဲ့နောက်…ရန်သူများကို တားဆီးပေးဖို့ ဆုတောင်းနိုင်ပါတယ်။ (ဒီတစ်နှစ်မှာ ကိုယ့်ရန်သူတွေကို တားနိုင်တာကတော့ သူပါပဲ။ )

ကဲ…ယုံတာ မယုံတာနောက်ထားလို့…………ဆောင်းပါးရှည်နေပြီမို့….အနှစ်ချုပ်ကြပါစို့..။
သည်တစ်နှစ်မှာ အားအသာနိုင်ဆုံးအချက်ကတော့ ….နေရာကောင်းရလွယ်တတ်သောကံပါပဲ။ ထို့အတူ မိမိတို့ကို နောက်ကွယ်ကနေ ထောက်ပံ့ပေးမည့် ပုဂ္ဂိုလ်များ ပေါ်ပေါက်လာတတ်သော ကာလဖြစ်ပါတယ်။ အထူသဖြင့် နာမည်အဖျားစာလုံးကို ( ရ ဖြင့်) မှည့်ခေါ်ထားသော တနင်္ဂနွေနေ့ဖွားများ (ဥပမာအားဖြင့် …လင်းမိုးရွှေ၊ မိုးမြင့်ရွှေ၊ အောင်သူရ၊ အောင်ရင် …စသည်ဖြင့်) မှည့်ခေါ်ထားသော အမည်ရှင်များ ဤကံ အကျိုးပေးကို ပိုမိုရရှိကြပါလိမ့်မယ်။

အရင်းအနှီးမရှိကြသေးသူများ အရင်းအနှီးရလွယ်သော နှစ်မျိုး ဖြစ်ပြီး၊ ထီးကံစမ်းလိုသူများ …ခရီးသွားရင် လာရင်းဖြစ်စေ…ရပ်ဝေးကထီဆိုင်ကနေ ထီကံစမ်းသင့်သော အချိန်ပါ။
နိုင်ငံရပ်ခြား ဆိုင်ရာကံ နဲ့ လူမျိုးကွဲ ဘာသာကွဲများ ဆိုင်ရာ ကံ အင်အား ကောင်းနေချိန်မို့... ယင်းတို့နဲ့နှီးနွ ယ်ဆက်စပ်နေသော ..နယ်ပယ်ရပ်ဝန်းတို့မှနေပြီး အကျိုးကျေးဇူးရရှိနိုင်သော ကာလလည်း ဖြစ်ပါတယ်။

သည်တစ်နှစ်အတွက် အရေးအကြီးဆုံး အချက်က ……….
တနင်္ဂနွေနေ့မှာ ဖြစ်နိုင် သမျှ ခရီးမသွားသင့်ခြင်း ဖြစ်ပြီး….
ဇွဲရှိခြင်း သည် ယခုနှစ်အတွက် အကောင်းဆုံး ယတြာသာ ဖြစ်ပါလိမ့်မယ်ခင်ဗျား..။

တနင်္ဂနွေသားသမီးအပေါင်း သူတော်ကောင်းတို့သည် …စိတ်၏ ချမ်းသာခြင်း..ကိုယ်၏ ချမ်းသာခြင်းဖြင့် ပြည့်ဝ ချမ်းသာ နိုင်ကြပါစေကုန်သတည်း..။

စာဖတ်သူအားလုံးကို လေးစားမြတ်နိုးစွာဖြင့်
ကိုစိုးမိုးထွန်း(ဗေဒင်ပညာသုတေသီ) သုတေသီ ဝေသာလီမောင်ဖုန်း
ကိုစိုးခိုင်
www.mahabote.org
phone 09 31817287
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...