နိုင်ငံခြားခရီး သွားရာဝယ် စိတ်ပူပန်မှု နည်းစေနိုင်ဖို့

အခုလို တိုးတက်နေတဲ့ခေတ်ကာလမှာ လူတွေဟာ အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံခြားခရီးသွားလာမှုတွေပိုမို များပြားလာကြပါတယ်။ တစ်ကိုယ်ရည် တစ်ကာယ သွားလာရသူတွေ ရှိသလို ၊ အုပ်စုလိုက်၊ အပေါင်း အဖော် နဲ့သွားရ လာကြ ရတာတွေလည်း ရှိပါ တယ်။ အမြဲပုံမှန် သွားလာသူတွေ အတွက် ကတော့ နိုင်ငံခြား ခရီးစဉ်တစ်ခုဟာ ပုံမှန်ရိုးရိုးလေး လို ခံစားနိုင်ပေမယ့် ပထမဆုံးအတွေ့အကြုံ သမားတွေ အတွက်တော့ စိတ်လှုပ်ရှား ဖိစီးမှုတွေ ရှိတတ်ကြပါတယ်။ အထူးသဖြင့် ခရီးစဉ်အကူး အပြောင်း များတဲ့ ခရီးရှည်တွေဆိုရင် ပိုလို့ စိတ်ဖိစီးမှု များတတ်ကြပါတယ်။ ခရီးစဉ်ကာလအတွင်းမှာ မမျော် လင့်ထားတဲ့လွဲချော်မှုတွေ၊ ရင်ဆိုင် ရမှုတွေ ကြုံတွေ့ကြရတတ်ပါတယ်။ ဒီလိုမမြင်နိုင်တဲ့ အကြောင်း တရားတွေ အတွက် လက်တွေ့ ကျကျဖြေရှင်းပြီး ဖြတ်ကျော်နိုင်ဖို့ ဘယ်လို ဆောင်ရွက်ကြမလဲ။

ခရီးစဉ်အတွက် အချိန်ယူ ကြိုတင်ပြင်ဆင်ခြင်း

ခရီးတစ်ခုကိုသွားဖို့ပြင်ဆင်ပြီဆိုရင် ပေါ့ပေါ့ပါးပါးလေး စိတ်ထဲမှာ ထားပြီး ပြင်ဆင်ခြင်း၊ အချိန်ယူပြီး ပြင် ဆင် ထားနိုင်ခြင်းတို့လိုပါတယ်။ အချိန်ယူပြင်ဆင်ပြီး ပစ္စည်းထုပ်ပိုးနိုင်မှု၊ ပစ္စည်းတွေကို သိုသိုသိပ်သိပ်နဲ့ ဝန်နည်းအောင် ထုပ်ပိုးနိုင်တဲ့ ခရီးဆောင်အိတ်မျိုးတွေကို အသုံးပြုနိုင်မှုတို့ဟာလည်း ခရီးစဉ်အတွင်း မှာ ကြုံတွေ့ရနိုင်တဲ့ဖိစီးမှုတွေကို ကင်းဝေးစေနိုင်ပါတယ်။ခရီးတစ်ခုအတွက် သတ်မှတ်ထားတဲ့အချိန်ထက် ပိုမိုရောက်နေဖို့လိုအပ်ပါတယ်။ တစ်ခါတစ်ရံ မိမိ မမျော်လင့်ထားတဲ့ကိစ္စမျိုး ရင်ဆိုင်လာရချိန်မှာ ဖြေ ရှင်းပြင်ဆင်ချိန် ပိုမိုရရှိစေခြင်းဘဲဖြစ်ပါတယ်။ဒီလို အချိန်ယူပြင်ဆင်ထားခြင်းဖြင့် မိမိရဲ့စိတ်ထဲမှာ မလိုလားတဲ့ စိတ်ဖိစီးပင်ပန်းမှုတွေ ကင်းဝေးစေနိုင်မှာဖြစ်ပါတယ်။

ခရီးဆောင်အထုပ်ကိုပေါ့ပေါ့လေး ထုပ်ပိုးခြင်း

ခရီးသွားဖို့အတွက် ထုပ်ပိုးပြင်ဆင်ကြရာမှာ ထုပ်ပိုးမှုအိုင်ဒီယာကလည်း အရေးကြီးလှပါတယ်။မိမိအတွက် အရေးကြီးတဲ့ မရှိမဖြစ်ပစ္စည်းတွေကို တစ်အိတ်တည်းမှာ ပါသွားနိုင်အောင် ထုပ်ပိုးနိုင်ဖို့လိုပါတယ်။ တစ်ချို့ ခရီးဆောင်အိတ်တွေမှာ ပစ္စည်းတွေကို တစ်အိတ်တည်းနဲ့ နေရာခွဲပြီး များများထည့်ပေးနိုင်တဲ့ အိတ်မျိုးတွေ ရှိပါတယ်။ ဒီလိုအိတ်မျိုးက ပစ္စည်းတွေကို စုံလင်ပေါ့ပါးစွာနဲ့ တစ်ပါတည်း သယ်သွားနိုင်တဲ့ အိတ်မျိုးဖြစ် တာကြောင့် ရွေးချယ်ဝယ်ယူ သင့်ပါတယ် ။လေဆိပ်မှာ ပစ္စည်းတွေပုံပြီး ဖရိုဖရဲဖြစ်နေမယ့် အနေအထား တစ်ခုကို ရှောင်ရှားနိုင်မှာလည်းဖြစ်ပါတယ်။ ပေါ့ပါးစွာနဲ့ ခရီးသွားနိုင်တာကြောင့် စိတ်ဖိစီးမှုတစ်ခု ကိုလျော့ချနိုင်ခြင်းဘဲဖြစ်ပါတယ်။

မိမိကိုယ်နဲ့အတူ အရေးပေါ်အိတ်လေး တစ်လုံးဆောင်ထားခြင်း


ခရီးတစ်ခုကိုသွားကြရတဲ့အခါ လူတွေမှာ မိမိကိုယ်နဲ့မကွာ ဆောင်ထားရမယ့် အိတ်ဆောင်ဆိုတာ မရှိမဖြစ် လိုအပ်ပါတယ်။ပတ်စပို့ကို အလွယ်တကူ ထုတ်ပြစစ်ဆေးခံနိုင်ဖို့ အိတ်လေးထဲမှာ ဆောင် ထားခြင်း၊ လွယ်ကူစွာ ရေးသားနိုင်တဲ့ မှတ်စုစာအုပ်၊ အရေးကြီး စာရွက်စာတမ်း၊မရှိမဖြစ်အသုံးပြုရမယ့် တစ်ကိုယ်ရည်တစ်ကာယသုံးပစ္စည်းတွေ၊ ရှောင်တစ်ခင် လဲလှယ် ဝတ်ဆင်နိုင်ဖို့ အဝတ်အထည်တွေ၊ ရာသီ အပြောင်းအလဲ ကြုံလာတာနဲ့အမျ ကိုယ်အပူချိန်ကိုထိန်းညှိုနိုင်ဖို့ အနွေးထည်၊မုန့်ပဲ သရေစာ၊ ရေသန့်ဘူး အစရှိတဲ့ အခြေခံပစ္စည်းလေးတွေကို ဆောင်ထားဖို့လိုပါတယ်။

မမျော်လင့်ထားတဲ့လွဲချော်မှုတွေကို လက်တွေ့ကျကျ ဖြေရှင်းခြင်း

တစ်ခါတစ်ရံ ခရီးစဉ်အတွင်းမှာ မမျော်လင့်ထားတဲ့ လွဲချော်မှုတွေ ကြုံတွေတတ်ကြရပါတယ်။ အဲဒီလို အချိန်တွေမှာ သက်ဆိုင်ရာ ဝန်ထမ်းတွေကို မေးမြန်းစုံစမ်းပြီး ဖြေရှင်းကျော် လွှားနိုင်ပါတယ်။ အဓိ ကတော့ မေးမြန်းစုံစမ်းမှုကို အားနာတွန့်ဆုတ်နေစိတ်မျိုးမဖြစ်စေဘဲ ရဲရဲဝံ့ဝံ့ စုံစမ်းမေးမြန်းဖြေရှင်း တတ်ဖို့ဘဲဖြစ်ပါတယ်။ မြန်မာဆိုရိုးစကားတစ်ခုဖြစ်တဲ့ “ပါးစပ်ပါရင် ရွာကိုရောက်”ဆိုသလိုမျိုး မိမိရောက်နေတဲ့ အရပ်ဒေသမှာ မသိနားမလည်တာတွေ၊ အာရုံထွေပြားမှုတွေကြုံနေတဲ့ အချိန်မှာ အနီး အနား ဝန်းကျင်တွေ၊ သက်ဆိုင်ရာ ဝန်ထမ်းတွေကိုမေးမြန်းစုံစမ်းခြင်းဖြင့် မိမိရဲ့ မရှင်းလင်းမှုတွေကို ဖော် ထုတ်ဖြေ ရှင်းနိုင်စေမှာဖြစ်ပါတယ်။

မိမိစိတ်ကိုပြင်ဆင်ထားခြင်း

မိမိရဲ့မွေးရပ်တိုင်းပြည်ဒေသ မဟုတ်တာကြောင့် ရောက်ရှိနေတဲ့ နိုင်ငံအပေါ်မှီတည်ပြီး လိုက်လျော ညီထွေစွာ နေနိုင်ဖို့ မိမိစိတ်ကို ပြင်ဆင်ထားဖို့လိုပါတယ်။ ရာသီဥတုအခြေအနေမတူညီမှု၊ အစား အသောက်ပြောင်းလဲသွားမှု၊ နေထိုင်ရာပတ်ဝန်းကျင်ပြောင်းလဲသွားမှုအပေါ် အသားတကျ ဖြစ်နေစေဖို့ လိုက်လျောညီထွေထားတတ်တဲ့စိတ်ကို မွေးမြူ တတ်ဖို့လိုပါတယ်။ဒီလို မိမိရဲ့စိတ်ကို ပြင်ဆင်ပြီး အလိုက် အထိုက်မွေးမြူနေထိုင်သွားနိုင်ခြင်းဟာလည်း စိတ်ရဲ့ဖိစီးမှုတွေကိုလျော့ကျ ကင်းဝေးစေနိုင်ရုံမက စိတ်ရဲ့ ကျန်းမာခြင်း၊ကိုယ်ရဲ့ကျန်းမာခြင်းနဲ့ ပေါ့ပါးစွာ နေနိုင်ခြင်းဘဲဖြစ်ပါတယ်။

ဒါကြောင့် ပြည်ပခရီးကို သွားကြရသူတွေအတွက် ပထမဆုံးအတွေ့အကြုံတွေမှာ ပေါ့ပါးစွာ ရင်ဆိုင်ဖြတ် သန်းနိုင်ကြဖို့၊ ဖိစီးမှု ကင်းကင်းနဲ့ သွားလာနိုင်ကြဖို့မိမိလုပ်နိုင်တဲ့ အရာတွေကိုပြင်ဆင် သွားနိုင်ကြစေ ဖို့ ဖော်ပြပေးလိုက်ပါတယ်။

Yangon Life
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...